ကော်ပိုရိတ် အုပ်ချုပ်ရေး (Corporate Governance)

ကော်ပိုရိတ် အုပ်ချုပ်ရေး (Corporate Governance)
Published 1 October 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

တိုင်းပြည် တည်ဆောက်ခြင်း၊ နိုင်ငံတော်တည်ဆောက်ခြင်းကို ဦးစီးဦးဆောင် ပြုလုပ်ဆောင်ရွက်ကြမည့် လူပုဂ္ဂိုလ်ကြီးများအနေဖြင့် အတတ်ပညာ၊ အသိပညာ၊ ဉာဏ် ပညာကြီးမားရန် လိုအပ်ချက်မှာ မရှိမဖြစ် အသက်တမျှ အရေးကြီး သည့် အရည်အချင်းများ ဖြစ်ပါသည်။ ထိုသို့မဟုတ်ပါက မူလရည်ရွယ်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် အစီအစဉ်များ၊ လုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်တတ်ကြသဖြင့် ပြင်ဆင်ရန်ခက်ခဲသော ကြီးမားပြင်းထန်သည့် အမှားကြီးများကို ရည်ရွယ်ချက်ထားရှိလျက်နှင့်သော်လည်းကောင်း၊ တစ်ခါတစ်ရံ မရည်ရွယ်ဘဲနှင့်သော်လည်းကောင်း ကျူးလွန်တတ်လေ့ရှိကြပါသည်။

တိုင်းပြည် တည်ဆောက်ခြင်း၊ နိုင်ငံတော်တည်ဆောက်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် စနစ်တကျ ရေးဆွဲချမှတ် ပြဋ္ဌာန်းထားရှိသည့် ဒီဇိုင်းမိုဒယ် ပုံစံသည်လည်း အရေးကြီးလှပါ သည်။ ထိုကဲ့သို့ ရေးဆွဲ ချမှတ် ပြဋ္ဌာန်းထားရှိသည့် ဒီဇိုင်းမိုဒယ် အရသာ ပါဝင်ပတ်သက်သူအား လုံးတို့က သူ့နေရာနှင့်သူ လိုက်ပါ ဆောင်ရွက်ကြရပါသည်။ အကယ်၍ “ဒီဇိုင်းမိုဒယ်ပုံစံကို ရေးဆွဲချမှတ် ပြဋ္ဌာန်းခြင်းမရှိဘဲ ကြုံသလို ဖြစ်သလို နံကြားထောက်ပြီး အမိန့်ပေးကာ အကောင်အထည်ဖော်ဆောင် ရွက်မည်ဆိုပါက မည်ကဲ့သို့သော အကျိုးဆက်များ ဖြစ်ထွန်းပေါ်ပေါက်လာစေနိုင်ပါသလဲ” ဆိုသည့် မေးခွန်းဖြစ်ပါသည်။

အထက်ဖော်ပြပါ မေးခွန်း၏အဖြေကို ယခုဆောင်းပါးအဆင့်နှင့် ပြည့်စုံအောင်ရှင်းလင်းတင်ပြရန် မဖြစ်နိုင်ပါသော်လည်း စာဖတ်သူများ အလွယ်တကူ သိမြင်နားလည်နိုင်စေရန်အလို့ငှာ ဥပမာတစ်ခုနှင့် ရှင်းလင်းတင်ပြပါမည်။ ဥပမာအားဖြင့် လူတိုင်း သိလွယ် မြင်လွယ် ဖြစ်မည်ဟု ယူဆရသည့် အဆောက်အအုံ ရှစ်ထပ်တိုက်တစ်လုံးကို တည်ဆောက်ခြင်းဖြစ်ရပ်အား အခြေခံကာ တင်ပြပါမည်။ ရှစ်ထပ်တိုက်တစ်လုံးကို တည် ဆောက်ရာတွင် ငွေကြေး၊ ပစ္စည်း၊ လူအင်အား၊ နည်းပညာ စသည်ဖြင့် အခြေခံသည့် လိုအပ်ချက်များ တည်ရှိနိုင်ပါသော်လည်း အရေးအကြီးဆုံးအချက်မှာ ရှစ်ထပ်တိုက်နှင့် ပတ်သက်သည့် ဒီဇိုင်းမိုဒယ်ပုံစံပင် ဖြစ်ပါသည်။

