၂၀၁၅ ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်အား စက်တင်ဘာ ၈ ရက်တွင် စတင်ရရှိမည်ဖြစ်သည်။
အဆိုပါ မဲဆွယ်စည်းရုံးခွင့်ကာလ ရက်ပေါင်း ၆၀ ၏ နောက်ဆုံးရက်သည် နိုဝင်ဘာ ၆ ရက်အဖြစ် သတ်မှတ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ စုံစမ်းသိရှိရပြီး စက်တင် ဘာ ၈ ရက်မှ စတင်ရေတွက်ပါက နိုဝင်ဘာ ၆ ရက်တွင် ရက်ပေါင်း ၆၀ ပြည့်မည်ဖြစ်သည်။
“အရင်ကလို မဟုတ်တော့ဘူး။ ကျွန်တော်တို့ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲလုပ်မှာကို။ Silent Day တစ်ရက်ပါတယ်။ နိုဝင်ဘာ ၇ ရက် မရဘူး။ ၆ ရက်နေ့အထိပဲ ရမယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ပြောကြားသည်။
ထို့အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားချက်အရ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင်တင်သွင်းနိုင်သည့်ရက်မှာ ဇူ လိုင် ၂၀ ရက် ဖြစ်ပြီး အမည်စာရင်းနောက်ဆုံးတင်သွင်းရမည့်ရက်မှာ သြဂုတ် ၈ ရက်ဖြစ်သည်။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးရက်မှာ သြဂုတ် ၁၁ ရက်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်မည့်ရက်မှာ သြဂုတ် ၁၂ ရက်မှ ၂၁ ရက်အထိ ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄ တွင် “နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့ မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ မိမိတို့ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ” ဟု လည်းကောင်း၊ ပုဒ်မ ၂၃၂ (ဋ) တွင် ပြည်ထောင်စုဝန်ကြီးများ၊ ပုဒ်မ ၂၃၄ (စ)တွင် ဒုတိယဝန်ကြီးများအတွက် သမ္မတနှင့် ဒုတိယသမ္မတများကဲ့သို့ အလားတူပြဋ္ဌာန်းချက်များ ပါဝင်သည်။
ထိုသို့ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကန့်သတ်ချက်ကြောင့် သမ္မတ၊ ဒုတိယသမ္မတ၊ ဝန်ကြီး၊ ဒုတိယဝန်ကြီးများသည် ၎င်းတို့၏ သက်ဆိုင်ရာပါတီလုပ်ငန်းများကို ရာထူးသက်တမ်းအတွင်း ဆောင်ရွက်ခွင့်မရှိသော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေအရ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးခွင့်ရှိသဖြင့် ၂၀၁၅ ခုနှစ် ဇူလိုင် ၈ ရက်မှစတင်၍ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် နယ်မြေစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
အလားတူ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်လည်း ရွေးကောက်ပွဲဝင်ရောက်မည်ဆိုပါက ပါတီစည်းရုံးရေးနှင့် နယ်မြေစည်းရုံးရေးလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ပြီ ဖြစ်သည်။
သို့သော် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် သက်ဆိုင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ အပါအဝင် အထက်ပါ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအသီးသီး၏ ဥပဒေများတွင် “ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်း” ဟု ပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီစေရန်ဟုဆိုကာ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီက “ပါတီ” ဆိုသည့်စကားရပ်အား ပယ်ဖျက်ရန် လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက ဖွဲ့စည်းပုံအခြေခံနှင့် ကိုက်ညီခြင်းမရှိ၍ ပြင်ဆင်သင့်ကြောင်း သဘောထားမှတ်ချက်ပေးခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်တွင် ဥပဒေကြမ်းများ အတည်ပြုရာ၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အချို့က ကန့်ကွက်မှုရှိခဲ့ပြီး ဥပဒေကြမ်းများအား ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ကာ လက်ရှိတွင် အမျိုးသားလွှတ်တော်၌ အဆိုပါ ဥပဒေကြမ်းများအား ဆွေးနွေးဆဲဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးခွင့် စက်တင်ဘာ ၈ ရက်တွင် စတင်ရရှိမည်















