(၁)၂၀၁၅ ခုနှစ် ဇူလိုင် ၈ ရက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်သုံးရပ် ဆင့်ကဲ ထုတ်ပြန်ပါတယ်။(က) အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်မှာ ပြုလုပ်မယ်။(ခ) လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမယ့် နေ့ရက်တွေနဲ့ စိစစ်မှု ပြုလုပ်မယ့် နေ့ရက်တွေ ကြေညာပါတယ်။(ဂ) လက်ရှိ အစိုးရအဖွဲ့ဝင်တွေ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေး လုပ်ငန်းလုပ်ဖို့ ခွင့်ပြုချက် ဖြစ်ပါတယ်။ဒီထုတ်ပြန်ချက် သုံးရပ်မှာ ထူးခြားတဲ့ အချက်အလက်တွေ ရှိပါတယ်။အထူးသဖြင့် လက်ရှိ အစိုးရအဖွဲ့ဝင်တွေကို အခြားသော နိုင်ငံရေး ပါတီတွေထက် ရက် ၆၀ ကြိုတင်မဲဆွယ်ခွင့် ပြုလိုက်တာပါ။
(၂)
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲလုပ်မယ့် နေ့ကို ရက်ပေါင်း ၁၂၂ ရက် ကြိုတင် ကြေညာပါတယ်။၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အချိန်ခြောက်လ၊ ရက်ပေါင်း ၁၈၀ ကျော် ကြိုတင် ကြေညာခဲ့ပါတယ်။၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ အချိန် သုံးလ၊ ရက်ပေါင်း ၉၀ ကျော် ကြိုတင် ကြေညာပါတယ်။ဒါကြောင့် ၂၀၁၅ ခုနှစ်အတွက် ရွေးကောက်ပွဲ လုပ်မယ့်နေ့ကို ကြေညာတဲ့အခါ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဟာ ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၂ ခုနှစ်မှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေထက် အချိန်တစ်လကျော် ကြိုတင် ကြေညာပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ဒါ့အပြင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းဖို့ကို ရက် ၂၀ အချိန်ပေးပြီး ကိုယ်စားလှယ်လောင်း စိစစ်ခြင်းအတွက် အချိန် ၁၀ ရက် ယူခဲ့ပါတယ်။ ဒါကလည်း ယခင် ရွေးကောက်ပွဲတွေနဲ့ နှိုင်းယှဉ်ရင် ခြားနားမှုတွေ ရှိနေပါတယ်။၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းကို အချိန် ၁၅ ရက် ပေးခဲ့ပါတယ်။ ကိုယ်စားလှယ်လောင်း စိစစ်ခြင်းအတွက် အချိန်ငါးရက် ယူပါတယ်။၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာလည်း အမည်စာရင်း တင်သွင်းခြင်းအတွက် ၁၅ ရက်၊ စိစစ်ခြင်းအတွက် ငါးရက် သတ်မှတ်ပါတယ်။ဒီနေရာမှာ ရွေးကောက်ပွဲ ကြေညာတဲ့ နေ့ရက်နဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင် တင်သွင်းနိုင်တဲ့ နေ့ရက် သတ်မှတ်ပုံတွေ မတူပါဘူး။၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲလုပ်မယ့် နေ့ကို သြဂုတ် ၁၁ ရက်မှာ ကြေညာတယ်။ သြဂုတ် ၁၆ ရက်မှာ အမည်စာရင်း တင်သွင်းဖို့ သတ်မှတ်ခဲ့ပါတယ်။ အချိန် ငါးရက်ပဲ ပေးခဲ့ပါတယ်။၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ လုပ်မယ့်နေ့ကို ဒီဇင်ဘာ ၂၉ ရက်မှာ ကြေညာပါတယ်။ အမည်စာရင်းကို ဇန်နဝါရီ ၁၆ ရက်မှာ တင်သွင်းခိုင်းပါတယ်။ အချိန် ၁၇ ရက် ပေးခဲ့ပါတယ်။အခု ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ လုပ်မယ့်နေ့ကို ဇူလိုင် ၈ ရက်မှာ ကြေညာပါတယ်။ ဇူလိုင် ၂၀ ရက်မှာ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းဖို့ သတ်မှတ်တာကြောင့် အချိန် ၁၂ ရက်ပဲပေးတယ်လို့ ယူဆနိုင်ပါတယ်။
(၃)