ရှစ်ထပ်တိုက်နှင့် ပတ်သက်သည့် ဒီဇိုင်းမိုဒယ်ပုံစံကို ရေးဆွဲ ပြဋ္ဌာန်း အတည်ပြုထားရှိပြီးမှသာလျှင် ပစ္စည်းဝယ်ယူစုဆောင်းရမည့်အပိုင်း၊ သယ်ယူပို့ဆောင်ရမည့်အပိုင်း၊ အင်ဂျင်နီယာက ကြီးကြပ်တာဝန်ယူရမည့်အပိုင်း၊ မြေကြီးကို ပြုပြင်ရမည့်အပိုင်း၊ သံချည်သံကွေးသမားများက ပြုလုပ်တာဝန်ယူရမည့်အပိုင်း၊ ပန်းရံများက ပြုလုပ်တာဝန်ယူရမည့်အပိုင်း၊ လက်သမားများက ပြုလုပ်တာဝန် ယူရမည့်အပိုင်း စသည်ဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် အပြည့်အဝ တာဝန်ယူပြီး အကောင်အထည် ဖော်ဆောင်ရွက်ကြမှသာလျှင် ရှစ်ထပ်တိုက် အဆောက်အအုံသည် အောင်မြင်စွာ တည်ဆောက်ပြီးစီးနိုင်မည် ဖြစ်ပါသည်။

အကယ်၍ ရှစ်ထပ်တိုက်အဆောက်အအုံကို ဒီဇိုင်းမိုဒယ်ပုံစံ ရေးဆွဲပြဋ္ဌာန်း အတည်ပြုထားခြင်း မရှိဘဲ လူတစ်ဦးတစ်ယောက်တည်းက လုပ်ငန်းဆောင်ရွက်မည့်သူများ အား နံကြားထောက်ပြီး အမိန့်ပေး ခိုင်းစေခြင်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ကြမည်ဆိုပါက မည်သည့်အကျိုးဆက်များ ဖြစ် ထွန်းပေါ်ပေါက်လာနိုင်မည်ကိုမူ စာဖတ်သူများကပင် စဉ်းစားပြီး အဖြေထုတ်ကြစေလိုပါသည်။

တိုင်းပြည် တည်ဆောက်ခြင်း၊ နိုင်ငံတော် တည်ဆောက်ခြင်းကို အကောင်အထည်ဖော်ဆောင် ရွက်ကြရာတွင် စနစ်တကျ ရေးဆွဲ ချမှတ်ပြဋ္ဌာန်းထားရှိသည့် ဒီဇိုင်း မိုဒယ်ပုံစံကို ရေးဆွဲချမှတ်ပြဋ္ဌာန်းခြင်းမရှိဘဲ ကြုံသလို ဖြစ်သလို နံကြားထောက်ပြီး အမိန့်ပေးအကောင်အထည်ဖော်ဆောင်ရွက် မည်ဆိုပါက ဖြစ်ပေါ်လာနိုင်စေမည့် အကျိုးဆက်များအနက်အဆိုးဝါးဆုံးနှင့် အပြင်းထန်ဆုံး အကျိုး ဆက်မှာ ဆန့်ကျင်ဘက်ဖြစ်သည့် ကိစ္စရပ်များကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်ဆောင် ရွက်တတ်သည့်အတွက် ဆန့်ကျင် ဘက် အကျိုးသက်ရောက်မှုများကို ဖြစ်ထွန်းပေါ်ပေါက်လာသောကြောင့် တိုင်းပြည်နိုင်ငံပျက်စီးစေပြီး ပြည်သူ ပြည်သား နိုင်ငံသားများ၏ အသက်ပေါင်း မြောက်မြားစွာ သေကျေပျက်စီးစေပါသည်။

သို့သော်လည်း ကမ္ဘာပေါ်တွင် ထူးခြားချက်တစ်ရပ်အနေနှင့် တင်ပြရပါလျှင် တိုင်းပြည်နိုင်ငံတော်က လက်ခံကျင့်သုံးလျက်ရှိသည့် နိုင်ငံရေးစနစ်မှာ ကွန်မြူနစ်စနစ် ဖြစ်ပါသော်လည်း တိုင်းပြည် နိုင်ငံ၏ စီးပွားရေးစနစ်ကို ကွန်မြူနစ်နိုင်ငံရေးစနစ်နှင့် လိုက်လျော ညီထွေ ကိုက်ညီမည့်စနစ်အား လက်ခံကျင့်သုံးနေရာမှ စျေးကွက် စီးပွားရေးစနစ်ကို ပြောင်းလဲကျင့် သုံးနိုင်စေရန် စနစ်တကျ ဒီဇိုင်းမိုဒယ်ပုံစံတည်ဆောက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြသည့်အတွက် အောင်မြင်မှုများရရှိခဲ့သည်ကို ယနေ့ကမ္ဘာပေါ်တွင် တွေ့မြင်နိုင်ပါသည်။

စာဖတ်သူများအတွက် သတိပြုစေလိုသည့်အချက်မှာ တိုင်းပြည် နိုင်ငံတော်က လက်ခံကျင့်သုံးလျက်ရှိသည့် နိုင်ငံရေးစနစ် အုပ်ချုပ်ရေးစနစ်မှာ စစ်အုပ်ချုပ်ရေးဖြစ်ပြီး စျေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးနိုင်စေရန် ကြိုးပမ်းအား ထုတ်ခဲ့ကြပါသော်လည်း စနစ်တကျ ဒီဇိုင်းမိုဒယ်ပုံစံ တည်ဆောက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းအားထုတ်ခြင်းမပြုဘဲ ကြုံသလို ဖြစ်သလို နံကြားထောက်ပြီး အမိန့်ပေး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသဖြင့် တိုင်းပြည်နိုင်ငံတော်သည် ကျဆုံးနိုင်ငံတော်အဖြစ်သို့ ရောက်ရှိစေကာ ပျက်စီးစေခဲ့ရပြီး ပြည်သူပြည်သားနိုင်ငံသားများ၏ အသက်ပေါင်းမြောက်မြား စွာလည်း သေကျေပျက်စီးစေခဲ့ပါသည်။

ထိုနည်းတူစွာ အထက်တွင် ဖော်ပြခဲ့သည့် စျေးကွက်စီးပွားရေး စနစ်ကဲ့သို့ပင် တိုင်းပြည်နိုင်ငံတော်က လက်ခံကျင့်သုံးလျက်ရှိသည့် နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်ကို အခြေခံကာ ကော်ပိုရိတ်အုပ်ချုပ်ရေး (Corporate Governance) သဘောတရားများသည်လည်း အမျိုးမျိုး အဖုံဖုံကွဲပြားခြားနားလျက် တည်ရှိနေပါသည်။ ယခု ဆောင်းပါးတွင်မူ စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Organization for Economic Cooperation and Development) (OECD) အိုအီးစီဒီက သတ်မှတ်ဖော်ပြထားရှိသည့် အဓိပ္ပာယ်ကိုသာ အခြေခံပြီး ရှင်းလင်းတင်ပြပါမည်။ အိုအီးစီဒီ က (Corporate Governance) ကို “ကော်ပိုရိတ်စီမံအုပ်ချုပ်မှု” အဖြစ် ဘာသာပြန်ဆိုထားပါသော်လည်း စာရေးသူအနေဖြင့်မူ ပိုမိုကျယ်ပြန့်သည့် “ကော်ပိုရိတ်အုပ်ချုပ်ရေး” အဖြစ် ဘာသာပြန်ဆိုထားပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ မြန်မာနိုင်ငံအနေနှင့် လွတ်လပ်ရေးရရှိပြီးချိန်နောက်ပိုင်း ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အုပ်ချုပ်ရေးစနစ်များ မှာ ပါလီမန်ဒီမိုကရေစီ၊ စစ်အုပ်ချုပ်ရေး၊ ပါလီမန်ဒီမိုကရေစီ၊ စစ်အုပ်ချုပ်ရေး၊ စစ်ခေါင်းဆောင်ကြီးများ၏ တစ်ပါတီ အာဏာရှင်အုပ်ချုပ်ရေး၊ စစ်အုပ်ချုပ်ရေး၊ ပါတီစုံဒီမိုကရေစီ၊ စစ်အုပ်ချုပ်ရေးစသည်ဖြင့် ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အုပ်ချုပ်ရေး စနစ်များဖြစ်ပြီး ၎င်းအုပ်ချုပ်ရေးစနစ်များကို လေ့လာကြည့်ပါက ဒီမိုကရေစီအုပ်ချုပ်ရေး သဘောတရားနှင့် ဒီဇိုင်းမိုဒယ်ပုံစံကို အခြေခံခြင်းမရှိဘဲ အမိန့်အာဏာကိုသာ အခြေခံသည့် စစ်အုပ်ချုပ်ရေး သဘောတရားများမှာ အရှေ့နှင့် အနောက်၊ တောင်နှင့် မြောက်ကဲ့သို့ ဝေးကွာလှသည့် အခြေအနေဖြစ် ပြီး အဆိုပါ အုပ်ချုပ်ရေးစနစ်များအောက်တွင် တည်ရှိနေမည့် စီးပွားရေးစနစ်များကိုလည်း စာဖတ်သူ များအနေဖြင့် ခန့်မှန်းကြည့်နိုင်ပါသည်။

