မသိချင်ယောင် ဆောင်နေကြတာလား

မသိချင်ယောင် ဆောင်နေကြတာလား
Published 29 April 2015
တင်ယုနွယ်

သစ်တစ်ပင် ခုတ်စရာမလို၊ မြေတစ်ကွက် ရောင်းစရာမလို၊ မီးခိုးတအူအူထွက်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်စရာမလိုဘဲ မီးခိုးတိတ် စီးပွားရေးလုပ်ငန်းနဲ့ နိုင်ငံခြားငွေတွေ သောက်သောက်လဲရမယ့် သဘာဝသယံဇာတတွေ၊ ရှုခင်းတွေ၊ တောတောင်အလှအပတွေ ပြည့်စုံကောင်းမွန်ပါလျက်နဲ့ သစ်ပင်ခုတ်ပြီး သစ်အလုံးလိုက် တင်ပို့ပြီးမှ နိုင်ငံခြားငွေရှာရတာ ဘာကြောင့်ပါလဲ။တကယ်ဆို ရှေးဟောင်းအမွေအနှစ် ဒေသတွေ၊ ဖော်ရွေတဲ့အပြုံး၊ ပျူငှာမှုတွေ၊ တိုင်းရင်းသားပေါင်းစုံရဲ့ ယဉ်ကျေးမှုတွေ ပြည့်နေတဲ့ မြန်မာ့မြေမှာ သဘာဝရင်းမြစ်မကုန် မီးခိုးမထွက် သဘာ၀၀န်းကျင် မပျက်စီးဘဲ ဘာကြောင့် နိုင်ငံခြားငွေတွေ မရှာနိုင်ရမှာပါလဲ။ ကိုယ့်နိုင်ငံရဲ့ သဘာဝမြေမျက်နှာသွင်ပြင်၊ ရိုးရာဟန်၊ ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ ဆင်တူပြီး တချို့နေရာတွေမှာဆို ကိုယ့်နိုင်ငံက ရေမြေတောတောင် သဘာ၀၀န်းကျင် အလှအပက သာလွန်နေကာ တစ်ခေတ်တစ်ချိန်ကဆိုရင် ကိုယ့်နိုင်ငံရဲ့ အုပ်ချုပ်ခံ ဖြစ်ခဲ့ရတဲ့ ဒေသတွင်း ထိုင်းနိုင်ငံကတော့ အခုအခါ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ နိုင်ငံတကာကြားမှာ သွားရောက်လည်ပတ်လိုတဲ့ ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းမှာ ပါဝင်နေပြီး သဘာဝရင်းမြစ် မပြုန်းတီး မပျက်စီးသွားဘဲ တစ်နှစ်တစ်နှစ်ကို ဘတ်သန်းချီ နိုင်ငံခြားငွေတွေ ရနေပါတယ်။ ထိုင်းအစိုးရအနေနဲ့ နိုင်ငံအတွင်း တွင်းထွက်သဘာ၀ သယံဇာတများစွာ မထွက်ရှိပေမယ့် ရှိထားတဲ့ အမွေအနှစ်နဲ့ သဘာဝတရားတွေကို ဘယ်လိုအသုံးချရမလဲ ကောင်းကောင်းသိတယ်လို့ ဆိုရမှာပါ။ ကိုယ့်နိုင်ငံအတွင်းက သဘာဝရင်းမြစ်တွေကို စီမံခန့်ခွဲမှုကောင်းတွေနဲ့ နိုင်ငံခြားငွေတွေဝင်အောင် သေချာပြင်ဆင် လုပ်ကိုင်ထားသလို ပါလာတဲ့ ငွေတွေကို ဒီနေရာမှာ သုံးပစ်လိုက်ဖို့ ဝန်မလေးအောင်လည်း ဆွဲဆောင်ထားနိုင်ပြန်ပါသေးတယ်။ထိုင်းနိုင်ငံရဲ့ ဧရိယာမှာ စတုရန်းမိုင် တစ်သိန်းကိုးသောင်းကျော်ရှိပြီး မီးခိုးတိတ်စီးပွားရေးဖြစ်တဲ့ ခရီးသွားလုပ်ငန်းကို အဓိကလုပ်ကိုင်နေပြီး ကမ္ဘာလှည့်ခရီးသွား အများစု သွားရောက်တဲ့ ထိပ်ဆုံး ၁၀ နိုင်ငံမှာ ပါဝင်ပါတယ်။ ခရီးသွားလုပ်ငန်းကနေ နိုင်ငံ GDP အတွက် တစ်နှစ်ကို နိုင်ငံခြားငွေ တိုက်ရိုက်ပျမ်းမျှ ထိုင်းဘတ်တစ်ထရီလျံရရှိပြီး သွယ်ဝိုက်တဲ့ အနေနဲ့ကတော့ ထိုင်းဘတ် နှစ်ထရီလျံကျော်လောက် ရရှိပါတယ်။ နိုင်ငံအနံှ့မှာ ခရီးသွားတွေကို ဆွဲဆောင်ဖို့ လည်ပတ်ချင်စရာ အပန်းဖြေနေရာ၊ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ယဉ်ကျေးမှုနေရာ၊ ပန်းချီ၊ Landscaping ကောင်းတွေ ဖန်တီးပြုလုပ်ထားတဲ့ မြင်ကွင်း၊ ရှုခင်းနေရာ၊ ဈေးဝယ်ချင်စရာကောင်းတဲ့ ဈေးဝယ်ကုန်တိုက်တွေအပြင် ဆေးကုသခြင်းနဲ့တွဲလျက်ပါ ခရီးသွားလုပ်ငန်းကို အရှိန်အဟုန်နဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာ ခရီးသွားအများစု သွားရောက်လေ့ရှိတဲ့ မြို့ဟောင်းဒေသ အယုဒ္ဓယ၊ နိုင်ငံရဲ့မြို့တော် ဘန်ကောက်၊ ပတ္တယားကမ်းခြေဒေသ၊ ကန်ချနာပူရီ၊ ချင်းမိုင်၊ ချင်းရိုင်၊ ဖူးခက်ကမ်းခြေ စတဲ့ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ နေရာတွေကို မြန်မာနိုင်ငံရှိ ရေမြေတောတောင် အလှအပတွေက ကောင်းကောင်းယှဉ်နိုင်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံရဲ့ အရှေ့ပိုင်းပဲကြည့်ကြည့်၊ အနောက်ပိုင်းကိုပဲမြင်မြင်၊ တောင်နဲ့မြောက်ပိုင်းကိုပဲ သွားသွား တစ်နိုင်ငံလုံးမှာ စိတ်ဝင်စားဖွယ်နေရာ၊ ခမ်းနားတဲ့ သမိုင်းကြောင်း၊ ဆန်းပြားတဲ့ ရိုးရာဓလေ့၊ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ရေမြေသဘာဝကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံပါ။ ကိုယ့်နိုင်ငံတင်မက ကမ္ဘာမှာထင်ရှားတဲ့ နေရာများစွာ ရှိထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားများစွာ လာရောက်လေ့လာကြရတဲ့ ရွှေတိဂုံစေတီတော်၊ မြန်မာဗိသုကာ အလှအပတွေနဲ့ တည်ဆောက်ထားတဲ့ မြို့တော်ခန်းမ၊ လွတ်လပ်ရေးကျောက်တိုင် စိုက်ထူထားတဲ့ မဟာဗန္ဓုလပန်းခြံ၊ စေတီတော်ဝန်းကျင်မှာ ဆူးလေပင်တွေ ပေါက်ရောက်နေတာကြောင့် ဆူးလေစေတီလို့ အမည်ထင်ရှားတဲ့ ဆူးလေစေတီတော် စတာတွေ စုပေါင်းတည်ရှိနေတဲ့ ရန်ကုန်မြို့လယ်နဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာတင် တရားလွှတ်တော်၊ ဗိုလ်ချုပ်ပြတိုက်၊ ကျိုက္ကဆံကွင်းစတဲ့ သမိုင်းဝင်နေရာများစွာ ရှိနေပါတယ်။ ရန်ကုန်ကတစ်ဆင့် ရွှေမော်ဓောစေတီ၊ ရွှေသာလျောင်းရုပ်ပွားတော်၊ ကမ္ဘောဇသာဒီနန်းတော်၊ ပဲခူးစစ်တောင်းတူးမြောင်း၊ ရွှေဆံတော်ဘုရား၊ သရေခေတ္တရာ၊ ပျူမြို့ဟောင်း စတာတွေရှိတဲ့ ဟံသာဝတီမင်း နေပြည်တော်မြို့ဖြစ်တဲ့ ပဲခူးနယ်တစ်ခွင်၊ မြသလွန်ဘုရား၊ ကွေ့ချောင်းခံတပ်၊ ရေနံချောင်း အမျိုးသားအထက်တန်းကျောင်း၊ စလေရုပ်စုံကျောင်း၊ ဗိဿနိုး၊မြို့ လုလင်မြို့ဟောင်း၊ ကျောက်ဖြစ်ရုပ်ကြွင်းတွေကြောင့် ကမ္ဘာကျော်တဲ့ မြိုင်မြို့နယ်ရှိ ဗဟင်းကျေးရွာ စတဲ့ ထူးခြားမှုတွေ များပြားတဲ့ မကွေးဒေသတစ်ခွင်၊ ရှေးမြို့ဟောင်းဖြစ်တဲ့ အလကပ္ပမြို့၊ ဟန်လင်းမြို့ဟောင်း၊ တုံငယ်၊ ကွမ်းဘောင်၊ မြတောင်၊ ချွန်းတောင်စတဲ့ မြို့ဟောင်းလေးမြို့ရှိတဲ့ ထီးချိုင့်နယ် စတဲ့ ရှေးဟောင်းမြို့များစွာရှိတဲ့ စစ်ကိုင်းနယ်၊ အင်းဝမြို့ဟောင်း၊ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲကို အဆုံးသတ်စေခဲ့မယ့် စာချုပ်ချုပ်ဆိုခဲ့တဲ့ ရန္တပိုရွာ၊ လှည်းဝင်ရိုးသံ တညံညံဆိုတဲ့ ဘုရားပေါင်း ၄၄၄၆ ဆူရှိတဲ့ ပုဂံမြို့တွေအပြင် မင်းတုန်းမင်း မြို့တည်ခဲ့တဲ့ နန်းမြို့ရှိရာ မန္တလေးဒေသ၊ အမြင့်ပေ ၁၉၂၂၉၆ ပေရှိတဲ့ မြန်မာနိုင်ငံမှာ အမြင့်ဆုံးတောင်ဖြစ်တဲ့ ခါကာဘိုရာဇီတောင်ထွတ်၊ ရေခဲတောင်မှ စီးဆင်းလာတဲ့ချောင်းနဲ့ ပေါင်းစပ်စီးဆင်းနေတဲ့ မူလာရှီဒီရွာ၊ မြန်မာပြည်ရဲ့ အကြီးဆုံးအင်းဖြစ်တဲ့ အင်းတော်ကြီးအိုင်၊ တန်ချိန် ၃၀၀၀ ရှိ မဟာကျောက်စိမ်းတုံး ထွက်ရှိခဲ့တဲ့ ဖားကန့် စတဲ့ စိတ်ဝင်စားဖွယ် နေရာတွေရှိပြီး ရေခဲတောင်အလှတွေရှိရာ ကချင်ဒေသ၊ ရှေးဟောင်းလူသားများ နေထိုင်ခဲ့တဲ့ ပြဒါးလင်းဂူ၊ ကမ္ဘာပေါ်မှာ ဒုတိယအမြင့်ဆုံး တံတားဖြစ်တဲ့ ဂုတ်ထိပ်တံတား၊ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်ဖြစ်တဲ့ နှီးဘုရား၊ ရေတံခွန်ခုနစ်ခု ဖြာထွက်ပြီး လှပလွန်းတဲ့ ကျိုင်းတောင်ရေတံခွန် စတဲ့ အာဇာနည်ခေါင်းဆောင် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း ထွက်ပေါ်ခဲ့ရာ ရှမ်းပြည်နယ်၊ ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်းထွက်ရှိတဲ့ မော်ချီးသတ္တုတွင်း၊ ကယားဘာသာနဲ့ ဖော်မြဲလို့ အဓိပ္ပာယ်ရတဲ့ တောင်ကွဲစေတီတွေရှိရာ ကယားဒေသ၊ မင်းနေပြည်တော်ဖြစ်ခဲ့တဲ့ မြောက်ဦးမြို့၊ အီတလီရှိ နေပယ်ကမ်းခြေလို လှပတာကြောင့် နေပလီလို့ခေါ်ရာကနေ ဒေသခံတွေက ငပလီလို့ခေါ်တဲ့ ငပလီကမ်းခြေရှိရာ ရခိုင်ဒေသ၊ ကမ္ဘာပေါ်ရှိ ဘယ်နေရာတွေမှာမှ မတွေ့ရတဲ့ တောင်ဇလပ်ပန်းဖြူနဲ့ သစ်ပင်မျိုးစုံ ပေါက်ရောက်ရာ နတ်မတောင်ရှိရာ ချင်းဒေသ၊ ပုထိုးဟောင်း ၃၀၀ ကျော်ရှိတဲ့ မြောင်းမြမြို့ဟောင်း အကြေပုဂံ၊ နာမည်ကျော် ဘုရင့်နောင်ရဲ့ နောင်ရိုးတိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ အိမ်မဲနယ်၊ ဇီဝမျိုးစုံ မျိုးကွဲများစွာရှိတဲ့ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွေရှိရာ ဧရာဝတီမြစ်ဝကျွန်းပေါ် နယ်တစ်ခွင်၊ နာမည်ကျော် သေမင်းတမန်မီးရထားလမ်း၊ ဧရာမကျောက်တုံးထက်မှာ စေတီတည်ထားသော ကျိုက်ထီးရိုးစေတီတော်ရှိရာ မွန်ဒေသ၊ မင်စာ၊ ကျောက်စာတွေနဲ့ ဗုဒ္ဓဆင်းတုများစွာရှိတဲ့ ကော့ဂွန်းဂူ၊ ဇွဲကပင်တောင်တန်းတွေရှိရာ ကရင်ပြည်နယ်၊ ဟိန္ဒားသတ္တုတွင်း၊ ပုလဲလုပ်ငန်း၊ ကျွန်းပေါင်း ၈၀၀ ကျော်စုစည်းရှိတဲ့ ကျွန်းစုမြို့နယ်၊ မြန်မာနိုင်ငံရဲ့ အစွန်ဆုံးဖြစ်တဲ့ ဝိတိုရိယပွိုင့်ရှိရာ တနင်္သာရီ ကမ်းရိုးတန်းဒေသ ချရေးပြရင် ရှည်လျားသွားမှာ စိုးတာကြောင့် လူသိနည်းပြီး စိတ်ဝင်စားလေ့လာဖွယ် ကြည့်ရှုစရာကောင်းတဲ့ နိုင်ငံအတွင်းရှိ ဒေသအသီးသီးက နေရာလေးအချို့ကိုသာ ရေးလိုက်တာဖြစ်ပါတယ်။ ဖော်ပြထားတဲ့ နေရာတွေမှာ နမူနာပဲ ရှိပါသေးတယ်။ကိုယ့်နိုင်ငံထက် သေးငယ်ပြီး လေ့လာစရာတွေများစွာ ရှိနေပေမယ့် ကိုယ့်နိုင်ငံလောက် ပိုမများနိုင်တဲ့ နိုင်ငံလေးတစ်နိုင်ငံမှာ ကိုယ့်ထက်ကဏ္ဍများစွာ တိုးတက်သွားချိန်၊ ကမ္ဘာ့နိုင်ငံ အသီးသီးက ခရီးသွားတွေ သိရှိနေချိန်မှာ မြန်မာနိုင်ငံကို ကမ္ဘာကြီးက မသိခဲ့ပါဘူး။ ဒါတောင်မှ ထိုင်းနိုင်ငံနဲ့ပဲ ယှဉ်ထားသေးတာပါ။ စတုရန်းမိုင် နှစ်သိန်းခြောက်သောင်းကျော်ရှိပြီး သဘာဝရင်းမြစ် ပေါကြွယ်လွန်းလှတဲ့ မြန်မာ့မြေဟာ လက်ရှိအချိန်မှာတော့ ရှိထားတဲ့ သဘာဝရေမြေတွေကနေ မြေပေါ်မြေအောက် သယံဇာတတွေသာ လျော့နည်းလာပြီး နိုင်ငံတကာအလယ်မှာ ကြွေးမြီတွေသာတင်တဲ့နိုင်ငံ ဖြစ်လာရပါတယ်။ မြန်မာနိုင်ငံဟာ တကယ်သာလုပ်ကြစတမ်းဆိုရင် ထိုင်းနိုင်ငံထက်မက ဖော်ထုတ်စရာနေရာတွေ အများကြီးပါ။ လုပ်ခွင့်မသာတာလား၊ အသိခေါက်ခက် အဝင်နက်ကြတာလား၊ နိုင်ငံအကျိုးထက် ကိုယ်ကျိုးစီးပွား ပိုများနေကြတာလား ဆိုတာတော့ လူကြီးမင်းတို့ပဲ ပိုသိကြမှာပါ။  ကိုးကား ။    ။ ဆရာတင်နိုင်တိုး၏ မြန်မာပြည်တစ်ခွင် စာအုပ်

Most Read

Most Recent