အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေကြမ်းအား ပြည်ထောင်စုတရားလွှတ်တော်ချုပ်က နေပြည်တော်တွင် ဖေဖော်ဝါရီ ၉ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။အဆိုပါဥပဒေကြမ်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခဲ့သည်။"ဒီဥပဒေက အမှန်တော့ရှိသင့်နေတာကြာပြီ။ အခုလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့ဘာတို့လုပ်တဲ့အခါကျတော့ ဖြစ်လာတိုင်း တရားရုံးသွားလို့ရှိရင် တို့ဗမာပြည်တရားရုံးဟာ မြန်ဆန်မှုတော့မသိဘူး။ ကြာတာကတော့ အမှုက အင်မတန်ကြန့်ကြာတယ်။ အဲဒီတော့ လူတွေအတွက် အများကြီးထိခိုက်တယ်။ အဲဒီတော့ ဒီဟာမျိုးပေါ်လာရင် နိုင်ငံခြားသားနဲ့ဖြစ်တဲ့ကိစ္စပဲဖြစ်ဖြစ် ကိုယ့်တိုင်းရင်းသားအချင်းချင်းဖြစ်တဲ့ကိစ္စပဲဖြစ်ဖြစ် အရင်ဆုံးညှိနှိုင်းဖြေရှင်းလိုက်လို့ရှိရင် လျင်မြန်တယ်" ဟု လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်ကပြောကြားသည်။"နောက် ဒို့ဗမာမှာလည်း အင်မတန်အားကောင်းတဲ့ ဓလေ့ထုံးစံတွေကိုတွေ့ရတယ်။ ညှိနှိုင်းဖြေရှင်းမှုကိုလက်ခံတယ်။ ကျေးရွာတွေမှာဆိုရင် ရပ်ကွက်လူကြီးတွေ၊ မြို့နယ်လူကြီးတွေရဲ့အဆုံးအဖြတ်ကိုလက်ခံပြီးတော့ အမှုကို မှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန်နဲ့ ဖြေရှင်းပေးသွားတာတွေအများကြီးပဲ" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကပြောကြားသည်။အနုညာတစီရင်ဆုံးဖြတ်ခြင်း ဥပဒေကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်မှကြေညာသည်။















