ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ကတိပေးထားသည့်အပြင် နောက်ဆုံးအဆင့် ဥပဒေကြမ်း တင်သွင်းရန်သာ ကျန်ရှိတော့သဖြင့် ဦးစားပေး ဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ရီက ဖေဖော်ဝါရီ ၂၅ ရက်တွင် သတင်းထောက်များအား ပြောကြားသည်။သတင်းထောက်များ မေးမြန်းသည့် လွှတ်တော်တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ဆောင်ရွက်နေမှုများ၏ လက်ရှိအခြေအနေကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။“အဓိက အရေးကြီးတဲ့ အဆိုကြီး သုံးရပ်က ဘတ်ဂျက်ရယ်၊ အခွန်ရယ်၊ အမျိုးသားပညာရေး ဥပဒေကိစ္စရယ်က မလုပ်လို့ရှိရင် နောက်နှစ် ပိုက်ဆံသုံးစရာ မရှိဘူး။ အခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ရေးကိစ္စကလည်း နိုင်ငံတော်ကို ကတိကဝတ် ပေးပြီးပြီ။ နောက်ဆုံးအဆင့် ရောက်နေပြီ။ ဆွေးနွေးပြီးပြီ ဥပဒေကြမ်းအဖြစ် တင်သွင်းဖို့ပဲ လိုတော့တယ်။ အခြေခံဥပဒေ အခန်း ၁၂ အရ အခြေခံဥပဒေ ပြင်ဆင်ချက်ကို ဥပဒေကြမ်းအသွင်နဲ့ပဲ တင်ရမယ်။ လူ ၂၀ က လက်မှတ်ထိုးတင် (ရာခိုင်နှုန်း ၂၀) တင်လာရင် နာယကက အချိန်ဇယား ချပြီးတော့ အဲဒါကိုလည်း အချိန်ပေးရမယ်။ ဘတ်ဂျက်ကိုလည်း အချိန်ပေးရမယ်။ အခွန်အကောက်ကိုလည်း အချိန်ပေးရမယ်။ အန်ကယ်တို့ ဒီလောက်အရူးမီးဝိုင်းလို့ ပြောလို့ရလောက်အောင် ဖြစ်နေတဲ့ အချိန်မှာ ဒါကို ဦးစားပေးနေတာကို ပေါ်လွင်စေချင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း နည်းလမ်းအရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရမည်ဖြစ်သည်။ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ရာခိုင်နှုန်း ၂၀ က တင်ပြမှသာလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှ လက်ခံဆွေးနွေးရမည် ဖြစ်သည်။ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီသည် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာကို တင်သွင်းခဲ့ပြီး ၎င်းအစီရင်ခံစာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ စုစုပေါင်း ၄၅၇ ခုအနက် ပုဒ်မ ၅၉ (စ) အပါအဝင် ပုဒ်မပေါင်း ၂၁၀ ခုအား ပြင်ဆင်ရန် အကြံပြုခဲ့သည်။
ဖွဲ့စည်းပုံပြင်ဆင်ရန် ကတိပေးထားသည့်အပြင် နောက်ဆုံးအဆင့် ဥပဒေကြမ်း တင်သွင်းရန်သာ ကျန်ရှိတော့၍ ဦးစားပေး ဆောင်ရွက်မည်ဟု ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြောကြား















