မတ်လလယ်တွင် ပြုလုပ်မည့် UPWC နှင့် NCCT တို့၏ အပစ်ရပ်စဲရေး ညှိနှိုင်းမှု ဆွေးနွေးပွဲသို့ နှစ်ဖက်ကိုယ်စားလှယ်များ စုံလင်စွာ တက်ရောက်နိုင်ရေး ပြင်ဆင်နေ

မတ်လလယ်တွင် ပြုလုပ်မည့် UPWC နှင့် NCCT တို့၏ အပစ်ရပ်စဲရေး ညှိနှိုင်းမှု ဆွေးနွေးပွဲသို့ နှစ်ဖက်ကိုယ်စားလှယ်များ စုံလင်စွာ တက်ရောက်နိုင်ရေး ပြင်ဆင်နေ
Published 25 February 2015

ငါးလကြာ ရပ်ဆိုင်းနေသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ညှိနှိုင်းမှု ဆွေးနွေးပွဲကို ၂ဝ၁၅ ခုနှစ် မတ်လလယ်တွင် ပြုလုပ်ရန် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့တို့အကြား သဘောတူညီမှု ရရှိထားပြီးဖြစ်ရာ ယင်းဆွေးနွေးပွဲသို့ နှစ်ဖက်ကိုယ်စားလှယ်များ စုံလင်စွာ တက်ရောက်နိုင်ရေး ပြင်ဆင်နေကြောင်း သတင်းရရှိသည်။အဆိုပါ ခုနစ်ကြိမ်မြောက် ပြုလုပ်မည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ညှိနှိုင်းမှု ဆွေးနွေးပွဲသို့ UPWC ဘက်မှ အစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော် ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်သကဲ့သို့ NCCT ဘက်မှလည်း အဖွဲ့ခေါင်းဆောင်ဖြစ်သူ NMSP မှ နိုင်ဟံသာ၊ ဒုတိယအဖွဲ့ခေါင်းဆောင် (၁) ဖြစ်သူ KNU မှ ပဒိုစောကွယ်ထူးဝင်းနှင့် ဒုတိယအဖွဲ့ခေါင်းဆောင် (၂) ဖြစ်သူ KIO/KIA မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲ ပြုလုပ်ရန်နှင့် ပတ်သက်၍ NCCT အဖွဲ့၏ အစည်းအဝေးကို ဖေဖော်ဝါရီ ၂၇၊ ၂၈ နှင့် မတ် ၁ ရက်များတွင် ထိုင်းနိုင်ငံချင်းမိုင်၌ ပြုလုပ်ရန် စီစဉ်ထားရာ UPWC အလုပ်အဖွဲ့ဖြစ်သည့် Myanmar Peace Center မှ တာဝန်ရှိသူများသည် ဆွေးနွေးပွဲအတွက် လိုအပ်သည်များ ညှိနှိုင်းရန် ဖေဖော်ဝါရီ ၂၈ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။Myanmar Peace Center မှ ဦးလှမောင်ရွှေက “ကျွန်တော်တို့ အစိုးရဘက်ကတော့ နဂိုကတည်းကလည်း အပြည့်အစုံ တက်တာပါပဲ။ NCCT ဘက်ကလည်း ဒီတစ်ပတ်မှာတော့ အရင်တစ်ပတ် ဆွေးနွေးပွဲတွေမှာ ပါတဲ့သူတွေတော့ ပါကိုပါမယ်လို့ ထင်ပါတယ်။ အရင်တစ်ပတ် ညှိတုန်းကတော့ ခေါင်းဆောင်သုံးယောက်လုံး တက်မယ်လို့ ဆိုတဲ့သဘောတော့ ရှိတယ်” ဟု ပြောကြားသည်။သို့ရာတွင် လက်ရှိတွင် ရှမ်းပြည်နယ် လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး NCCT အဖွဲ့ဝင်ဖြစ်သော်လည်း အစိုးရက ဆွေးနွေးဘက်အဖြစ် အသိအမှတ် ပြုမထားသည့် MNDAA (ကိုးကန့်အဖွဲ့) အဖွဲ့မှ ကိုယ်စားလှယ်မှာ ဆွေးနွေးပွဲသို့ တက်ရောက်နိုင်မည် မဟုတ်ကြောင်း၊ ယခင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများတွင်လည်း ကိုးကန့်အဖွဲ့မှ ကိုယ်စားလှယ် တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။NCCT အဖွဲ့ကို ၂ဝ၁၃ ခုနှစ် အောက်တိုဘာလကုန်ပိုင်းက ကချင်ပြည်နယ် လိုင်ဇာဒေသ၌ ပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဖွဲ့ဝင် အဖွဲ့အစည်း ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားခြင်းဖြစ်ကာ ယင်း ၁၆ ဖွဲ့အနက် ငါးဖွဲ့အား အစိုးရက ဆွေးနွေးဖက်အဖြစ် အသိအမှတ် ပြုမထားပေ။ရန်ကုန်မြို့၌ လာမည့် မတ် ၁၂ ရက်မှ စတင်ပြုလုပ်နိုင်ဖွယ်ရှိသည့် UPWC နှင့် NCCT တို့၏ ခုနစ်ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ ဖေဖော်ဝါရီ ၉ ရက်မှ စတင်ပြီး လက်ရှိအချိန်ထိ ဖြစ်ပွားနေသည့် လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းသွားရန် ရှိသည်။

Most Read

Most Recent