ကာလတာရှည် ကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အမိန့်အာဏာကိုသာ အခြေခံသော အုပ်ချုပ်ရေးစနစ်ကဲ့သို့ပင် စီးပွားရေးစနစ်များသည်လည်း ဒီဇိုင်းမိုဒယ်ပုံစံမရှိဘဲ နံ ကြားထောက်ပြီး အမိန့်ပေးဆုံးဖြတ်ချက်ချမှတ်လျက်ရှိသည့် အခြေအနေများအောက်တွင် မည်ကဲ့သို့သော ကော်ပိုရိတ်အုပ်ချုပ်ရေးပုံစံ တည်ရှိဖြစ်ပေါ်စေနိုင်မည့် အခြေအနေကို တာဝန်ရှိသူများနှင့် ပြည်သူပြည်သားနိုင်ငံသားများအနေနှင့် သိမြင်နားလည်စဉ်းစားတွေး ခေါ်နိုင်စေရန် ရည်ရွယ်ပါသည်။

ပထမဦးစွာ ကော်ပိုရိတ် အုပ် ချုပ်ရေး (Corporate Governance) ၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်ဖွင့် ဆိုချက်များကို ရှင်းလင်းတင်ပြပါမည်။ စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Organization for Economic Co-operation and Development) (OECD) အိုအီးစီဒီက သတ်မှတ် ဖော်ပြထားရှိသည့် ရည်ရွယ်ချက် နှင့် အဓိပ္ပာယ်ကို ဖော်ပြရပါလျှင်-  “The purpose of corporate governance is to help build an environment of trust, trans-parency and accountability necessary for fostering long-term investment, financial stability and business integrity, thereby supporting stronger growth and more inclusive societies.” (Reference: 1, pp – 7.)

ဖော်ပြထားချက်အရ “ကော်ပိုရိတ်အုပ်ချုပ်ရေး၏ ရည်ရွယ်ချက်မှာ ရေရှည်ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရန်အတွက်သော်လည်းကောင်း၊ ဘဏ္ဍာရေးကဏ္ဍ တည်ငြိမ်စေရန်အတွက်သော် လည်းကောင်း၊ စီးပွားရေးလုပ် ငန်းများ သမာဓိဂုဏ်သိက္ခာရှိပြီး တည်ကြည်စွာ ရပ်တည်နိုင်စေရန်အတွက်သော်လည်းကောင်း မရှိမဖြစ်လိုအပ်သည့် တာဝန်ယူမှု တာဝန်ခံမှုရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် ယုံကြည်မှုရှိမည့် ဝန်းကျင်တစ်ရပ်ကို တည်ဆောက်ရာတွင် ပံ့ပိုးကူညီရန်ဖြစ်ပါသည်။ ထိုကဲ့သို့ကူညီခြင်းအားဖြင့် လူ့အဖွဲ့အစည်းအတွင်း အားလုံးပါဝင်နိုင်စွမ်း မြင့်မားလာမည်ဖြစ်သည့်အပြင် ခိုင်မာအားကောင်းသည့် တိုးတက် မှုကိုလည်း အထောက်အကူဖြစ်စေ ပါသည်။”

“Corporate governance involves a set of relationships between a company’s management, its board, its share-holders and other stakeholders.  Corporate governance also provides the structure through which the objectives of the company are set, and the means of attaining those objectives and monitoring performance are determined.” (Reference: 1, pp – 9.)

