တရုတ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ကိစ္စနှင့် ပတ်သက်၍ သမဝါယမဝန်ကြီးနှင့် NLD လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သတိပေးပြောကြားသည်။ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ နိုင်ငံတော်သမ္မတထံမှ ပေးပို့သော တရုတ်ပို့ကုန်ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ချေးယူခွင့်နှင့် စပ်လျဉ်း၍ သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နှင့် ဒေါ်ခင်မွှေးလွင်တို့ ဆွေးနွေးရာတွင် သူရဦးရွှေမန်းက သတိပေးခဲ့ခြင်းဖြစ်သည်။ဒေါ်ခင်စန်းလှိုင် ဆွေးနွေးရာတွင် “နိုင်ငံတော်သမ္မတကြီးရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို ၁၆ ရာခိုင်နှုန်းသို့ လျှော့ချစေရေးအတွက် လည်းကောင်း၊ တောင်သူလယ်သမားများနဲ့ ပြည်သူလူထုရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း China Exim Bank ကနေပြီးတော့ ဒေါ်လာ သန်း ၃ဝဝ နောက်ထပ်ချေးယူပြီး ကျပ်တစ်သိန်းကနေ ငါးသိန်းအထိ ထုတ်ချေးပေးရန် ရည်ရွယ်ချက်ဟာ ကောင်းမွန်ပါတယ်။ သို့သော်လည်း လယ်သမားများကို ငွေထုတ်ချေးပေးရုံနဲ့ သူတို့ ဘဝတွေရဲ့ အခက်အခဲတွေဟာ လုံးဝပြည့်စုံတယ်လို့ မဆိုနိုင်ပါဘူး။ ဒါ့အပြင် တကယ်လိုအပ်သူတွေရဲ့ လက်ထဲကိုရော မှန်မှန်ကန်ကန် ရောက်ရဲ့လား ဆိုတာကိုလည်း မေးစရာ ရှိပါတယ်။ သမဝါယမ ဝန်ကြီးဌာန အနေနဲ့ တရုတ်နိုင်ငံ Exim Bank ကနေ ငွေချေးယူမှုနဲ့ ပတ်သက်ပြီး ယခင်က ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့စဉ်ကပင် အတိုးနှုန်း များပြားမှုကြောင့် မချေးသင့်ကြောင်းကို သတိပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် လယ်သမားများ ယခင်ချေးခဲ့တဲ့ သန်း ၁ဝဝ ကို တိုင်းနဲ့ပြည်နယ် ၁၄ ခုနဲ့ နေပြည်တော် ကောင်စီကနေပြီး ၄-၇-၂ဝ၁၄ ရက်ကနေ တစ်ပတ်အတွင်းမှာပဲ တစ်ပြိုင်နက်တည်း ၁ဝဝ ရာခိုင်နှုန်းအထိ ပြန်လည်ပေးဆပ်နိုင်ခဲ့တယ်လို့ ကျွန်မတို့ ဒီစာအုပ်ရဲ့ စာမျက်နှာ ၁၆ မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဝန်ကြီး ကိုယ်တိုင်ကလည်း အာမခံပြီးတော့ ရှင်းပြခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အဆုံးအရှုံး အလေအလွင့် မရှိဘဲ ရာခိုင်နှုန်းပြည့် အောင်မြင်တဲ့ လုပ်ငန်းဆိုတာ ဘယ်မှာမှ မရှိနိုင်ပါဘူး။ ဝန်ကြီးရဲ့ ရှင်းလင်းချက်တွေဟာ ဖြစ်နိုင်ခြေနဲ့ အလှမ်းဝေးနေပြီး လက်တွေ့မကျဘူးလို့ ထင်ပါတယ်။ စိတ်ကူးယဉ်များ ဆန်သလားလို့ ကျွန်မတို့ တွေးမိပါတယ်” ဟု ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်သည်။အလားတူ ဒေါ်ခင်မွှေးလွင်ကလည်း ဆင်းရဲဒုက္ခများစွာ ရောက်ရှိနေသည့် ပြည်သူများကို ကယ်တင်လိုပါက ငွေချေးပေးကာ ကြွေးနွံနစ်သည့် နည်းလမ်းမသုံးဘဲ အလုပ်အကိုင် ဖန်တီးပေးနိုင်သည့် နည်းလမ်းကိုသာ ရှာဖွေပေးသင့်ကြောင်း သုံးသပ်ဆွေးနွေးသည်။“ကျွန်တော့်အနေနဲ့ ရန်မလိုရင် ရန်ပြိုတယ်။ ရန်လိုရင် ရန်ပိုတယ် ဆိုတာကို ကျွန်တော်နားလည်ပါတယ်။ လက်ခံထားပါတယ်။ သို့သော်လည်း ဆိုရင်းရှိလို့ ကျွန်တော်ဆိုပါရစေ။ ပြောပါရစေ။ အဲဒီတော့ ဒေါ်ခင်စန်းလှိုင်ရဲ့ ဆွေးနွေးချက်ထဲမှာ ၁ဝဝ ရာခိုင်နှုန်း ပြန်လည်ပေးဆပ်တယ် ဆိုတာလည်း ဘယ်မှာမှ မရှိဘူး။ အဲဒါဟာ ဝန်ကြီးစိတ်ကူးယဉ်နေတာ၊ ဖြစ်နိုင်ခြေတွေကို ပြောနေတာ၊ ကျွန်တော် တိတိကျကျ လုပ်ထားပါတယ်။ လိုက်စစ်ကြည့်ပါ။ မှားနေတယ်ဆိုရင် ကျွန်တော် တာဝန်ယူပါတယ်။ အပြည့်အဝ ပြန်ဆပ်ပါမယ်” ဟု ဝန်ကြီး ဦးကျော်ဆန်းက ပြန်လည်ဆွေးနွေးခဲ့သည်။ဆက်လက်၍ ဦးကျော်ဆန်းက “အခုလို ပြောဆိုနေတာတွေဟာ ကျွန်တော်တို့ တိတိကျကျ ပြောစေချင်ပါတယ်။ မှန်မှန်ကန်ကန် ပြောစေချင်ပါတယ်။ အဲဒီတော့ ကျွန်တော်ဒီနေရာမှာ ပြန်ပြောချင်တာက ကျွန်တော်က စိတ်ကူးမယဉ်ပါဘူး။ ကျွန်တော် လက်တွေ့သမားပါ။ စိတ်ကူးမယဉ်ပါဘူး။ စိတ်ကူးယဉ်ကြတာဟာ အထင်နဲ့ ပြောကြတာဟာ ဒေါ်ခင်စန်းလှိုင်နဲ့ ဒေါ်ခင်မွှေးလွင်တို့ပဲ ဖြစ်မယ်လို့ ကျွန်တော် ဒီလိုလေး ပြန်ပြောပါရစေ” ဟု ဦးကျော်ဆန်းက ပြောကြားသည်။“ကျွန်တော် ဒေါ်လာသန်း ၁ဝဝ နဲ့ Daedong က စက်ပစ္စည်းတွေ ယူတုန်းလည်း ကျွန်တော်ကို ဘယ်လိုပြောလဲ။ ဒါဟာ ဒေါ်ခင်စန်းလှိုင်တို့ အဖွဲ့ကပါပဲ။ ဘယ်လိုပြောလဲ။ ပြည်ထောင်စုလွှတ်တော်က ခွင့်မပြုရသေးဘူးတဲ့။ စာလည်း မချုပ်ရသေးဘူးတဲ့။ ဒါပေမဲ့ ဝန်ကြီးတို့က လယ်ယာသုံး စက်ကိရိယာတွေ ဝယ်ထားယူထားပြီးတော့ အဲဒီပစ္စည်းတွေ လှိုင်သာယာရောက်နေပြီတဲ့ အဲဒီလို ပြောခဲ့ပါတယ်။ ဒါဟာအထင်နဲ့ တစ်ဖက်သားကို စွပ်စွဲတာ ခပ်ရိုင်းရိုင်း ပြောရရင်တော့ အောက်လမ်းနည်းလို့ ပြောရမလို ဖြစ်နေပြီ။ အဲဒီတော့ အဲဒီမှာတုန်းကလည်း ကျွန်တော်ပြောခဲ့ပါတယ်။ ကျွန်တော် Transparency ရှိရှိနော်၊ Openess ပွင့်ပွင့်လင်းလင်းနဲ့ ဆောင်ရွက်နေပါတယ်။ ရိုးရိုးသားသား