တပ်မတော်တပ်ရင်း သုံးခု၊ ရဲစခန်းနှင့် ဌာနပေါင်းစုံရှိသော ကာမိုင်းမြို့ပေါ်ရှိ ဈေးဆိုင်များအား ကေအိုင်အေက အခွန်ကောက်ခံနေ

တပ်မတော်တပ်ရင်း သုံးခု၊ ရဲစခန်းနှင့် ဌာနပေါင်းစုံရှိသော ကာမိုင်းမြို့ပေါ်ရှိ ဈေးဆိုင်များအား ကေအိုင်အေက အခွန်ကောက်ခံနေ
Published 12 July 2015

ကချင်ပြည်နယ် ဖားကန့်မြို့နယ်  တပ်မတော်တပ်ရင်း သုံးခု၊ ရဲစခန်းနှင့် ဌာနပေါင်းစုံရှိသော ကာမိုင်းမြို့ပေါ်ရှိ ဈေးဆိုင်များ ကေအိုင်အေမှ အခွန်ကောက်ခံနေကြောင်း ဒေသခံများက ပြောကြားသည်။ 
 
လွန်ခဲ့သော အပတ်က မိုးကောင်း-ဖားကန့်လမ်းပေါ်တွင် ကေအိုင်အေလက်နက်ကိုင်အဖွဲ့ဝင်များက ကားကြီး၊ ကားငယ်ပေါ် မူတည်ပြီး တစ်သိန်းခွဲမှ လေးသိန်းအထိ ကောက်ခံမှုများ ရှိလာခဲ့ပြီးနောက်တွင် ကာမိုင်းမြို့ပေါ်အတွင်း ပြန်လည်ကောက်ခံလာခြင်း ဖြစ်သည်။ 
ယခုနှစ်ဆိုင်ခန်းများကို အခွန်ကောက်ခံရာတွင် ဆံသဆိုင်၊ ခေါက်ခွဲဆိုင်ငယ်များအား တစ်သိန်းခွဲ၊ လက်ဖက်ရည်ဆိုင်နှင့် ဆိုင်အလတ်စားများကို နှစ်သိန်း၊ ကုန်စုံဆိုင်၊ ရွှေဆိုင်များကို သုံးသိန်းနှုန်းဖြင့် ဇူလိုင် ၁၀ ရက်မှ စတင်ကာ ကောက်ခံနေပြီး ကာမိုင်းမြို့မှ ဆယ်မိုင်ကျော်ဝေးသည့် မိုးကောင်းမြို့နယ် နန့်ဟိုင်ကျေးရွာသို့ သွားရောက်ပေးပို့နေရကြောင်း ဒေသခံများက ပြောကြားသည်။
 
ကာမိုင်း ဒေသခံတစ်ဦးက “ဆက်ကြေး (အခွန်)က ဆိုင်တိုင်းလောက် ကောက်တာ။မြို့ထဲမှာ ဆိုင် ၁၀၀ ဝန်းကျင်လောက် ရှိမယ်။ မနေ့က သွားပေးတာချည်း ကျွန်မ မှတ်မိသလောက် လူ ၃၀ ကျော်တယ် ။ တီးတိုးပြောနေကြတာက တချို့ ကေအိုင်အေနဲ့ ရင်းနှီးတဲ့ဆိုင်တွေ လွတ်တယ်ပြောတယ်။ နှစ်တိုင်းလည်း ကြောက်ကြောက်နဲ့ ပေးနေရတာပဲ။ တချို့လည်း မပြေလည်တော့ ဘေးမှာ တောင်ဆွဲမြောက်ဆွဲပေါ့။ တအားကြီး မပြေလည်ရင်တော့ ရှော့ခိုင်းလို့ရတယ်။ ကောက်တဲ့ ကေအိုင်အေကလည်း ကာမိုင်းမှာနေတဲ့ လူလေး အရင်ကတောင် အစိုးရ ဖမ်းသေးတယ်။ မကြာဘူး။ သက်သေမခိုင်လို့ဆိုလား ပြန်လွတ်လာတယ်။ မနှစ်ကလည်း လယ်တွေကို ဧကလိုက် ဆက်ကြေးကောက်လို့ ပဋိပက္ခတွေ ဖြစ်သေးတယ်။ ပေးလည်း မပေးချင်ဘူး။ ဒါပေမဲ့ ဘယ်လိုမှ မဖြေရှင်းတတ်ဘူး။ နှစ်တိုင်း ကောက်နေတာ။ ကျွန်မတို့ မပေးရင် ဘယ်လိုလုပ်မယ်ဆိုတာ ဘယ်သူမှ အာမမခံဘူးလေ။ ကျွန်မတို့ မဲ့ထည့်ပေးလိုက်တဲ့ ဝန်ကြီး ဦးအုန်းမြင့်လည်း မဲထည့်ပေးပြီးကတည်းက ပေါ်ကိုမလာဘူး။ ဒီနေ့လည်း ဆက်ကြေးပေးဖို့ လူတွေ  သွားနေကြပြီ” ဟု ပြောကြားသည်။
 