ဖော်ပြထားချက်အရ “ကော်ပိုရိတ်အုပ်ချုပ်ရေးသည် ကုမ္ပဏီ တစ်ခုအတွင်း စီမံခန့်ခွဲမှုလုပ်ငန်းများအကြားရှိ ဆက်စပ်ပတ်သက်သည့် အစုအဖွဲ့ပုံစံ တစ်ခုအနေနှင့် ပါဝင်ပတ်သက်လျက်ရှိသည့်အ ပြင် အခြားသောအကျိုးနှင့်သက်ဆိုင်သည့် ပါဝင်ပတ်သက်သူများ၊ အစုရှယ်ယာရှင်များနှင့် ၎င်း၏ဘုတ်အဖွဲ့ဝင်များလည်း ပါဝင်ပတ် သက်လျက်ရှိနေပါသည်။

ကော်ပိုရိတ်အုပ်ချုပ်ရေးသည် ကုမ္ပဏီတစ်ခု၏ရည်ရွယ်ချက်များ စုဖွဲ့ထားရှိခြင်းကို ကုမ္ပဏီ၏ ဖွဲ့စည်းတည်ဆောက်ပုံအနေဖြင့် တိုက်ရိုက် ပံ့ပိုး အကောက်အကူ ပေးသည့်အပြင် ၎င်း၏ ရည်ရွယ်ချက်များ အောင်မြင်ပြီးမြောက်စေရန် နည်းလမ်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် စွမ်းဆောင်မှုကို လေ့လာစောင့်ကြည့် အကဲဖြတ်ခြင်းအားဖြင့်လည်း အဆုံးအဖြတ်ပေးပါသည်။”

စာဖတ်သူများအတွက် နှိုင်းယှဉ်လေ့လာနိုင်စေရန်အလို့ငှာ ရုရှားနိုင်ငံအတွင်းရှိ အင်စတီကျု (Institute) တစ်ခုကက ဖော်ထုတ်ထားရှိသည့် ကော်ပိုရိတ်အုပ်ချုပ်ရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို တင်ပြထားပါသည်။ ရုရှားနိုင်ငံသည် မည်ကဲ့သို့သော နိုင်ငံအမျိုးအစားတွင် ပါဝင်သည်ကို စာဖတ်သူများအနေဖြင့် အလိုအလျောက် သိမြင်နားလည်ပြီး ဖြစ်မည်ဟု ထင်မြင်ပါသည်။

Russia – from the Corporate Governance Code of the Russian Institute of Directors “Corporate governance” is a term that encompasses a variety of activities connected with the management of companies.  Corporate governance affects the performance of economic entities and their ability to attract the capital required for economic growth.” (Reference: 2, pp – 8.)

ရုရှားနိုင်ငံအတွင်းရှိ အင်စတီကျု (Institute) တစ်ခုက ဖော်ထုတ်ထားရှိသည့် ကော်ပိုရိတ်အုပ်ချုပ် ရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဖော်ပြထားချက်အရ တင်ပြရပါလျှင် “ကော်ပိုရိတ် အုပ်ချုပ်ရေးဆိုသည်မှာ စကားလုံး စကားရပ် ဝေါဟာရ တစ်ခုသာဖြစ်ပြီး ကုမ္ပဏီများ၏ စီမံခန့်ခွဲမှုနှင့် အမျိုးမျိုးသော လုပ်ငန်းဆောင်ရွက်မှုများအား ပေါင်းစည်းဆက်သွယ်မှုတစ်ရပ်တွင် အကျုံးဝင်ပါသည်။ ကော်ပိုရိတ်အုပ်ချုပ်ရေးသည် စီးပွားရေး တိုးတက်ရန်အတွက် လိုအပ်သည့် အရင်းအနှီးရရှိနိုင်စေရန် ဆွဲဆောင်နိုင်စေသည့် စွမ်းရည်များရှိသည့်အပြင် စီးပွားရေးစွမ်းဆောင်ရည်နှင့် ပတ်သက်သည့် အဆောက်အအုံများအပေါ်တွင်လည်း အကျိုးသက်ရောက်မှု ဖြစ်စေပါသည်။”

