စာရေးဆရာကြီး ဆရာမြသန်းတင့် မွေးဖွားရာဇာတိမြို့ အညာမြေက `မြိုင် `။ မြိုင်မြို့အဝင် တမာပင်တန်းများက လမ်းဘေးဘယ်ညာတွင် အတန်းလိုက်။ ယခုလို မိုးကာလတွင် စိမ်းစိုပြီး လှပနေတတ်ပါတယ်။ အနီးအနားကျေးရွာများက စျေးဝယ်စျေးရောင်းလာသူတွေနဲ့ အတော်အသင့် စည်ကားသည့်မြို့။ သို့သော် ယခုတမာပင်တန်းများ စိမ်းစိုနေသော်လည်း မြို့တွင်းတွင်သွားလာသူ နည်းပါး၍ ခြောက်ခြောက်ကပ်ကပ်နှင့် မစိုပြေတော့။
`မြိုင်မြို့ပေါ်မှာတော့ ပြောင်းစရာမရှိတဲ့သူနဲ့၊ အိမ်စောင့်လောက်ပဲ ကျန်တော့တာ။ အရောင်းအဝယ်ဆိုတာလည်း မဖြစ်တော့ဘူး။ ရွာတွေကလည်း စျေးဝယ်ဆိုတာ မလာနိုင်တော့ဘူး။ မနက် ၈ နာရီလောက်ဆိုရင်တော့ စျေးဝယ်နဲ့ စျေးရောင်းတာတွေ ရှိတယ်။ နေ့ခင်းဆိုရင်ကို မြို့ပေါ်လူသွားလူလာမရှိသလောက်ပဲ` လို့ မြိုင်မြို့ဒေသခံတစ်ဦးကပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်ခန့်မှစလို့ မြိုင်မြို့နယ်တွင် မတည်ငြိမ်မှုများ စတင်လာခဲ့သလို ယခင်က မကြုံဖူးသည့် သေနတ်သံ၊ အမြောက်သံတွေ ကြားလာရပါတယ်။ လူတွေ သေဆုံးရသလို ပစ္စည်းဥစ္စာများလည်း ဆုံးရှုံးရပါတယ်။ တဖြည်းဖြည်းနဲ့ အခြေအနေပိုဆိုးရွားလာပါတယ်။ အကျိုးဆက်အနေနဲ့ ဒေသခံများ၏ စီးပွားရေး ၊ ပညာရေးနဲ့ ကျန်းမာရေး အကုန်ခက်ခဲလာပါတယ်။
`ရေရှည်အတွက် ပြောင်းလိုက်တာ။ ကျောင်းပြောင်းလက်မှတ်ယူပြီး တခြားမြို့ပြောင်းထားရတယ်။ ကိုယ့်စီးပွားရေးကလည်း ဘာမှ လုပ်မရတော့ဘူး `လို့ မြိုင်မြို့ဒေသခံတစ်ဦး ကပြောပြပါတယ်။
မြို့ပေါ်မှာ အရောင်းအဝယ်လုပ်ငန်းတွေ လျော့ကျသွားသလို ရွာတွေမှာလည်း အမြဲသတိနဲ့ နေရတယ်လို့လည်း သိရပါတယ်။ ဒီနှစ် မိုးကောင်းပေမဲ့ နယ်မြေမတည်ငြိမ်လို့ ယာလုပ်ငန်း မလုပ်နိုင်ကြဘူးလို့လည်း သိရပါတယ်။ မနှစ်ကလည်း ယာလုပ်ငန်းကောင်းကောင်းမလုပ်နိုင်သလို ဒီနှစ်လည်း လုပ်ကိုင်နိုင်ခြေနည်းလို့ ရေရှည်မှာ စားဝတ်နေရေး အခက်အခဲရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မြိုင်မြို့နယ်က ဒေသခံအများစုက