နိုင်ငံ့ဝန်ထမ်းများ၏ အသက် ၆၀ နှစ်ပြည့်သည့်ရက်တွင် အငြိမ်းစားယူသည့် စနစ်ဖြင့်သာ ထားရှိရန် အရေးကြီးအဆိုသည် သက်ဆိုင်ရာ အဖွဲ့အစည်းအား ကန့်သတ်ခြင်း၊ ကြိုတင်တားဆီးခြင်းပုံစံ ဖြစ်နေ၍ အတည်မပြုရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

နိုင်ငံ့ဝန်ထမ်းများ၏ အသက် ၆၀ နှစ်ပြည့်သည့်ရက်တွင် အငြိမ်းစားယူသည့် စနစ်ဖြင့်သာ ထားရှိရန် အရေးကြီးအဆိုသည် သက်ဆိုင်ရာ အဖွဲ့အစည်းအား ကန့်သတ်ခြင်း၊ ကြိုတင်တားဆီးခြင်းပုံစံ ဖြစ်နေ၍ အတည်မပြုရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 10 July 2015
စိုးမင်းထိုက်၊ ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

နိုင်ငံ့ဝန်ထမ်းများ၏ အသက် ၆၀ နှစ် ပြည့်သည့်ရက်တွင် အငြိမ်းစားယူသည့်စနစ်သာ ထားရှိရန် အရေးကြီးအဆိုသည် သက်ဆိုင်ရာ အဖွဲ့အစည်းအား ကန့်သတ်ခြင်း၊ ကြိုတင်တားဆီးခြင်းပုံစံ ဖြစ်နေ၍ အတည်မပြုရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး လှိုင်ဝင်းက ဆွေးနွေးပြောကြားသည်။အဆိုပါ အရေးကြီးအဆိုအား ဇူလိုင် ၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွိုင်ကော်မဲဆန္ဒနယ်မှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညိုက တင်သွင်းခဲ့ပြီး ဇူလိုင် ၉ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အဆိုအား အတည်ပြုရန် ဆွေးနွေးရာ၌ ဒုတိယ ဗိုလ်မှူးကြီးလှိုင်ဝင်းက ထိုသို့ ပြောကြားခြင်းဖြစ်သည်။နိုင်ငံ့ဝန်ထမ်းတစ်ဦးအား အသက် ၆၀ ပြည့်သော်လည်း ၎င်းတို့၏ လုပ်ငန်းအတွေ့အကြုံများ၊ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ အတတ်ပညာ၊ အသိပညာများအပေါ် မူတည်၍ တာဝန်ဆက်လက် ထမ်းဆောင်စေမည် ဆိုပါက နိုင်ငံတော်နှင့် သက်ဆိုင်ရာ ဌာနအတွက်ပါ အကျိုးရှိမှာဖြစ်ကြောင်း ပြောကြားသည်။ထို့ပြင် ဥပဒေပညာရှင်များ၊ စာရင်းပညာရှင်များကဲ့သို့ ပညာရှင်များကို ဆက်လက် တာဝန်ထမ်းဆောင်စေခြင်းဖြင့် အဆိုရှင် ဆွေးနွေးသလို လက်အောက်ဝန်ထမ်းများ အဆင့်တိုးမြှင့်ခြင်း ပိတ်ပင်မှုကို စိတ်ပူရသော်လည်း နောင်တွင် ကျွမ်းကျင်ပညာရှင်နှင့် လုပ်ငန်းပိုင်းဆိုင်ရာ ခါးဆက် မပြတ်စေရေးအတွက် အထောက်အကူ ပြုနိုင်ပြီး နိုင်ငံတော်အတွက် အကျိုးကျေးဇူး ရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်အား ယင်းဥပဒေနှင့် သက်ဆိုင်သည့် နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများ ထုတ်ပြန်ခွင့် အပ်နှင်းထားကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်အငြိမ်းစားယူရန်နှင့် ပတ်သက်၍ ပြင်ဆင်ရန် လိုအပ်ပါက သက်ဆိုင်ရာ အဖွဲ့အစည်းက နိုင်ငံ့ဝန်ထမ်း နည်းဥပဒေကို ပြင်ဆင်ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ နည်းဥပဒေ ပြင်ဆင်ချက်နှင့် ပတ်သက်၍ လွှတ်တော်သို့ တင်ပြလာပါက လွှတ်တော်အနေဖြင့် စဉ်းစားသုံးသပ်၍ ဆွေးနွေးလိုက ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး လှိုင်ဝင်းက ပြောကြားသည်။“သေချာခိုင်မာမှု မရှိသော၊ တရားဝင် မဟုတ်သော သာမန်သတင်းစကားပေါ် မူတည်ပြီး အဆိုရှင် တင်သွင်းခဲ့သော နိုင်ငံ့ဝန်ထမ်းများ၏ သက်တမ်းကို ယခု ကျင့်သုံးနေသော အသက် ၆၀ နှစ်ပြည့်သည့်နေ့ရက်တွင် အငြိမ်းစားယူသည့် စနစ်ဖြင့်သာ ဆက်လက်ထားရှိရေး ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုသည် သက်ဆိုင်ရာ အဖွဲ့အစည်းအား ကန့်သတ်ခြင်း၊ ကြိုတင်တားဆီးခြင်းပုံစံ ဖြစ်နေပါ၍ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခြင်းကို စဉ်းစားသင့်ပါကြောင်းနဲ့ တင်ပြထားသော ဌာနအဖွဲ့အစည်းမရှိ၊ အကြောင်းအရာ ခိုင်ခိုင်မာမာ မသိရသေးသော ကိစ္စတစ်ရပ်အား ဆွေးနွေး အတည်ပြုပါက ပြည်သူများအနေဖြင့် လွှတ်တော်အပေါ် အမြင်တစ်မျိုး ထင်မြင်ယူဆလာနိုင်ပါ၍ အဆိုအား လတ်တလော အတည်ပြုရန် မသင့်သေးပါကြောင်း” ဟု ဒုတိယဗိုလ်မှူးကြီး လှိုင်ဝင်းက ပြောကြားသည်။ထို့အတူ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇော်ဝင်းနိုင်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၌ တပ်မတော်သားနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် နိုင်ငံ့ဝန်ထမ်းများ နှင့်စပ်လျဉ်း၍ လုပ်ငန်းတာဝန်များသည် ထူးခြားမှု ရှိသည့်အလျောက် တပ်မတော်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်မည်ဟု လည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွက် သီးခြားဥပဒေ ပြဋ္ဌာန်းဆောင်ရွက်ရမည်ဟု လည်းကောင်း ပါရှိသောကြောင့် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ အတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး တပ်မတော်သားများ၏ ရာထူးအဆင့်အလိုက် သတ်မှတ်ထားသည့် သက်တမ်းဖြင့် အငြိမ်းစားယူခွင့် ပြုနေသောကြောင့် ရာထူးပိတ်ဆို့မှု မရှိကြောင်း ရှင်းလင်းပြောကြားသည်။“ကာကွယ်ရေးဝန်ကြီးဌာန ကောင်စီညွှန်ကြားလွှာ အမိန့်အမှတ် (၁၈/၇၃) အပိုဒ် ၇ မှာ ဖော်ပြထားတာတော့ စစ်မှုထမ်းရန် ကာလအပိုင်းအခြားနဲ့ ပတ်သက်ပြီး အပိုဒ် (က) မှာ ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်ခြင်း ခံရတဲ့ အရာရှိသည် မိမိအား စစ်ဘက်တွင် ဆက်လက်အမှုထမ်းဆောင်စေရန် လိုအပ်သည့် ကာလပတ်လုံး စစ်မှုထမ်းရမည်ဟု ပါရှိပါတယ်။ ဒါနဲ့အတူ တပ်မတော် အက်ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နဲ့ ညွှန်ကြားချက် လုပ်ထုံးလုပ်နည်းများအရ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၉၁ နဲ့အညီ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဗိုလ်မှူးဇော်ဝင်းနိုင်က ပြောကြားသည်။ယခု တင်သွင်းလာသည့် အဆိုသည် အကြောင်းတရားအားဖြင့် မှန်ကန်မှု ရှိစေရန် အတွက်နှင့် နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ဝန်ထမ်းစည်းမျဉ်းများနှင့် ကိုက်ညီမှုရှိရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ထင်မြင်ယူဆမိကြောင်း၊ အကျိုးတရားအားဖြင့် မည်သည့်ကိစ္စပင် ဖြစ်ပါစေ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီရန် လိုအပ်ပြီး ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု ရှိစေရန်အတွက် လိုက်နာဆောင်ရွက်နိုင်ရန် လိုကြောင်း ၎င်းက ဆွေးနွေးသည်။သို့ရာတွင် လွှတ်တော်ကိုယ်စားလှယ်အားလုံး ဆွေးနွေးမှုအပြီး မဲခွဲဆုံးဖြတ်ရာတွင် အဆိုအား ထောက်ခံမဲ များသည့်အတွက် အဆို အတည်ဖြစ်ခဲ့သည်။

Most Read

Most Recent