ဒုတိယအနေဖြင့် ကော်ပိုရိတ် အုပ်ချုပ်ရေး (Corporate Governance) နှင့် ဆက်စပ်ပတ်သက်သည့် ဖွဲ့စည်း တည်ဆောက်ပုံ အမျိုးမျိုး၊ သဘောတရားများ၊ အကြောင်းအရာများကို စာဖတ်သူများအလွယ်တကူ သိမြင် နားလည်နိုင်စေရန် အလို့ငှာပုံတွင် ဖော်ပြထားပါသည်။

ယခုဆောင်းပါးတွင်မူ G20/OECD Principles of Corporate Governance တွင် ဖော်ပြထားရှိ သည့် “မူ”များ (Principles) အကြောင်းကို အကျဉ်းမျှ ထုတ်နုတ်ဖော်ပြပါမည်။ အသေးစိတ် ရှင်းလင်းတင်ပြရန်မှာ ယခုကဲ့သို့သော ဆောင်းပါးအဆင့်နှင့် ဖော်ပြရန် မဖြစ်နိုင်ပါသဖြင့် တင်ပြခြင်း မပြုတော့ပါ။ ကော်ပိုရိတ် အုပ်ချုပ်ရေးအတွက် “မူ” များ၏ အသုံးဝင်မှု တန်ဖိုးကို တင်ပြရပါလျှင် -  “The Principles are intended to help policymakers evaluate and improve the legal, regulatory, and institutional framework for corporate governance , with a view to support economic efficiency, sustainable growth and financial stability. This is primarily achieved by providing shareholders, board members and executives as well as financial intermediaries and service providers with the right incentives to perform their roles within a framework of checks and balances.” (Reference: 1, pp – 9).

ဖော်ပြထားချက်အရ “မူ” များ သည် ဘဏ္ဍာရေးကဏ္ဍတည်ငြိမ်စေရန်အတွက်သော်လည်းကောင်း၊ ရေရှည်တည်တံ့ ခိုင်မြဲသော တိုးတက်မှုအတွက်သော် လည်းကောင်း၊ စီးပွားရေး စွမ်း ဆောင်ရည်ကို အကျိုးရှိထိရောက်စွာ အထောက်အကူပြုစေရန်အတွက်သော်လည်းကောင်း မြင်ကွင်းအမြင်တစ်ရပ်အနေနှင့် ကော်ပိုရိတ်အုပ်ချုပ်ရေးအတွက် မူဝါဒချမှတ်သူများက အင်စတီကျူးရှင်းအတွက် မူဘောင်၊ ထိန်းကျောင်းနိုင်သည့် အခွင့်အာဏာ၊ တရားဥပဒေတို့အား ပိုမိုတိုးတက် ကောင်းမွန်လာစေရန်နှင့် လေ့လာဆန်းစစ်ရာတွင် ကူညီပံ့ပိုးထောက် ပံ့နိုင်စေရန် ရည်ရွယ်ပါသည်။

၎င်းသည် အခြေခံအားဖြင့် ရှယ်ယာရှင်များ၊ ဘုတ်အဖွဲ့ဝင်များ၊ စီမံခန့်ခွဲသူများအား ကူညီပံ့ပိုးခြင်း အားဖြင့်သော်လည်းကောင်း၊ ဝန်ဆောင်မှုပေးသူများ၊ ဘဏ္ဍာရေးနှင့် ပတ်သက်သည့် ကြားခံအဖွဲ့အစည်းများအား ပံ့ပိုးကူညီပေးရန် အတွက်သော်လည်းကောင်း မူဘောင်တစ်ရပ်အတွင်း စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ထိန်းကျောင်းခြင်းများကို အသုံးပြုကာ ၎င်းတို့၏ အခန်းကဏ္ဍကို တာဝန်ကျေပွန်အောင် ဆောင်ရွက်နိုင်စေရန် မှန်ကန်သော မက်လုံးပေးဆွဲဆောင်မှုများနှင့် အောင်မြင်ပြီးမြောက်စေရန် ဖြစ်ပါသည်။”