သမိုင်းကို ကြည့်ရင်တော့ ပြီးခဲ့တဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံရေး ပါတီတွေအတွက် ပြင်ဆင်ချိန် အများကြီး ရခဲ့ပါတယ်။၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်မှာ လုပ်မယ့် ရွေးကောက်ပွဲအတွက် ကျင်းပမယ့် နေ့ရက်ကို ၁၉၈၉ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှာ ကြေညာပါတယ်။ အချိန်ခြောက်လကျော် ကြိုတင်ကြေညာတာပါ။ အဲဒီနေ့မှာပဲ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမယ့်နေ့ကို တစ်ပါတည်း ကြေညာပါတယ်။ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းဖို့အတွက် အချိန်ခြောက်လကျော် ပြင်ဆင်မှု ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ကိုယ်စားလှယ်လောင်း တင်သွင်းခြင်းအတွက် အချိန် ငါးရက် သတ်မှတ်ခဲ့ပြီး စိစစ်မှုကိုလည်း အချိန်ငါးရက် ယူခဲ့ပါတယ်။၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း တင်သွင်းရက်၊ စိစစ်မယ့်ရက်တွေ တိုးမြှင့်ထားတယ် ဆိုပေမယ့် နိုင်ငံရေး ပါတီတွေအတွက် ကြိုတင်ပြင်ဆင်ချိန် ၁၂ ရက်ပဲ ရပါလိမ့်မယ်။ကြိုတင်သတိပေးတဲ့ အချိန် ၁၂ ရက်၊ အမည်စာရင်း တင်သွင်းဖို့ သတ်မှတ်ရက် ၂၀၊ ၃၂ ရက်အတွင်း ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေ ပြင်ဆင်ကြရမှာ ဖြစ်ပါတယ်။
(၄)
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သူတို့ ဝက်ဘ်ဆိုက်မှာ ဇူလိုင် ၁၂ ရက်အထိ ထုတ်ပြန်ထားချက်အရ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၈၆ ပါတီ ရှိနေပါတယ်။ဒီထဲမှာ တိုင်းရင်းသား ပါတီတွေ ပိုများပါတယ်။ အရေအတွက်အားဖြင့် တိုင်းရင်းသားပါတီ ၅၂ ပါတီနဲ့ ကျန်တဲ့ပါတီ ၃၄ ပါတီ ရှိပါတယ်။၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၉၃ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ ၂၇ ပါတီက ကိုယ်စားလှယ်တွေ ရွေးကောက်ခံရပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အများဆုံးပါပဲ။ ကိုယ်စားလှယ် ၃၉၂ ဦး ရွေးချယ်ခံရပါတယ်။ ဒုတိယ အများဆုံးက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဖြစ်ပြီး ၂၁ ဦး အနိုင်ရပါတယ်။ တတိယက ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဖြစ်ပြီး ၁၁ ဦး ဖြစ်ပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ၁၀ ဦးပဲ ရွေးချယ်ခံရပြီး ကျန်တဲ့ ၂၃ ပါတီမှာ အများစုက ကိုယ်စားလှယ် တစ်ဦးစီပဲ ရွေးခံခဲ့ရပါတယ်။၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၃၇ ပါတီနဲ့ တစ်သီးပုဂ္ဂလ ၈၂ ဦး ဝင်ပြိုင်ခဲ့ပါတယ်။ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၃၀၅၉ ဦး ဝင်ပြိုင်ခဲ့ကြတာပါ။ NLD ဝင်မပြိုင်ပါဘူး။ရွေးကောက်ပွဲအပြီးမှာ လွှတ်တော်သုံးရပ်ပေါင်းမှာ နိုင်ငံရေးပါတီ ၂၂ ပါတီနဲ့ တစ်သီးပုဂ္ဂလ ခြောက်ဦး အနိုင်ရခဲ့ပါတယ်။ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းမှာ နိုင်ငံရေးပါတီ ၁၅ ပါတီနဲ့ တစ်သီးပုဂ္ဂလ တစ်ဦးစီ အနိုင်ရခဲ့ပါတယ်။အများဆုံး အနိုင်ယူသွားတာက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဖြစ်ပြီး လွှတ်တော်သုံးရပ်ပေါင်း ကိုယ်စားလှယ် ၈၈၂ ဦး အနိုင်ယူခဲ့ပါတယ်။ ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော်မှာ ၂၅၉ ဦး အနိုင်ယူပြီး ၇၉ ဒသမ ၇ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်မှာ ၁၂၉ ဦးနဲ့ ၇၆ ဒသမ ၈ ရာခိုင်နှုန်း အသာစီးယူပြီး အနိုင်ရအောင် လုပ်ခဲ့ပါတယ်။ ကျန်တဲ့ နိုင်ငံရေးပါတီတွေ သူတို့လောက် နေရာ မရခဲ့ပါဘူး။၂၀၁၂ ခုနှစ် ရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၁၆ ပါတီ ဝင်ပြိုင်ခဲ့ပါတယ်။ NLD ဝင်ပြိုင်ပါတယ်။ကြားဖြတ်ရွေးကောက်ပွဲ အပြီးမှာ NLD အပြတ်အသတ် နိုင်ပါတယ်။ ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ် ၃၇ နေရာမှာ ၃၇ နေရာလုံး ရာနှုန်းပြည့် အနိုင်ရခဲ့ပါတယ်။ အမျိုးသားလွှတ်တော် လစ်လပ်မဲဆန္ဒနယ် ခြောက်နေရာမှာ လေးနေရာ နိုင်ပါတယ်။ ကျန်တဲ့ နှစ်နေရာမှာ ပြည်ခိုင်ဖြိုးက တစ်နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက တစ်နေရာနိုင်ပါတယ်။ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် လစ်လပ်မဲ ဆန္ဒနှစ်နေရာမှာလည်း နှစ်နေရာလုံးကို NLD ပဲ ရာနှုန်းပြည့်နိုင်ပါတယ်။၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အပြီးမှာ လွှတ်တော်သုံးရပ် နိုင်ငံရေးပါတီတွေရဲ့ နေရာယူမှု ပြောင်းသွားပါတယ်။ NLD က ပြည်သူ့လွှတ်တော်မှာ ၁၁ ဒသမ ၈ ရာခိုင်နှုန်း နေရာယူပြီး ပြည်ခိုင်ဖြိုးပြီးရင် ဒုတိယနေရာ အများဆုံး ယူနိုင်တဲ့ ပါတီ ဖြစ်လာပါတယ်။ဒါပေမဲ့ ရွေးကောက်ခံ မဟုတ်တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ဘယ်သူကမှ မကျော်နိုင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် အခြားအရေးကြီးတဲ့ ကိစ္စတွေ အကုန် ရေစုန်မျောခဲ့ပါတယ်။
(၅)
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD က နေရာအများစု ဝင်ပြိုင်မယ်လို့ ဇူလိုင် ၁၁ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ဒါ့အပြင် ၁၉၉၀ ပြည့် ရွေးကောက်ပွဲအလွန် အရေးပါခဲ့တဲ့ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ကော်မတီ (CRPP) တိုင်းရင်းသား မဟာမိတ်တွေနဲ့ နားလည်မှုယူမယ်လို့ ပြောပါတယ်။ ဒါဟာ NLD နဲ့ တိုင်းရင်းသားတွေ အကြား ၁၉၉၀ ပြည့်နှစ် မဟာမိတ် အသွင်ဖြစ်လာဖို့ လမ်းစဖြစ်ခဲ့ပါတယ်။ဒီကြားထဲမှာပဲ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဒုတိယ နေရာအများဆုံး အနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) လည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ဝင်ပြိုင်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။နောက်တစ်ပိုင်းက လက်ရှိမှာ ရှိနေတဲ့ တိုင်းရင်းသား မဟာမိတ်နှစ်ဖွဲ့ ဖြစ်ပါတယ်။ တစ်ခုက စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နဲ့ တိုင်းရင်းသားညီနောင်များ ဖက်ဒရေးရှင်း (NBF) တို့ ဖြစ်ပါတယ်။ ဒီနှစ်ဖွဲ့မှာ UNA က ပို သြဇာကြီးပြီး သူတို့နဲ့ NLD အကြား နားလည်မှုရဖို့ လမ်းစတွေ ရှိလာနိုင်ပါတယ်။ဒီအချိန်မှာပဲ ပြည်ခိုင်ဖြိုးပါတီအပြင် လက်ရှိအစိုးရ အဖွဲ့ဝင်တွေကလည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရဖို့ ပြင်ဆင်တာတွေ ရှိလာပါတယ်။သူတို့က ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ ဝင်ပြိုင်ပြီး အနိုင်ရဖို့ မျှော်မှန်းထားပါတယ်။ကယားပြည်နယ်မှာဆိုရင် လူဦးရေနည်းပြီး၊ တပ်နယ်မြေဖြစ်တဲ့ ရှားတောနဲ့ ဘော်လခဲမှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့ ဝင်ပြိုင်ဖို့ ကြိုးစားခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ ဒီလိုကြိုးစားတာကို ပြည်ခိုင်ဖြိုးပါတီက ပယ်ချခဲ့ပါတယ်။ဒါပေမဲ့ အစိုးရအဖွဲ့က သူတို့ မျှော်မှန်းထားတာတွေကို ပြင်ဆင်မယ့်ပုံ မရှိပါဘူး။ ဒီအချိန်မှာပဲ သမ္မတ ဦးသိန်းစိန်နဲ့ သူငယ်ချင်းဆက်ဆံရေးရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင်တွေကို ဇူလိုင် ၈ ရက်ကစပြီး ပါတီမဲဆွယ် စည်းရုံးရေးတွေလုပ်ဖို့ ခွင့်ပြုလိုက်ပါတယ်။အခြားသော နိုင်ငံရေးပါတီတွေအဖို့ မဲဆွယ်စည်းရုံးရေး လုပ်ခွင့်ကို စက်တင်ဘာ ၈ ရက်မှ ရရှိမှာဖြစ်ပါတယ်။ဒါကြောင့် သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင်တွေ အနေနဲ့ သူတို့ ရွေးကောက်ပွဲဝင်ချင်တဲ့ ဒေသတွေအတွက် မဲဆွယ်စည်းရုံးခွင့်ကို အခြား နိုင်ငံရေးပါတီတွေထက် နှစ်လကြိုတင် ရရှိတယ်လို့ ပြောနိုင်ပါတယ်။ဒါက ကစားပွဲတစ်ခုကို ဝင်ပြိုင်မယ့် ပြိုင်ပွဲဝင်ချင်း အတူတူ (အရပ်ကစားပွဲ အခေါ်အဝေါ်) စည်းခိုးခွင့် ခြေလှမ်းကို တရားဝင် ရလိုက်သလို ဖြစ်သွားပါတယ်။ တစ်ဆက်တည်းမှာပဲ ဇူလိုင် ၁၂ ရက်မှာ သမ္မတ ဦးသိန်းစိန်ဟာ ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်ကို သွားခဲ့ပါတယ်။ အဲဒီ ကျောက်တန်းမြို့နယ်ဟာ သမ္မတဦးသိန်းစိန် အားထားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ဝင်ပြိုင်မယ်လို့ သတင်းထွက်နေတဲ့နေရာ ဖြစ်ပါတယ်။သာမန် တံတားဖွင့်ပွဲ တစ်ခုကို သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် တက်ရောက်တယ်၊ သူနဲ့အတူ သူအားထားတဲ့ ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်နေတယ်၊ ဒါဟာ မဲဆွယ်စည်းရုံးရေး လုပ်သလားဆိုတဲ့ သံသယဖြစ်ဖွယ် မေးခွန်း ရှိပါတယ်။နောက်ပြီး အခုချိန် မတိုင်မီ ခြောက်လနဲ့ လာမယ့် ကာလတွေမှာ ပြည်ထောင်စုဝန်ကြီးတွေရဲ့ ခရီးစဉ်တွေ၊ ဖွံ့ဖြိုးမှု ခေါင်းစဉ်နဲ့ သူတို့ သုံးစွဲနေတဲ့ ငွေကြေးတွေက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွက် ဖြစ်နေမယ်ဆိုရင် ဘယ်သူက တာဝန်ခံ ဖြေရှင်းမလဲဆိုတာ မေးခွန်းထုတ်ရမှာပါ။ မီဒီယာတွေ စောင့်ကြည့်နေပါတယ်။
(၆)
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ နိုင်ငံရေး ပါတီတွေဟာ မဲဆွယ်စည်းရုံးခွင့်ကို ရွေးကောက်ပွဲ မတိုင်မီ ရက် ၉၀ ကျော် အချိန်ရခဲ့ပါတယ်။၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးခွင့် ရက် ၈၀ ရပါတယ်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ရက် ၄၀ နီးပါး ရပါတယ်။၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေက မဲဆွယ်စည်းရုံးခွင့်ကို ရွေးကောက်ပွဲမတိုင်မီ ရက် ၆၀ ပဲရပြီး သမ္မတ အပါအဝင် အစိုးရ အဖွဲ့ဝင်တွေကတော့ ရက် ၁၂၀ ရပါတယ်။ဒီနေရာမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို မေးခွန်းထုတ်စရာ ရှိလာပါတယ်။အစိုးရ အဖွဲ့ဝင်တွေ မဲဆွယ်စည်းရုံးခွင့်ကို ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေအရ ပြဋ္ဌာန်းတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော်မှာ ဆွေးနွေးနေဆဲကာလ ဖြစ်ပါတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာကလည်း မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကိစ္စနဲ့ ပတ်သက်နေတာ ဖြစ်ပါတယ်။အထူးသဖြင့် သမ္မတနဲ့ အစိုးရ အဖွဲ့ဝင်တွေဟာ ပါတီလုပ်ငန်း