တောင်သူလုပ်ငန်းနဲ့ အသက်မွေးကြတော့ မြေပဲ၊ နှမ်း၊ ပဲစင်းငုံနဲ့ ပဲတီစိမ်းတွေ စိုက်ပျိုးကြပါတယ်။ ဒီနှစ် သီးနှံစျေးအားလုံး အမြင့်ဘက်မှာရှိသလို ပဲစင်းငုံတစ်တင်း ကျပ်တစ်သိန်းကျော်စျေးရှိပါတယ်။ သို့ပေမဲ့ တချို့ဒေသခံတွေ သီးနှံမစိုက်ပျိုးနိုင်ဘဲ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။
`တချို့ကတော့ လုံးဝကို မစိုက်တော့တာ။ ယာထဲလည်း မသွားရဲ ရွာမှာလည်း မနေရဲတွေ ဖြစ်ကုန်တယ်။ ကျွန်တော်တို့ကတော့ စိုက်ကြတယ်။ စိုက်ချိန်ရောက်တုန်း ကိုယ့်ရွာပတ်ဝန်းကျင်မှာ ဘာမှမဖြစ်တော့ နေလို့သွားလို့ရတာနဲ့ စိုက်ပျိုးရေးလုပ်တယ်။ မိုးဦးတုန်းက နှမ်းစိုက်တယ်။ ရွာမှာ မတည်ငြိမ်ဘူးဆိုရင် ဘေးလွတ်ရာနေရတယ်။ အေးဆေးသွားပြီဆိုရင် ရွာပြန်လာပြီး တောင်သူအလုပ်ပြန် ပ်တယ်။ တချို့ရွာဘက်တွေက အမြဲလိုလို မအေးချမ်းနေတာတွေရှိတော့ စိုက်မရပျိုးမရ ဖြစ်ကုန်တယ်` လို့ မြိုင်မြို့နယ် အရှေ့ပိုင်းက တောင်သူက ပြောပြပါတယ်။
ပခုက္ကူ၊ မြိုင်၊ ပေါက် နှင့် ရေစကြိုမြို့နယ်တွေ နယ်မြေချင်း ထိစပ်နေကြသလို အဖြစ်အပျက်တွေကလည်း တူညီကြပါတယ်။ ကားလမ်းပိုင်းတွေက သတိနဲ့ သွားလာရသလို တစ်ခါတစ်ရံ လုုံးဝသွားလာလို့မရ။ အဆိုပါရက်တွေမှာ ကုန်စည်စီးဆင်းမှု နှေးကွေးသွားသလို ရပ်တန့်လုနီးပါးအခြေအနေ။ မြိုင်နဲ့ ပေါက်မြို့နယ်တို့က ကားများ မလာနိုင်သည့်ရက်ဆိုရင် ပခုက္ကူမြို့စျေးက သိသိသာသာ ခြောက်ကပ်နေသလို ကားများ သွားလာနိုင်ရင်စည်ကားပါတယ်။
`အရင်က မနက် ၈ နာရီဆိုရင် ပခုက္ကူစျေးက စည်နေပြီ။ ရွာကားတွေကလည်း အစောကြီးဝင်ကြတာ။ ညနေစျေးမပိတ်မချင်း ရောင်းကြဝယ်ကြ ပစ္စည်းပို့ကြနဲ့ အလုပ်ဖြစ်တယ်။ ဒီနှစ်ပိုင်း သိသိသာသာစျေးဝယ်နည်းတယ်။ ရွာတွေကလည်း မလာနိုင်ဘူး။ ပေါက်တို့ မြိုင်တို့ဆို မလာသလောက်ပဲ။ ခုက မနက် ၉ နာရီလောက်မှ စျေးဝယ်စလာတယ်။ နေ့ခင်း ၂ နာရီိဆိုရင် စျေးကရှင်းပြီ။ နယ်က စျေးဝယ်မရှိတော့ဘူး။ တစ်ပတ်မှ တစ်ရက်လောက်ပဲ ကောင်းကောင်းရောင်းရတော့တယ်` လို့ ပခုက္ကူမြို့မှ စျေးရောင်းသူတစ်ဦးက အခြေအနေကို ပြောပြပါတယ်။