G20/OECD Principles of Corporate Governance  တွင် ဖော်ပြထားရှိသည့် “မူ” များ (Principles) ကို ဖော်ပြပါမည်။ ယခု ဆောင်းပါးတွင် “မူ” များနှင့် ပတ်သက်သည့် ခေါင်းစဉ်များကိုသာ တင်ပြနိုင်ပါသည်။ မူများကို တင်ပြရာတွင် စာဖတ်သူများ အလွယ်တကူသိမြင်နိုင်စေရန်အလို့ငှာ မြန်မာဘာသာပြန်ဆိုထားသည်များကို ဦးစွာဖော်ပြပြီး မူရင်း အင်္ဂလိပ်စာသားများကို ကပ်လျက် တင်ပြပေးပါမည်။ စာရေးသူ မြန်မာဘာသာဖြင့် ရေးသားတင်ပြချက်များသည် စာဖတ်သူများအတွက် အလွယ်တကူသိမြင်နားလည်နိုင်စေရန် ရည်ရွယ်ထားရှိပါသဖြင့် အခြားသောဌာနများ၊ ဝန်ကြီးဌာနများ လက်အောက်ရှိ ဌာနများနှင့် အဖွဲ့အစည်းများက ဘာသာပြန်ဆိုထားရှိချက်များနှင့် ကွဲလွဲနိုင်ပါကြောင်း တင်ပြအပ်ပါသည်။

(၁) အကျိုးရှိထိရောက်သော ကော် ပိုရိတ်အုပ်ချုပ်ရေး မူဘောင်တစ် ရပ်အတွက် အခြေခံကို သေချာခိုင် မာစေရန် ပြုလုပ်ဆောင်ရွက်ခြင်း။ (I. Ensuring the basis for an effective corporate governance framework)

(၂)  ရှယ်ယာပိုင်ရှင်များနှင့် အဓိက ပိုင်ဆိုင်ခွင့်ရှိသူတို့နှင့် ပတ်သက် သည့် လုပ်ငန်းအကောင်အထည် ဖော် ဆောင်ရွက်ခြင်းများတွင် ၎င်းတို့၏ အခွင့်အရေးများနှင့် တရားမျှတညီမျှစွာ ပြုမူခြင်းဆက်ဆံခြင်း။ (II. The rights and equitable treatment of shareholders and key ownership functions)

(၃) အင်စတီကျူးရှင်း အဖွဲ့အစည်း အလိုက် ရင်းနှီးမြှုပ်နှံသူများ၊ စတော့စျေးကွက်နှင့် အခြားသော ဘဏ္ဍာရေးကြားခံအဖွဲ့အစည်း များ။ (III. Institutional investors, stock markets, and other intermediaries)

(၄) ကော်ပိုရိတ်အုပ်ချုပ်ရေး အတွင်း အကျိုးနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်သူများ၏ အခန်း ကဏ္ဍ။ ((IV. The role of stake-holders in corporate governance)

(၅) ထုတ်ဖော်ပြောကြားခြင်း ဖွင့် ဟ ကြေညာခြင်းနှင့် ပွင့်လင်းမြင် သာမှု။ (V. Disclosure and transparency)

(၆) ဘုတ်အဖွဲ့၏ လုပ်ငန်းတာဝန် များ။ (VI. The responsibilities of the board)

တတိယအနေဖြင့် မြန်မာနိုင်ငံတွင် တည်ရှိဖြစ်ပေါ်စေလျက် ရှိသည့် ကော်ပိုရိတ်အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို လေ့လာ တွေ့ရှိရသည့် အထောက်အထားများအား အခြေခံကာ စာရေးသူ၏ အမြင်သက်သက်နှင့် ရှင်းလင်းတင်ပြပါမည်။ စာဖတ်သူများ သိမြင်ပြီးဖြစ်မည်ဟု ထင်မြင်ပါသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း  မြန်မာနိုင်ငံတွင် ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည့် အုပ်ချုပ်ရေးစနစ်များသည် “ခု ဆီထမင်း ခု စာ ကလေးကြော်”ကဲ့သို့ ပရမ်းပတာ ဖြစ်ပေါ်စေလျက်ရှိပြီး စီးပွားရေးစနစ်များသည်လည်း ပရမ်းပတာ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများအောက်တွင် မည်ကဲ့သို့သော ကော်ပိုရိတ်အုပ်ချုပ်ရေး ပုံစံများ တည်ရှိဖြစ်ပေါ်စေလျက်ရှိမည်ကို ခန့်မှန်းကြည့်နိုင်ပါသည်။

