ပြည်သူများ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် အကောင်အထည်ဖော်ရန် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးမန်းကံညွန့်က လွှတ်တော်တွင် တိုက်တွန်းပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးမန်းကံညွန့်က နေပြည်တော်တွင် ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်း အဝေး၌ ၂ဝ၁၅-၂ဝ၁၆ခု၊ ဘဏ္ဍာနှစ်အမျိုး သားစီမံကိန်း ဥပဒေကြမ်း၏ မူနှင့်အခြေခံ သဘောအပါအဝင် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းဆွေးနွေး ခဲ့ခြင်းဖြစ်သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ- ၃၈၆ “နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” လို့ ပြဆိုထားပါတယ်။ ဒါဟာ အခန်း (၈)နိုင်ငံသား၊ နိုင်ငံသားများ မူလအခွင့်အရေးနှင့် တာဝန်၊ အခန်းကဏ္ဍမှာ ပြ|ာန်းထား တာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ကာ ကွယ်ရေးသည် နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ် ပါတယ်။ အဲဒီအပြင် အခန်း(၇) ပုဒ်မ-၃၄ဝ တွင် “တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူစစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်” လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့်လည်း တပ်မတော်၏မူဝါဒ တင်ပြရာတွင် ပြည်သူ့စစ်မဟာဗျူဟာဖြင့် နိုင်ငံတော်ကို ကာကွယ်မည်ဟု တင်ပြထားတာဖြစ်ကြောင်း တွေ့ရပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးမန်းကံညွန့်က ပြောကြားသည်။
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံ ကိန်းစာမျက်နှာ ၁၂၄၊ ကာကွယ်ရေးလုပ်ငန်း စဉ်များမှာ တစ်ပုဒ်တိုးပြီး “၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်း အက်ဥပဒေကို လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် ပြင်ဆင်ရေးဆွဲ၍ အရေးပေါ်အခြေအနေတွင် ကျင့်သုံးနိုင်ရန် ဆောင်ရွက်ထားမည်” ဟု ဖြည့်စွက်လိုကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးမန်းကံညွန့်က ဆိုသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးမန်းကံညွန့်က “ပြည်ပရန်နဲ့ကြုံလာမှ ပြည်သူတွေကို စစ်ထဲထည့်ပြီး နိုင်ငံတော်ကာကွယ်ရေးကို ဆောင်ရွက်မယ်ဆိုရင်တော့ အချိန်ကအလွန် နောက်ကျသွားပါမယ်။ ဒါကြောင့် ပြည်သူ့ စစ်မှုထမ်းဥပဒေကို စတင်အ ကောင်အထည် ဖော်ထားရပါမယ်။ ပြည်သူ့စစ်မှုထမ်းအက် ဥပဒေကို ၁၉၅၉ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီဥပဒေကို အရပ်ဘက်ဆရာဝန်များ စစ်မှုထမ်းခြင်းကိစ္စအတွက်သာ ကျင့်သုံးတာကလွဲရင် ကျင့်သုံးမှုမရှိသလောက်ပါဘဲ။ လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင်လည်း ပြန်လည်ပြင်ဆင်ရန် လိုအပ်တဲ့အချက်တွေ ရှိနေပါတယ်” ဟု ဆက်လက်ပြောကြားသည်။
“တင်ပြလိုတာကတော့ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကို ကာကွယ်ဖို့တာဝန်ရှိတဲ့အတိုင်း ပြည်သူစစ်မှုထမ်း အက်ဥပဒေကို အကောင်အထည် ဖော်နိုင်ဖို့လိုနေပါပြီ။ ဒါမှသာ အရေးကြုံရင်နိုင်ငံတော်ကို ကာကွယ်ဖို့ နိုင်ငံသားတိုင်း စစ်ပညာ တတ်နေကြလိမ့်မယ်။ တပ်မတော်ထဲမှာ တိုင်းရင်းသားအားလုံး အတူတာဝန်ထမ်းဆောင်ရင်း လူမျိုးတစ်မျိုးရဲ့ ဓလေ့ကို အခြားလူမျိုးတစ်မျိုးက သိရှိလာမယ်။ ဘာသာပေါင်းစုံ ပါဝင်တဲ့အတွက် သူ့ဘာသာ၊ ကိုယ့်ဘာသာ သိနားလည်ပြီး လေးစားတတ်လာမယ်။ ခွင့်လွှတ်သည်းခံတတ်လာမယ်။ ပူးပေါင်းဆောင်ရွက် တတ်လာမယ်။ နိုင်ငံတော်အတွက် အသက်စွန့်၊ ကိုယ်လက် အင်္ဂါများစွန့်လွတ်၊ လူမှုဘဝအားလုံးစွန့် လွှတ်ပြီး ကာကွယ်ရေးတာဝန်ထမ်းဆောင်ရ တဲ့ဘဝကို နားလည်လာပါလိမ့်မယ်။ စာနာ တတ်လာပါလိမ့်မယ်။ အဲဒီအခါမှာ ဖက်ဒရယ်ဆိုတဲ့ သဘောတရားတွေကိုလည်း သိ နားလည်လာမယ်လို့ ယူဆပါတယ်”ဟု ဦးမန်း ကံညွန့်က ပြောကြားသည်။
ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးမန်းကံညွန့်က “ယခုတိုင်းရင်းသား ရေးရာ ပဋိပက္ခလျော့နည်းရေးအတွက် ငြိမ်း ချမ်းရေးဖော်ဆောင် နေတဲ့အချိန်မှာ အချို့ပုဂ္ဂိုလ်များ အယူအဆတွေ လွဲနေပါတယ်။ အချုပ်အခြာပိုင် နိုင်ငံတစ်ခုမှာ အစိုးရနှစ်ခု မရှိပါဘူး။ ရှိလို့လည်း မရပါဘူး။နိုင်ငံတကာ မှာ အသိအမှတ်ပြု ပြည်ထောင်စုအစိုးရတစ် ဖွဲ့သာရှိရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု အစိုးရနဲ့ အပြိုင် အခြားအစိုးရ အဖွဲ့တစ်ခုရှိလာရင် အဲဒီအစိုးရအဖွဲ့သည် တရားမဝင်အစိုးရ ပဲဖြစ်ပါတယ်” ဟု ဆိုသည်။
နိုင်ငံတွင်း၌ အမျိုးသားလုပ်သားများ အပါအဝင် အများအပြား ပြည်ပထွက်၍ အလုပ်လုပ်ကိုင်နေရမှုကြောင့် ပြည်တွင်း၌ လုပ်သားရှားပါး နေသည်ဟု ဆိုရမည့်အချိန်တွင် ပြည်သူများ စစ်မှုထမ်းရမည့် တိုက်တွန်းချက် ယခုကဲ့သို့ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
ပြည်သူများစစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော်ရန် ပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ်စားလှယ် တိုက်တွန်း















