မြန်မာနိုင်ငံ၏ မော်ဒန်ပန်းချီခေတ်ဦးကို ဖန်တီးခဲ့သူ ပန်းချီဦးခင်မောင်ရင်သည် ဇွန် ၁ဝ ရက်တွင် ပင်လုံဆေးရုံ၌ အသံအိုးကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပါသည်။ ပန်းချီခင်မောင်ရင် ကွယ်လွန်ခဲ့ခြင်းသည် ပန်းချီလောက၏ ဆုံးရှုံးမှုတစ်ခုအဖြစ် ၂ဝ၁၄ ခုနှစ်၏ ထင်ရှားကျော်ကြားဖြစ်ရပ်တွင် ထည့်သွင်းဖော်ပြအပ်ပါသည်။ မြန်မာမော်ဒန်ပန်းချီ၏ အခန်းကဏ္ဍတွင် အဓိကပါဝင်ခဲ့သည့် ပန်းချီဆရာကြီးများအနက် တစ်ဦးဖြစ်သည့် ပန်းချီဦးခင်မောင်ရင်သည် ကွယ်လွန်ချိန်တွင် အသက် (၇၆) နှစ်ရှိပြီဖြစ်ပြီး ကွယ်လွန်ချိန်ထိ ပန်းချီရေးဆွဲရင်း အသက်ရှင်နေထိုင်ခဲ့သူ ဖြစ်သည်။ပန်းချီဦးခင်မောင်ရင်ကို ၁၉၃၈ ခုနှစ် နိုဝင်ဘာ ၁၈ ရက်တွင် ပဲခူးမြို့ သာယာကုန်းရွာ၌ မွေးဖွားခဲ့သည်။ ဗိသုကာအင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပြီး ၁၉၆ဝ ပြည့်နှစ်တွင် ပန်းချီစတင်ရေးဆွဲခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ပန်းချီဦးခင်မောင်ရင်၏ ပထမဆုံး တစ်ကိုယ်တော်ပြပွဲ ပြုလုပ်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် မြန်မာမော်ဒန်လှုပ်ရှားမှုအဖြစ် ပြုလုပ်ခဲ့သည့် ပထမဆုံး မော်ဒန်သီးသန့်ပန်းချီပြပွဲတွင် ဗဂျီအောင်စိုး၊ ဦးခင်မောင် (ဘဏ်)၊ ကိုရွှေအောင်သိမ်း၊ အုပ်ကြီးတို့ဖြင့် တွဲဖက်ပြီး ပြသခဲ့သည်။ မြန်မာမော်ဒန်ပန်းချီလှုပ်ရှားမှုတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် “အေအိုင်”ရုံးခန်း တည်ထောင်သူတစ်ဦးလည်းဖြစ်သည်။ ၁၉၇၃ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်ကြား ပန်းချီအနည်းငယ်သာ ရေးဆွဲခဲ့ပြီး အင်္ဂလိပ်ဆရာအဖြစ် နေထိုင်ခဲ့သည်။ထို့ပြင် “နှမလက်လျှော့နေလေတော့”ရုပ်ရှင်ကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပြီး ခင်မောင်ရင်အမည်ဖြင့် ပေါ်ဦးသက်အလည်လာခြင်းနှင့် အခြားပန်းချီဆိုင်ရာစာအုပ်များ ရေးသားခဲ့သည်။ပန်းချီခင်မောင်ရင်သည် သူ၏နောက်ဆုံး တစ်ကိုယ်တော်ပန်းချီပြပွဲကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် “ခင်မောင်ရင် ၇၅” အမည်ဖြင့် အသက် ၇၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့သည်။
ကွယ်လွန်ချိန်အထိ ပန်းချီရေးဆွဲခဲ့သူ မော်ဒန်ပန်းချီခေတ်ဦး ဖန်တီးရှင် ပန်းချီ ဦးခင်မောင်ရင်