ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်နယ်တွင် တပ်မတော်နှင့် ကိုးကန့်၊ ကချင်၊ တအာင်း ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။
အဆိုပါ လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်အရာရှိတစ်ဦးက “လောလောဆယ် လေးနေရာလောက်မှာ ဖြစ်နေတယ်လို့ ကြားတယ်။ ကုန်းကြမ်းဘက်မှာ ကွမ်းလုံဘက် တစ်ကြောမှာပါ။ ၁၂ နာရီခွဲလောက်မှာ တပ်တွေကို ဟိုဘက်က စတိုက်တာ”ဟု ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းတွင် ပြောကြားသည်။
လောက်ကိုင်ခရိုင် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးကလည်း “ကုန်းကြမ်းနဲ့ မော်ထိုက်ဘက်မှာပါ။ ကိုယ်တို့က အုပ်ချုပ်မှုပိုင်းဆိုင်ရာဆိုတော့ ရဲနဲ့တပ်မတော်နဲ့ ပေါင်းပြီးတော့ လုံခြုံရေးနဲ့ပတ်သက်လို့ လုပ်ကိုင်နေတာတွေတော့ ရှိတာပေါ့။ သတင်းတွေတော့ ထွက်နေတာပေါ့။ ဒါပေမဲ့ အတည်ပြုလို့မရတဲ့ဟာတွေ ဖြစ်နေတယ်” ဟု ဆိုသည်။
အဆိုပါတိုက်ပွဲဖြစ်စဉ်မှာ အစိုးရတပ်မတော်နှင့် TNLA၊ KIA၊ MNDAA (ကိုးကန့်အဖွဲ့)တို့ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားနေခြင်းဖြစ်ကြောင်း TNLA ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းက ဆိုသည်။
မိုင်းအိုက်ကျော်က “အခု တိုက်ပွဲဖြစ်တဲ့နေရာမှာ ကျွန်တော်တို့တပ်တွေ ပါဝင်နေပါတယ်။ ရှမ်းမြောက်မှာ လှုပ်ရှားနေတဲ့ ကချင်တပ်မတော်ပါ ပါတယ်။ ကျွန်တော်တို့ တအာင်းတပ်မတော်ပါမယ်။ ကိုးကန့်တပ်မတော် ပါမယ်။ ကျွန်တော်တို့ ပူးပေါင်းတပ်တွေနဲ့ပါ။
ဒီမနက်ပိုင်းကစပြီး အခုအချိန်အထိ ဖြစ်ပွားနေဆဲပါ” ဟု ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်တွင် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိ ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ကိုးကန့်လက်ကျန်အဖွဲ့တို့၏ တိုက်ပွဲဖြစ်စဉ်၌ တပ်မတော်သား ခုနစ်ဦး ကျဆုံးပြီး ၂ဝ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကွမ်းလုံမြို့၏ အနောက်မြောက်ဘက် ၁ဝ မိုင်ခန့်အကွာရှိ နမ့်ကျွန်းဝေါခြုံဒေသနှင့် မုံးစီး၊ မုံးပေါ်လေဒေသအတွင်း နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော တပ်မတော်စခန်းနှင့် စစ်ကြောင်းများအား ကိုးကန့်လက်ကျန်အဖွဲ့မှ သာလွန်အင်အားဖြင့် လက်နက်ကြီးများ အသုံးပြုပြီး အလစ်အငိုက် တိုက်ခိုက်ခဲ့၊ ဝိုင်းဝန်းပိတ်ဆို့ခဲ့ကြောင်း ဒီဇင်ဘာ ၁၄ ရက်တွင် တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
နယ်မြေခံပြည်သူလူထု၏ သတင်းပေးချက်အရ တပ်မတော်စစ်ကြောင်းများက လောက်ကိုင်ဒေသအတွင်း နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် လောက်ကိုင်မြို့ အနောက်မြောက်ဘက် ညံခွမ်းကျေးရွာ အရှေ့မြောက်ဘက်တွင် နှစ်ကြိမ်၊ လောက်ကိုင်မြို့ အနောက်တောင်ဘက် တောက်ရွှေကျေးရွာအနီးတစ်ဝိုက်တွင် တစ်ကြိမ် ကိုးကန့်တိမ်းရှောင်အဖွဲ့မှ အင်အားစုများနှင့် တွေ့ဆုံတိုက်ပွဲဖြစ်ပွား နိုင်ငံပိုင်ရုပ်မြင်သံကြား သတင်းထုတ်လွှင့်ချက်အရ သိရသည်။
ထို့အတူ မော်ထိုက်မြို့အနီး နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်စခန်းအား ကိုးကန့်တိမ်းရှောင်အဖွဲ့မှ အင်အားစုအချို့သည် လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရပြီး၊ တပ်မတော်အနေဖြင့် ၎င်းဒေသအတွင်း သောင်းကျန်းသူ လက်နက်ကိုင်အဖွဲ့များ အခြေချနေထိုင်ခြင်းမပြုစေရေး နယ်မြေရှင်းလင်းခြင်းကို ဆောင်ရွက်နေကြောင်း ထုတ်ပြန်မှုအရ သိရသည်။
နိုင်ငံတော်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆောင်ရွက်နေချိန်တွင် ကိုးကန့်တိမ်းရှောင်အဖွဲ့၏ ရည်ရွယ်ချက်ရှိရှိဖြင့် တပ်မတော်စစ်ကြောင်းများအပေါ် နေရာ အနှံ့အပြားမှ ပစ်ခတ်ခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲများ ပြန်ဖြစ်မည်ကို ဒေသခံများ စိုးရိမ်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ထွန်းနေလှိုင်၊ အောင်ဇော်ထွန်း၊ ကျော်ဇင်ဝင်း
လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် ကိုးကန့်၊ ကချင်၊ တအာင်း ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိ















