ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် အစိုးရဝန်ထမ်းများ လစာတိုးခြင်းတို့ အဓိကဆောင်ရွက်မည့် လွှတ်တော်အစည်းအဝေးများ ယနေ့ စတင်မည်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် အစိုးရဝန်ထမ်းများ လစာတိုးခြင်းတို့ အဓိကဆောင်ရွက်မည့် လွှတ်တော်အစည်းအဝေးများ ယနေ့ စတင်မည်
Published 18 January 2015
ဝေယံဖြိုးဦး

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် အစိုးရဝန်ထမ်းများ လစာတိုးခြင်းတို့ အဓိကဆောင်ရွက်မည့် ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများကို ယနေ့ (ဇန်နဝါရီလ ၁၉) ရက်တွင် နေပြည်တော်၌ ပြန်လည်စတင်မည်ဖြစ်သည်။ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း၏ ထောက်ခံချက်ကို စုဆောင်းပြီးဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို ၁၂ ကြိမ်မြောက် လွှတ်တော်သို့ တင်သွင်းမည်ဟု ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောကြားသည်။ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှ လက်ခံဆွေးနွေးခြင်းများ ရှိလာနိုင်ဖွယ် ရှိသည်။“အခု ပြင်ဆင်ဖို့ ထောက်ခံတဲ့ ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းရဲ့ လက်မှတ်တွေ စုဆောင်းပြီးဖြစ်တယ်။ အဲဒီအတွက် ဥပဒေကြမ်းကို လာမယ့်လွှတ်တော်မှာ တင်သွင်းမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စတွေကိုလည်း သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း ပြီးပြတ်အောင် ဆောင်ရွက်ပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေဟာ ဒီတစ်ခေါက်လွှတ်တော်မှာ မဖြစ်မနေ ဆောင်ရွက်ရမယ့် ကိစ္စ ဖြစ်ပါတယ်” ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောကြားခဲ့သည်။ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲကို လာမည့် ၂၀၁၅ မေလအတွင်း ဆောင်ရွက်ရမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အချိန်ဇယား သတ်မှတ်ပေးထားသည့်အတိုင်း အချိန်မီ ပြီးစီးရန်လည်း ဆောင်ရွက်သွားရန်ရှိကြောင်း ဦးအေးမောက်က ဆိုသည်။
ဒီတစ်ခေါက်လွှတ်တော်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ အမှန်တကယ် ဆောင်ရွက်ခြင်း ရှိ၊ မရှိဆိုတာ စောင့်ကြည့်ရမယ်။ လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦး ပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်မှု အကောင်အထည်ဖော်ရေး အဖွဲ့ကလည်း ဒီလွှတ်တော်နားနေတဲ့ ကာလအတွင်း လှုပ်ရှားမှုတွေ သိပ်မရှိဘူး . . . . .

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပမည်ဖြစ်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း လုပ်ငန်းများကို ယခု ၁၂ ကြိမ်မြောက် လွှတ်တော်တွင် မဖြစ်မနေ စတင်ဆောင်ရွက်နိုင်ရန် လိုအပ်သည်ဟုလည်း လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ကြသည်။“ဒီတစ်ခေါက်လွှတ်တော်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ အမှန်တကယ် ဆောင်ရွက်ခြင်း ရှိ၊ မရှိဆိုတာ စောင့်ကြည့်ရမယ်။ လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦး ပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်မှု အကောင်အထည်ဖော်ရေး အဖွဲ့ကလည်း ဒီလွှတ်တော်နားနေတဲ့ ကာလအတွင်း လှုပ်ရှားမှုတွေ သိပ်မရှိဘူး။ ဘာပဲပြောပြော ဖွဲ့စည်းပုံအခြေခံဥပဒေ တကယ်ပြင်မပြင်ဆိုတာ ဒီတစ်ခေါက်လွှတ်တော်မှာ အဖြေပေါ်မယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။ထိုပြင် ယခုလွှတ်တော်သည် ဘတ်ဂျက်လွှတ်တော်လည်းဖြစ်ပြီး အစိုးရအဖွဲ့ အပါအဝင် အဖွဲ့အစည်းအသီးသီး၏ ဘတ်ဂျက်အသုံးစရိတ်များကို လွှတ်တော်မှ စိစစ်ခွင့်ပြုပေးရန်လည်း ရှိသည်။ထိုသို့ ဝန်ကြီးဌာန ဘတ်ဂျက်များကို စိစစ်ခွင့်ပြုပေးခြင်းနှင့်အတူ ဝန်ထမ်းများ၏ လစာကိုလည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် (၂၀၁၅ ခုနှစ်၊ ဧပြီ ၁ ရက်) မှ စတင်ကာ တိုးမြှင့်ပေးနိုင်ရန် လွှတ်တော်မှ ဆောင်ရွက်သွားရန် ရှိသည်ဟု သိရှိရသည်။ထိုသို့ ဝန်ထမ်းများ လစာတိုးပေးရာတွင် ငွေကြေးဖောင်ပွမှုမရှိဘဲ ဝန်ထမ်းများ လစာတိုးပေးနိုင်ရန် အစိုးရ၏ အကျိုးမရှိသော စီမံကိန်းအချို့ကို ဖြတ်တောက်မည်ဟု လွှတ်တော်ကော်မတီဝင်များက ဆိုသည်။“ဝန်ထမ်းလစာ တိုးရေးအတွက် လွှတ်တော်က အဓိက ဖြစ်စေချင်တာက လူတစ်ယောက် အနိမ့်ဆုံး အသုံးစရိတ်ကို တွက်ချက်ပြီး အနိမ့်ဆုံး အစိုးရဝန်ထမ်း လစာကို ငွေကျပ် ၁၂၀၀၀၀ သတ်မှတ်စေလိုတယ်။ အမြင့်ဆုံးလစာကိုတော့ အနိမ့်ဆုံးလစာဖြစ်တဲ့ ၁၂၀၀၀၀ ရဲ့ ရှစ်ဆလောက် များစေချင်တယ်။ အဲဒီ ပမာဏလောက် ဖြစ်စေချင်တယ်။ အဲဒီပမာဏလောက် တိုးပေးနိုင်အောင်လည်း အစိုးရနဲ့လွှတ်တော် ညှိနှိုင်းဆောင်ရွက်သွားမယ်” ဟု ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင် ဦးစိုင်းသီဟကျော်က ပြောသည်။ထိုပြင် အစိုးရမှ တင်သွင်းလာမည့် အခွန်အကောက်ဆိုင်ရာ ဥပဒေကိုလည်း လွှတ်တော်မှ စိစစ်သုံးသပ်ရန် ရှိနေသည်။ထိုပြင် ပြည်သူများအကြား စိတ်ဝင်စားမှု ရှိနေသည့် မျိုးစောင့်ဥပဒေ ၄ မျိုးကိုလည်း လွှတ်တော်၌ ဆွေးနွေးအတည်ပြုရန် ရှိနေသည်။ယခု ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးသည် လက်ရှိအစိုးရလက်ထက် နောက်ဆုံးပြုလုပ်မည့် လွှတ်တော်အစည်းအဝေးတစ်ခု မဟုတ်သေးသော်လည်း လက်ရှိအစိုးရအတွက် ဘတ်ဂျက်စီမံခန့်ခွဲခွင့် ရရှိနိုင်မည့် နောက်ဆုံးလွှတ်တော် အစည်းအဝေးတစ်ခု ဖြစ်လာမည် ဖြစ်သည်။   

Most Read

Most Recent