ကာမိုင်းဒေသခံ ရပ်မိရပ်ဖဖြစ်သူတစ်ဦးက “ဆက်ကြေးတွေလည်း အရင်ကတည်းက ကောက်လာတာ။ ယခုက ငြိမ်းချမ်းရေးဆွေးနွေးတဲ့ အချိန်ဖြစ်နေပြီ။ ဒီအချိန်မှာတော့  မကောက်သင့်တော့ဘူးလို့ မြင်တယ်။ ကာမိုင်းမှာ တပ်ရင်း သုံးခုရှိတယ်။ ရဲစခန်းရှိတယ်။ ကျန်ဌာနတွေရှိတယ်။ ဘာမျှ မတတ်နိုင်ဘူး။ မရှိလည်းကောက် ရှိလည်းကောက်ဆိုရင် ကြာရင် ဒေသခံတွေကြားမှာ  ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်။ ဈေးဆိုင်ကောက်တော့ ဈေးတက်ရောင်းတာပဲ။ ဒေသခံတွေ ခံတော့ပဲ။  ကောက်တဲ့ လူတွေကလည်း ကာမိုင်းဒေသခံပဲ။ ဘယ်သူကောက်တာကအစ သိနေတဲ့လူတွေ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလည်း ကျွန်တော်တို့ဆီ ဘာမှမသက်ရောက်ဘူး။  နောက်တစ်ခုက တပ်မတော်လား အစိုးရလား ဒီမှာ ပြည်သူ့စစ်ဖွဲ့ဖို့ စိုင်းပြင်းနေတယ်။ သွေးထွက်သံယိုဖြစ်ကြတာနဲ့ ရေရှည်မှာ မဖြေရှင်းနိုင်တဲ့ ပြဿနာမျိုးဖြစ်မှာကို အရမ်းစိုးရိမ်တယ်”ဟု ပြောကြားသည်။
 
ယင်းကာမိုင်းဒေသတွင် ၂၀၁၁ ခုနှစ် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် တစ်ကြိမ် ကာမိုင်းရဲစခန်းအား ကေအိုင်အေမှ  သိမ်းယူခဲ့ပြီး ရဲဝန်ထမ်းအချို့နှင့် ယင်းတို့၏ ဆွေမျိုးများ အသက်ဆုံးရှုံးခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။
 
ယင်းကိစ္စနှင့် ပတ်သက်ပြီး ကာမိုင်းမြို့ မဲဆန္ဒနယ်ပါဝင်သည့် ဖားကန့် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအင်ဖရောင်ဂမ်အား မေးမြန်းရာ မသိရှိသေးကြောင်း ဖြေကြားခဲ့ပြီး ကချင်ပြည်နယ် ဒုလွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းမြင့်ကျော်က 
“အခု ကောက်တာတော့ ကျွန်တော်တို့တော့ မကြားမိသေးဘူး။ အရင်ကလည်း ကြိုကြားကြိုကြား ကြားနေတယ်။ အောက်ခြေပိုင်းက လက်နက်ကိုင်အဖွဲ့တွေ ကောက်တာပေါ့။ အောက်ခြေပိုင်းတွေ စားရေးသောက်ရေး ဖြေရှင်းဖို့ နည်းနည်းပါးပါးကောက်တဲ့ သဘောထင်ပါတယ်။ ဆက်ကြေးကောက်တာတော့ လွှတ်တော်ထဲ မှာ ဆွေးနွေးကြတာမရှိဘူး။ ငြိမ်းချမ်းရေးဆွေးနွေးမှု မပြီးသေးရင် ဒါမျိုးတွေ အနည်းအကျဉ်းရှိနိုင်သေးတယ်”ဟု ပြောကြားသည်။
 
ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့သို့ ဆက်သွယ်သော်လည်း ပြောရေးဆိုခွင့်ရှိသူများ ခရီးလွန်နေပြီး မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးဆန်းအောင်က “ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တွေ တွေ့တဲ့အခါတော့ ဒီကေအိုင်အေဘက်က ငွေတောင်းတာတွေကို တင်ပြတာရှိတယ်။ ပြည်ထောင်စုဆွေးနွေးပွဲမှာတော့ ဒီအကြောင်းတွေ တင်ပြတာမရှိသေးဘူး။ ငွေကြေးအခက်အခဲရှိသူတွေဆီမှာ တောင်းတာကတော့ မလုပ်သင့်ဘူးပေါ့။ ဒါကို ပြဿနာကြီးအနေနဲ့ မမြင်စေချင်ဘူး။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးကြတာလည်း သိပ်မရှိသေးတော့ ပြောဖို့စောသေးတယ်”ဟု ပြောကြားသည်။
 
ကချင်ပြည်နယ် လုံခြုံရေးဌာနသို့ ရောက်ရှိနေသော ၂၀၁၁ ခုနှစ်နောက်ပိုင်းရောက်ရှိလာသော  စာရင်းများအရ မိုးကောင်း၊ မိုးညှင်း၊ မံစီ စသည်မြို့ကြီးများပေါ်အထိ စာဖြင့် ဆင့်ခေါ်ကာ ဆက်ကြေး (အခွန်) ကောက်ခံမှုများ ရှိနေပြီး တချို့သော လုပ်ငန်းရှင်များမှ သိန်းဆယ်ချီသည့် ကောက်ခံမှုမျိုးလည်း တွေ့နေရကြောင်း ယင်းဌာနမှ အရာရှိတစ်ဦးက ဆိုသည်။
 
ကချင်ပြည်နယ်  လုံခြုံရေးဌာနမှ အရာရှိတစ်ဦးက “အခုကိစ္စက သတင်းမတက်သေးဘူး။ လွန်ခဲ့တဲ့တစ်ပတ်က ကားတွေ၊ ဆိုင်ကယ်တွေ ကောက်တယ်။ အရင်နှစ်တွေက မိုးညှင်းမြို့ပေါ်နှင့် မိုးကောင်းမြို့၊ မံစီမြို့ပေါ်တွေမှာ ဆက်ကြေးကောက်တာတွေ ရှိခဲ့ပါတယ်။ မန်ဝိန်းကြီးဒေသတွေမှာလည်း နှစ်တိုင်း ကောက်နေတာပဲ။ မြို့ပေါ်မှာကိုပဲ လုပ်ငန်းတွေက တောနယ်တွေဘက်ရှိနေတော့ စာပေးပြီး တောင်းတာပေါ့။ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့မှာတော့ ဒါတွေ တင်ပြတာတွေ ရှိခဲ့ပါတယ်။ သူတို့ဘက်ကတော့ ထိန်းသိမ်းမယ်လို့ ပြောပါတယ်။ ဒေသခံတွေက မပေးချင်ပေမယ့် ကြောက်တော့လည်း ပေးကြရတာပဲ။ လူကိုယ်တိုင်တော့ မတောင်းဘူး။ စာပို့ပြီး တောင်းနေတာပေါ့”ဟု ပြောကြားသည်။
 
တပ်မတော်နှင့် ကေအိုင်အေတို့သည် ၁၉၉၄ ခုနှစ်မှ စတင်ကာ အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၁ ခုနှစ်အထိ ၁၇ နှစ် ကြာမြင့်ခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ ငြိမ်းချမ်းရေးပြန်လည်ပျက်ပြားကာ လူပေါင်း တစ်သိန်းဝန်းကျင်မှာ စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြရသည်မှာ လေးနှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

Most Read

Most Recent