လက်ရှိအညာမြေမှာ စိုက်ပျိုးရေး၊ ရောင်းဝယ်ရေးလုပ်ငန်းများ မကောင်းသလို အခြားလုပ်ငန်းများလည်း မကောင်းပါ။ သွားလာရေးမလုံခြုံမှုက လုပ်ငန်းများကို ခက်ခဲစေပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က ဆောက်လုပ်ရေးအဖွဲ့တစ်ခု ပခုက္ကူကနေ ရေစကြိုမြို့မှာရှိတဲ့ လုပ်ငန်းခွင်ဆီ သွားရောက်ခဲ့ပါတယ်။ ညနေပိုင်းလုပ်ငန်းခွင်ပြီးလို့ ရေစကြိုမြို့ကနေ ပခုက္ကူမြို့ကိုအပြန် ကြီးကန်ရွာနဲ့ ကံသစ်ရွာအကြား ကားလမ်းပေါ်မှာ လက်နက်ကိုင်တွေရဲ့ ၀ိုင်းဝန်းပစ်ခတ်မှုခံခဲ့ရပြီး ကားပေါ်လိုက်ပါ လာသူ ငါးဦးစလုံး သေဆုံးခဲ့ပါတယ်။ ကုမ္ပဏီပိုင်ရှင် အမျိုးသမီး၊ ဝန်ထမ်းအမျိုးသမီးတစ်ဦးနဲ့ ဆေးသုတ်လုပ်သား သုံးဦး သေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးသူတွေ အလောင်းတွေကို နေအိမ်သယ်လာချိန်မှာ သေနတ်ဒဏ်ရာတွေက ခန္ဒာကိုယ်အနှံ။ သေဆုံးသွားတဲ့ ဆေးသုတ်လုပ်သားသုံးဦးမှာ မိခင်ကျန်ခဲ့သူ၊ ကလေးနဲ့ဇနီးကျန်ခဲ့သူတွေ ပါပါတယ်။ မိသားစုဝင်များက ယနေ့တိုင် သူတို့သား၊ သူတို့ခင်ပွန်း ဘယ်အဖွဲ့က ဘာကြောင့် ဒီလိုပစ်သတ်ရသလဲဆို တာ အဖြေရှာလို့မရ။ ယခုအခြေအနေက ရိုးသားစွာ လုပ်ကိုင်စားသူတွေပင် မလွယ်ကူ။
ပေါက်မြို့နယ်မှာလည်း သေနတ်သံတွေက ဆူညံနေပါတယ်။ မကြာခင် မိုးကာလလည်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး ချောင်းရေပါးရင် ယောချောင်းကျောချောင်းထဲမှာ ကြက်သွန်စိုက်ပျိုးလုပ်ငန်းတွေ ပြန်စတော့မှာ ဖြစ်ပါတယ်။ သို့ပေမဲ့ စိုက်ပျိုးလုပ်ကိုင်နိုင်ဖို့ အခက်အခဲစိန်ခေါ်မှုတွေ များနေမှာပါ။ ပေါက်မြို့နယ်ထဲက ဇီးပြားရွာဆိုရင် အပြင်ထွက်ဖို့ မလွယ်ကူ စားစရာပြတ်လပ်လို့ ကြွေဥတူးစားရသည်အထိ ဖြစ်ပေါ်နေတယ်လို့ သတင်းဌာနအချို့က ဖော်ပြနေပါတယ်။
ပခုက္ကူ၊ မြိုင်၊ ပေါက်နဲ့ ရေစကြိုဆိုတဲ့အညာမြေတွေမှာ ဘယ်အချိန်မှ ပြန်လည်စိမ်းလန်းတော့မည်ကို မှန်းဆလို့ မရသေး....။