အမျိုးသားပညာရေး ဥပဒေသည် တစ်မျိုးသားလုံးနှင့် သက်ဆိုင်နေပြီး ပြည့်စုံသည့် ဥပဒေဖြစ်ရန် နယ်ပယ်အသီးသီးမှ အကြံပြုချက်များ ရယူရမည်ဖြစ်၍ ထိုက်သင့်သည့်အချိန် ယူရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ပြောကြား

အမျိုးသားပညာရေး ဥပဒေသည် တစ်မျိုးသားလုံးနှင့် သက်ဆိုင်နေပြီး ပြည့်စုံသည့် ဥပဒေဖြစ်ရန် နယ်ပယ်အသီးသီးမှ အကြံပြုချက်များ ရယူရမည်ဖြစ်၍ ထိုက်သင့်သည့်အချိန် ယူရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ပြောကြား
Published 25 February 2015
စိုးမင်းထိုက်

အမျိုးသားပညာရေး ဥပဒေသည် တစ်မျိုးသားလုံးနှင့် သက်ဆိုင်နေပြီး ပြည့်စုံသည့် ဥပဒေဖြစ်ရန်အတွက် နယ်ပယ်အသီးသီးမှ အကြံပြုချက်များ ရယူရမည်ဖြစ်၍ ထိုက်သင့်သည့်အချိန် ယူရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားသည်။ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီက အမျိုးသားပညာရေး ဥပဒေသည် သာမန်ဥပဒေများနှင့် မတူသည့်အတွက် အဆင့်ဆင့်ကြားနာပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့်အတွက် ပြည့်စုံသည့် ဥပဒေဖြစ်ရန် လိုအပ်ကြောင်း၊ ထိုက်သင့်သည့် အချိန်ကာလ ယူရမည်ဖြစ်ကြောင်း၊ လွှတ်တော်တွင် အဆင့်လိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။“ကျောင်းသားတွေ တောင်းဆိုထားတဲ့ ၁၁ ချက်လုံးကတော့ ညီချင်လည်း ညီသွားနိုင်ပါတယ်။ လွှတ်တော်မှာ ကိုယ်စားလှယ် ၆၀၀ ကျော် ရှိတဲ့အတွက် ဆွေးနွေးအကြံပြုချက်များလည်း ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ဒီဥပဒေက သိပ်အရေးကြီးတဲ့ ဥပဒေ ဖြစ်နေပါတယ်။ အလေးအနက်ထား လုပ်ရမယ့် ဥပဒေ ဖြစ်ပါတယ်” ဟု ဦးခင်မောင်ရီက ပြောကြားသည်။အမျိုးသားပညာရေး ဥပဒေကြမ်း အပေါ်တွင် ကျောင်းသားများက ပြင်ဆင်ပေးရန် ၁၁ ချက် တောင်းဆိုထားကြောင်း၊ အဆိုပါ ၁၁ ချက်အပေါ် မူတည်ကာ ပြင်ဆင်ချက်များ တင်သွင်းသွားမည်ဖြစ်ကြောင်း၊ တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့်အတွက် ဆွေးနွေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်မည်ဖြစ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။“ရှေ့လ ၅ ရက်မှစကာ အမျိုးသားပညာရေး ဥပဒေအတွက် ဆွေးနွေးကြားနာမှုတွေ လုပ်မယ်။ ဆွေးနွေးမှုတွေ လုပ်တဲ့အချိန်မှာ မီဒီယာတွေပါ နားထောင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဆွေးနွေးမှုတွေကို ပွင့်ပွင့်လင်းလင်းလုပ်မှာ ဖြစ်ပါတယ်။ တိုက်ရိုက် မလွှင့်ဖြစ်ရင်တောင် အနည်းငယ်နောက်ကျပြီး ထုတ်လွှင့်ဖြစ်မယ် ထင်ပါတယ်” ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။အမျိုးသားပညာရေး ဥပဒေကြမ်းသည် ပြည်ထာင်စုလွှတ်တော်သို့ တိုက်ရိုက်တင်ခွင့်ရှိသည့် ဥပဒေကြမ်း အမျိုးအစားတွင် မပါဝင်ကြောင်း၊ ထို့အတွက် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်မှ တစ်ဆင့်သာ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုရမည် ဖြစ်ကြောင်း၊ ဥပဒေကြမ်းအား အမြန်ဆုံး အတည်ပြုနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက “ဒီဥပဒေကြမ်းအတွက် အကြံပြုစာတွေ အများကြီး ရရှိပါတယ်။ အဖွဲ့အစည်း အသီးသီး၊ ပညာရှင်တွေ၊ တစ်ဦးချင်း အကြံပြုချက်တွေ ပေးပို့ကြတာတွေ ရှိပါတယ်။ အကြံပြုတဲ့သူတွေ အားလုံးနီးပါးကို ဖိတ်ကြားနိုင်ဖို့လည်း စီစဉ်နေပါတယ်။ အခုလို လုပ်နေတာက လွှတ်တော်အနေနဲ့ အချိန်ဆွဲနေတာ မဟုတ်ပါဘူး။ သေသေချာချာ ဆောင်ရွက်ရမယ့် ဥပဒေ ဖြစ်နေလို့ပါပဲ” ဟု ပြောကြားသည်။ဦးခင်မောင်ရီက “အခု ကျင်းပနေတဲ့ (၁၂) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးမှာ အရေးကြီး ဥပဒေကြမ်းတွေဖြစ်တဲ့ ဘတ်ဂျက်ဥပဒေကြမ်း၊ အခွန်အကောက် ဥပဒေကြမ်း၊ အမျိုးသားစီမံကိန်း ဥပဒေကြမ်းတွေ ရှိပါတယ်။ နောက်ထပ် အရေးကြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းကလည်း ရှိသေးတယ်။ အဲဒီလို အရေးကြီးတဲ့ ဥပဒေကြမ်းတွေ ရှိနေတာတောင် ကျွန်တော်တို့ ဥပဒေကြမ်း ကော်မတီ အနေနဲ့ ဒီအမျိုးသားပညာရေး ဥပဒေကြမ်းကို မြန်မြန် အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။ (၁၂) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးမှာ ပြီးအောင်တော့ လုပ်မှာပါ” ဟု ပြောကြားသည်။အမျိုးသားပညာရေး ဥပဒေကြမ်းအား (၁၂) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွင် အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ခေါ်ဆွေးနွေးပြီး ကြားနာမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။လေးပွင့်ဆိုင် သဘောတူညီချက်အရ ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့လာသော အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်တွင် အတည်ပြုနိုင်ရန်အတွက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အနေဖြင့် ဦးစားပေး လုပ်ငန်းတစ်ရပ် အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥပဒေကြမ်းနှင့် ပတ်သက်၍ လိုအပ်မည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ဖိတ်ခေါ်ကြားနာ သွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ဥပဒေကြမ်းအတွက် ဖိတ်ခေါ်ကြားနာမှုများကို မတ် ၅ ရက်မှ ၁၅ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ၂၀ ဦး၊ တက်ရောက်လိုသည့် နိုင်ငံရေးပါတီ ၂၀ မှ ကိုယ်စားလှယ် ၂၀ ဦး၊ အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲမှု ကွန်ရက်မှ ၂၀ ဦး၊ ဒီမိုကရေစီ ပညာရေးစစ်ကြောင်းများကို အားပေးထောက်ခံ ကူညီခဲ့သည့် ပြည်သူ့ကိုယ်စားလှယ် ၂၀ ဦး၊ မှတ်ပုံတင်ထားသော အရပ်ဘက် အဖွဲ့အစည်းများမှ ဆွေးနွေးလိုသူ ၂၀ ဦး၊ အကြံပြုစာ ပေးပို့လာသူများအနက် ကိုယ်စားလှယ် ၂၀ ဦး ပါဝင်ဆွေးနွေးခွင့် ပြုမည်ဖြစ်ကြောင်း၊ တက်ရောက်လိုသူများ အနေဖြင့် အမျိုးသားလွှတ်တော်ရုံးသို့ ဆက်သွယ်ရမည်ဖြစ်ကြောင်း အစိုးရသတင်းစာများတွင် တရားဝင် ကြေညာထားသည်။အမျိုးသားပညာရေး ဥပဒေကြမ်းအား အတည်ပြု ပြဋ္ဌာန်းနိုင်ရန်အတွက် လွှတ်တော်၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် ကျောင်းသားများ တောင်းဆိုထားသည့်နေ့တွင် ပြီးစီးမှု မရှိနိုင်ကြောင်း၊ သပိတ်စစ်ကြောင်းများ ဆက်လက်ချီတက်မည် ဆိုပါကလည်း ၎င်းတို့အလုပ်ပဲ ဖြစ်ကြောင်း၊ လွှတ်တော်အနေဖြင့် အရေးကြီး လုပ်ငန်းအဖြစ် အမြန်ဆုံး ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးခင်မောင်ရီက ပြောကြားသည်။သပိတ်မှောက် ကျောင်းသားများက ဖေဖော်ဝါရီ ၂၈ တွင် အမျိုးသားပညာရေး ဥပဒေကြမ်း မပြဋ္ဌာန်းနိုင်ပါက ရန်ကုန်မြို့သို့ သပိတ်ချီတက်မှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားထားမှုများ ရှိသည်။     

Most Read

Most Recent