ဆောင်ရွက်နေပါတယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ အဲဒါလည်း စာချုပ်ချုပ်ပြီးမှသာလျှင် စက်ပစ္စည်းတွေဟာ ကျွန်တော်ဆီကို ရောက်တာပါ။ အခု နောက်ဆုံးအသုတ်တောင် ကျွန်တော်ဆီကို မရောက်သေးပါဘူးလို့ ကျွန်တော် ရှင်းလင်း တင်ပြလိုပါတယ်” ဟု ၎င်းက ပြောကြားသည်။ထိုသို့ အပြန်အလှန် ဆွေးနွေးချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက “ဆွေးနွေးရှင်းလင်းတဲ့ နေရာမှာ၊ မေးခွန်းများ မေးမြန်းတဲ့ နေရာမှာ၊ အဆိုများ တင်သွင်းဆွေးနွေးတဲ့ နေရာမှာ ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေ၊ နည်းဥပဒေများအတိုင်း လိုက်နာဖို့ လိုတယ်လို့လည်း ထပ်လောင်းပြောချင်ပါတယ်။ ထိုနည်းတူစွာပဲ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ဌာနအသီးသီးက နေပြီးတော့ ပြန်လည်ရှင်းလင်း တင်ပြတဲ့ အခါမှာလည်း ဝန်ကြီးဌာန၊ အစိုးရအဖွဲ့ ဝန်ကြီးဌာန၊ ပြည်ထောင်စုအဆင့်ဝင်များလည်း ဆွေးနွေးတင်ပြတဲ့နေရာမှာ လွှတ်တော်ဥက္ကဌ လွှတ်တော်နာယကကို မဏ္ဍိုင်ပြုပြီးတော့ ဆွေးနွေးစေဖို့ ဖြစ်ပါတယ်။ တိုက်ရိုက်ဆွေးနွေးတယ်ဆိုတဲ့ အခါမှာ အခုလို ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဝန်ကြီးဌာန သက်ဆိုင်တဲ့သူများ လာရောက်ဆွေးနွေးတဲ့ အခါမှာလည်း ဘယ်သူ့ကို ကြားခံပြီးတော့ ဆွေးနွေးရမယ် ဆိုတာလည်း ပြန်လည်သတိပြုဖို့ လိုပါတယ်။ အဲလိုမှ မဟုတ်ဘဲနဲ့ တိုက်ရိုက် နာမည်တွေတပ်၊ နာမည်မတပ်တာတောင် တခြားနည်းနဲ့ နာမည်တပ်သလိုဖြစ်တဲ့ ကိစ္စမျိုးဟာ လွှတ်တော်ရဲ့ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေကို မကျင့်သုံးရာ ရောက်နိုင်တဲ့အတွက် ဒီဟာကြောင့်လည်း မလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ်နိုင်တယ် ဆိုတာလည်း သတိပြုဖို့ လိုပါတယ်” ဟု သတိပေးပြောကြားသည်။ထို့နောက် တရုတ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ကိစ္စနှင့် ပတ်သက်၍ ရယူရန် သင့်၊ မသင့် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံသူ ၄၃၃ မဲရှိပြီး ကန့်ကွက်သူ ၅၆ မဲသာ ရှိသဖြင့် အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
တရုတ်ချေးငွေ ဒေါ်လာ သန်း ၃၀၀ ကိစ္စနှင့် ပတ်သက်၍ သမဝါယမဝန်ကြီးနှင့် NLD လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော် နာယက သတိပေး