ဆောင်ရွက်ခွင့် မရှိပေမယ့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေမှာ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေး လုပ်ငန်း လုပ်ခွင့်ပေးထားတာမို့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီအောင် လွှတ်တော်က ပြင်ဆင်လိုတာ ဖြစ်ပါတယ်။အဓိက အချက်က ‘ပါတီ’ စာသားကို ဖြုတ်ပယ်လိုတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ စည်းရုံးခွင့်တော့ ရှိမယ်။ ဒါပေမဲ့ ပါတီကိုယ်စား မပြုရဘူးဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ဒီလို ပြင်ဆင်မှုကို ပြည်သူ့လွှတ်တော်မှာ အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးနေပါတယ်။အမျိုးသားလွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သိန်းလွင်က ဒီပြင်ဆင်မှုကို လက်မခံကြောင်း ဆွေးနွေးထားပါတယ်။ဒီလို ပြင်ဆင်မယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကန့်သတ်သလို ဖြစ်မယ်၊ ဒီအတွက် မူလအတိုင်း ထားဖို့ ဒုတိယဗိုလ်မှူးကြီး သိန်းလွင်က ဆိုပါတယ်။ပြည်သူ့လွှတ်တော်မှာ ပြင်ဆင်ဖို့ အတည်ပြုထားပြီး အမျိုးသား လွှတ်တော်မှာ ဆက်လက် ဆွေးနွေးနေရဆဲ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပြင်ဆင်မှု မူကြမ်း မပြီးသေးခင်မှာ ပြင်ဆင်ဖို့ လုပ်နေတဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ အစိုးရ အဖွဲ့ဝင်တွေကို နယ်မြေစည်းရုံးရေး လုပ်ခွင့်နဲ့ မဲဆွယ်စည်းရုံးခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အဆောတလျင် ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ဥပဒေ ပြင်ဆင်မှု အတည်ပြုချက်ကို စောင့်ဆိုင်းသင့်ပေမယ့် မစောင့်ဘဲ လုပ်လိုက်တာဟာ လက်ရှိ သမ္မတ အပါအဝင် အစိုးရ အဖွဲ့ဝင်တွေကို အလေးသာအောင် ရွေးကောက်ပွဲ ကော်မရှင်က ပံ့ပိုးပေးသလားဆိုတဲ့ သံသယ ဖြစ်စေပါတယ်။အခုချိန်မှာတော့ သမ္မတ အပါအဝင် အစိုးရ အဖွဲ့ဝင်တွေဟာ ကျန်တဲ့ နိုင်ငံရေးပါတီတွေထက် တရားဝင် မဲဆွယ်စည်းရုံးခွင့် ရက် ၆၀ ပိုရထားပါတယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ မှတ်ပုံတင်ထားသော ပါတီများ(၁) မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေး ပါတီ (၂) တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ(၃) လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ(၄) ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေး ပါတီ(၅) ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) ပါတီ(၆) ဒီမိုကရက်တစ် ပါတီ (မြန်မာ)(၇) ကယန်းအမျိုးသား ပါတီ(၈) ရခိုင်ပြည်နယ် အမျိုးသားအင်အားစု ပါတီ(၉) ကရင်ပြည်သူ့ ပါတီ(၁၀) ‘ဝ’ အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီ(၁၁) တအာင်း (ပလောင်) အမျိုးသား ပါတီ(၁၂) မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ(၁၃) ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ(၁၄) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(၁၅) ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP)(၁၆) ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ(၁၇) ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားရေးအဖွဲ့ချုပ် ပါတီ(၁၈) အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ် ပါတီ(၁၉) ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ(၂၀) ဝံသာနု ဒီမိုကရက်တစ် ပါတီ(၂၁) ခေတ်သစ်ပြည်သူ့ ပါတီ(၂၂) ပြည်ထောင်စု ဒီမိုကရေစီ ပါတီ(၂၃) မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ(၂၄) ချင်းတိုးတက်ရေး ပါတီ(၂၅) အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ(၂၆) ‘ဝ’ ဒီမိုကရက်တစ် ပါတီ(၂၇) ဖလုံ - စဝေါ် ဒီမိုကရက်တစ် ပါတီ(၂၈) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီ(၂၉) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(၃၀) တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေး ပါတီ(၃၁) ကမန်အမျိုးသား တိုးတက်ရေး ပါတီ(၃၂) ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ(၃၃) အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ(၃၄) စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီ ပါတီ ကချင်ပြည်နယ် (စဒက)(၃၅) ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ(၃၆) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး ပါတီ(၃၇) ပြည်သူ့ဒီမိုကရေစီ ပါတီ(၃၈) အမျိုးသားဒီမိုကရေစီ ပါတီသစ် ပါတီ(၃၉) ဗမာပြည်သူ့ ပါတီ(၄၀) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(၄၁) မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ(၄၂) မြန်မာအမျိုးသား ကွန်ဂရက် ပါတီ(၄၃) ကရင် ဒီမိုကရက်တစ် ပါတီ(၄၄) မြိုတိုင်းရင်းသား ပါတီ(၄၅) တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ(၄၆) အရှိုချင်း အမျိုးသား ပါတီ(၄၇) ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ(၄၈) ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ ပါတီ(၄၉) မွန်အမျိုးသား ပါတီ(၅၀) ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ(၅၁) ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ် ပါတီ(၅၂) မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ(၅၃) အမျိုးသားညီညွတ်ရေး ကွန်ဂရက် ပါတီ(၅၄) ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ(၅၅) လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီ (ကယားပြည်နယ်)(၅၆) ကယားလူမျိုးစု ဒီမိုကရေစီ ပါတီ(၅၇) အမျိုးသားတိုးတက်မြင့်မားရေး ပါတီ(၅၈) ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ(၅၉) ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက် ပါတီ(၆၀) လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ဒူးလေးပါတီ)(၆၁) ထားဝယ်တိုင်းရင်းသားများ ပါတီ(၆၂) ဖက်ဒရယ်ပြည်ထောင်စု ပါတီ(၆၃) ကချင်ဒီမိုကရက်တစ် ပါတီ(၆၄) ပြည်ထောင်စု ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ) ပါတီ(၆၅) ရခိုင်အမျိုးသား ပါတီ(၆၆) ချင်းဒီမိုကရေစီ အဖွဲ့ချုပ်(၆၇) ခူမီး(ခမီး)အမျိုးသား ပါတီ(၆၈) လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ(၆၉) ကရင်အမျိုးသား ပါတီ(၇၀) မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီ(၇၁) မြိုအမျိုးသား ဒီမိုကရေစီ ပါတီ(၇၂) ဓနုအမျိုးသားများ အဖွဲ့ချုပ် ပါတီ(၇၃) ပြည်သူ့အကျိုးပြု ကျောင်းသားများ ဒီမိုကရေစီ ပါတီ(၇၄) လမ်းပြကြယ် ပါတီ(၇၅) ရှမ်းနီ (တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေး ပါတီ(၇၆) လူ့ဘောင်သစ် ပါတီ(၇၇) အင်းတိုင်းရင်းသားများ အဖွဲ့ချုပ် ပါတီ(၇၈) ၈၈ မျိုးဆက် ဒီမိုကရေစီ ပါတီ(၇၉) စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ် ပါတီ(၈၀) လော်ဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(၈၁) ခေတ်သစ်ပြည်ထောင်စု ပါတီ(၈၂) ရှမ်းပြည်နယ် အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီ(၈၃) မဟာမိတ် တောင်သူလယ်သမား ပါတီ(၈၄) အာခါ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ(၈၅) ဇိုတိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေး ပါတီ(၈၆) အမျိုးသားတိုးတက်ရေး ပါတီ
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ရွေးကောက်ပွဲ မပြုလုပ်နိုင်သော နယ်မြေများကချင်ပြည်နယ် (၁) ဝိုင်းမော်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု သုံးစု၊ (၂) အင်ဂျန်းယန်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၅ စု၊ (၃) ဆော့လော်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ငါးစု၊ (၄) ချီဖွေမြို့နယ်တွင် ကျေးရွာအုပ်စု တစ်စု၊ (၅) တနိုင်းမြို့နယ်တွင် ကျေးရွာအုပ်စု တစ်စု၊ (၆) ဆွမ်ပရာဘွမ်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၅ စု၊ (၇) မန်စီမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၇ စု၊ (၈) မိုးမောက်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကိုးစု၊ (၉) ရွှေကူမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု သုံးစုတို့ ဖြစ်သည်။ ကယားပြည်နယ် (၁) ဖရူဆိုမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု လေးစု၊ (၂) ဖာဆောင်းမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ငါးစုတို့ ဖြစ်သည်။ကရင်ပြည်နယ် (၁) ဘားအံမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၁ စု၊ (၂) လှိုင်းဘွဲ့မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၇ စု၊ (၃) ဖာပွန်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၇ စု၊ (၄) သံတောင်ကြီးမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၆ စု၊ (၅) မြဝတီမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု လေးစု၊ (၆) ကော့ကရိတ်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၄ စု၊ (၇) ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၆ စုဖြစ်ပြီး ရွေးကောက်ပွဲ မလုပ်နိုင်သည့် နယ်မြေများအနက် ကရင်ပြည်နယ်၌ အများဆုံး ဖြစ်ခဲ့သည်။မွန်ပြည်နယ် (၁) ဘီလင်းမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ခြောက်စု၊ (၂) ကျိုက်ထိုမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု သုံးစုတို့ဖြစ်သည်။ရှမ်းပြည်နယ် (၁) ပန်ဆန်းမြို့နယ် တစ်ခုလုံး (၂) နားဖန်းမြို့နယ် တစ်ခုလုံး (၃) ပန်ဝိုင်မြို့နယ် တစ်ခုလုံး (၄) မိုင်းမောမြို့နယ် တစ်ခုလုံးအပြင် ကျန်ရှိသော မြို့နယ်ရှစ်ခုမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၇ ခုတွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမှု မရှိခဲ့ပါ။















