တိုက်ပွဲများလျှော့ချပြီး အပစ်အခတ်ရပ်စဲနိုင်ရေး နှစ်ဖက်တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် အစိုးရအား TNLA တောင်းဆို

တိုက်ပွဲများလျှော့ချပြီး အပစ်အခတ်ရပ်စဲနိုင်ရေး နှစ်ဖက်တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် အစိုးရအား TNLA တောင်းဆို
Published 24 February 2015

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် တပ်မတော်နှင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (PSLF/TNLA) က ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာ တအာင်းဒေသတွင်း နှစ်ဖက်ထိတွေ့မှုတိုက်ပွဲများလျှော့ချပြီး အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် အစိုးရနှင့် တပ်မတော်အားတောင်းဆိုကြောင်း ဖော်ပြထားသည်။ယင်းထုတ်ပြန်ချက်တွင် တိုင်းရင်းသားလူမျိုးများစုပေါင်းနေထိုင်သည့် မြန်မာပြည်ကြီးတွင် ရာစုနှစ်ဝက်ကျော် ပြည်တွင်းစစ်ကိုအဆုံးသတ်နိုင်ရန် ထိတွေ့တိုက်ပွဲများလျှော့ချပြီး အပစ်အခတ်ရပ်စဲနိုင်ရန်အတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေးညှိနှိုင်းရန်၊ တအာင်းဒေသအတွင်း ထိုးစစ်ဆင်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် တိုက်ပွဲကာလအတွင်း အပြစ်မဲ့ပြည်သူများအားအကာအကွယ်ပေးရန် လက်ရှိအစိုးရနှင့် တပ်မတော်တို့အားတောင်းဆိုကြောင်း ဖော်ပြထားသည်။PSLF/TNLA သည် UNFC (ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့) အဖွဲ့ဝင်ဖြစ်သည့်အပြင် တိုင်းရင်းသားတို့၏ NCCT (တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့) တွင်လည်း တက်ကြွစွာပါဝင်ပြီး တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်စာချုပ်ဖြစ်မြောက်နိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း၊ PSLF/TNLA အနေဖြင့် နှစ်ဖက်လက်နက်ကိုင်တိုက်ပွဲများ ဖြေရှင်းလျှော့ချနိုင်ရန်အတွက် တွေ့ဆုံညှိနှိုင်းရန် နိုင်ငံတော်သမ္မတနှင့် အစိုးရအား အကြိမ်ကြိမ်တောင်းဆိုခဲ့ကြောင်း၊ သို့ရာတွင် ၂၀၁၃ ခုနှစ် ဇူလိုင်လ မူဆယ်မြို့ဆွေးနွေးပွဲပြီးနောက် ထပ်မံတွေ့ဆုံနိုင်ခြင်းမရှိသေးကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။PSLF/TNLA အဖွဲ့သည် လက်ရှိလောက်ကိုင်ဒေသတွင် တပ်မတော်နှင့်တိုက်ပွဲဖြစ်ပွားနေသည့် ကိုးကန့်အဖွဲ့နှင့် မဟာမိတ်ဖြစ်ပြီး ပါဝင်ကူညီတိုက်ခိုက်ပေးနေသည့်အဖွဲ့ဖြစ်ကာ ရှမ်းပြည်နယ်ရှိ နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ လားရှိုး၊ မိုးကုတ်၊ မိုးမိတ်၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းမြို့နယ်များတွင်လှုပ်ရှားနေသည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များသည် အမျိုးသားနိုင်ငံရေးရပိုင်ခွင့်ကိုရရှိရန် ရပ်တည်တောင်းဆိုရင်း တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း၊ ကချင်၊ ကိုးကန့်၊ တအာင်းနှင့် ရှမ်းအစရှိသည့် တိုင်းရင်းသားနယ်မြေများသို့ တပ်မတော်မှ တပ်အင်အားများဆက်တိုက်တိုးချဲ့ကာ အပြင်းအထန်ထိုးစစ်ဆင်နေသကဲ့သို့ တိုင်းရင်းသားတပ်ဖွဲ့များကလည်း မိမိနယ်မြေသို့ လာရောက်သည့်တပ်မတော်တပ်ဖွဲ့များ၏ရန်ကို အချင်းချင်းအပြန်အလှန်ကူညီကာ အခိုင်အမာခုခံကာကွယ်တိုက်ပွဲဝင်သွားမည်ဟုလည်း PSLF/TNLA ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။ကိုးကန့်ဒေသတွင် ဖေဖော်ဝါရီဒုတိယပတ်မှ ယနေ့ထိဖြစ်နေသောတိုက်ပွဲမှာ နှစ်ဖက်ထိတွေ့မှုတိုက်ပွဲများအရှိန်မြင့်လာခြင်းကြောင့် ဒေသခံပြည်သူများမှာ စစ်ဘေးဒုက္ခသည်များအဖြစ် ခံစားနေကြရကြောင်း၊ ဘေးလွတ်ရာသို့ရှောင်ပြေးသည့် စစ်ဘေးဒုက္ခသည်များကိုကူညီရန် မြန်မာအစိုးရတာဝန်ပေးသည့်အဖွဲ့များ၏ ယာဉ်တန်းများ ချောင်းမြောင်းပစ်ခတ်ခံခဲ့ရမှုသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စွပ်စွဲအပြစ်ပုံချခြင်းဖြစ်ကြောင်း၊ လောက်ကိုင်ဒေသတိုက်ပွဲဖြစ်စဉ်မှာ ပြည်တွင်းစစ်တိုက်ခိုက်မှုသာဖြစ်ကြောင်း PSLF/TNLA ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။ကိုးကန့်အဖွဲ့နှင့်အတူ ပါဝင်တိုက်ခိုက်နေသည့်အဖွဲ့များအနေဖြင့် တာဝန်ယူရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏အချုပ်အခြာအာဏာကိုထိပါးလာသည့်အတွက် တပ်မတော်အနေဖြင့် အလျှော့မပေးဘဲ ဆက်လက်တိုက်ခိုက်မည်ဖြစ်ကြောင်း တပ်မတော်ဘက်က ရှင်းလင်းထုတ်ပြန်မှုများပြုလုပ်ထားသည်။ထို့ပြင် လောက်ကိုင်ဒေသမှ စစ်ဘေးဒုက္ခသည်များအားသွားရောက်ခေါ်ယူသည့် ကြက်ခြေနီယာဉ်တန်းကို လမ်းခရီးတွင် ပစ်ခတ်ခံရမှုဖြစ်စဉ်များသည် ကိုးကန့်အဖွဲ့မှတိုက်ခိုက်ခြင်းဖြစ်သည်ဟု တပ်မတော်နှင့်ဖြစ်စဉ်များတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများကပြောကြားထားသည်။

Most Read

Most Recent