ပထမတင်ပြချက်အနေဖြင့် (Reference: 4) တွင် ဖော်ပြထား သည်ကို တိုက်ရိုက်တင်ပြရပါလျှင်- “ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အလေ့အထများသည် မြန်မာနိုင်ငံတွင် အခြေတည်စအဆင့်သာ ရှိသေးပြီး စျေးကွက်တွင် ပါဝင်သူများအနေဖြင့် ရှင်းလင်းသော လမ်းညွှန်ချက်များ လိုအပ်ပေသည်။ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုကို ပိုမိုကောင်းမွန်စေခြင်းသည် မြန်မာ့စီးပွားရေးကို ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ရာတွင် ဦးစားပေးရမည့် အချက်တစ်ခုအဖြစ် တွေ့ရသည်။ “စီးပွားရေးလုပ်ကိုင်ရာတွင် ကုန်ကျစရိတ်သက်သာသော၊ ရင်းနှီးမြှုပ်နှံသူ၏ ယုံကြည်မှုကို မြှင့်တင်ပေးသော၊ စွမ်းဆောင်ရည်မြင့်မားသော၊ အာမခံချက်ရှိပြီး လုပ်သာ ကိုင်သာရှိသည့် ရင်းနှီးမြှုပ်နှံမှု ဝန်း ကျင်တစ်ရပ်ပေါ်ပေါက်ရေး” ဆိုသည့် မဟာဗျူဟာ ရည်မှန်းချက်တစ်ခု ပါဝင်သော ၂၀၁၈-၂၀၃၀ အတွက် မြန်မာနိုင်ငံ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအား မြန်မာအစိုးရက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံအစိုးရက “ရှင်းလင်းသော ဥပဒေ၊ နည်းဥပဒေများအပြင် ကောင်းမွန်အားသာကာ ကြိုတင်ခန့်မှန်းနိုင်ပြီး အဆင်ပြေအောင် ထောက်ပံ့ပေး၍ အန္တရာယ်ကင်းသော ရင်းနှီးမြှုပ်နှံမှု အခြေအနေတစ်ရပ်ကို ကျယ်ပြန့်စွာ ဖန်တီးပေးရန် အရေးကြီးသည်” ဟု ဖော်ပြခဲ့သည်။ အထူးသဖြင့် ရေရှည်တည် တံ့ခိုင်မြဲရေး မဟာဗျူဟာက ကော်ပိုရိတ် စီမံအုပ်ချုပ်မှု အလေ့အထများ ပိုမိုကောင်းမွန်စေခြင်းသည် သက်ဆိုင်ရာ လုပ်ငန်းစီမံကိန်းများ ဆောင်ရွက် ကျင့်သုံးခြင်းဖြင့် မြန်မာနိုင်ငံရှိ စီးပွားရေးဝန်းကျင်ကို ပိုမိုကောင်းမွန်စေရန် ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ဒေသ ဖြစ်သင့်သည်ဟု ဖော်ပြထားသည်။ ထိုလုပ်ငန်းစီမံကိန်းများမှာ “(နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများအတွက် အပါအဝင်) ကော်ပိုရိတ် စီမံအုပ်ချုပ်မှုကို ပိုမိုကောင်းမွန် အသက်ဝင်စေခြင်း၊ ထုတ်ဖော်ကြေညာမှုဆိုင်ရာ စည်းမျဉ်းများကို အားကောင်းစေခြင်း၊ စာရင်းစစ်နှင့် စာရင်းကိုင် စံချိန်စံညွှန်းများကို ပိုမိုကောင်းမွန်စေခြင်း၊ ပိုမိုပွင့်လင်းမြင်သာပြီး ကျင့်ဝတ်နှင့်ညီသော ကော်ပိုရိတ် အလေ့အထများကို အားပေးရန် စည်းမျဉ်းထိန်းချုပ်ရေးနှင့် ဥပဒေ တင်းကျပ်ရေးလုပ်ငန်းများကို စတင်အကောင်အထည်ဖော်ခြင်း” တို့ဖြစ်သည်။” (Reference: 4, pp – 34).

ဒုတိယတင်ပြချက်အနေဖြင့် မြန်မာနိုင်ငံတွင် တည်ရှိဖြစ်ပေါ် စေလျက်ရှိသည့် ကော်ပိုရိတ်အုပ် ချုပ်ရေးနှင့် ပတ်သက်သည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို (Reference: 3, pp - 26) တွင် ဖော်ပြထားချက်များအား တိုက်ရိုက် တင်ပြပါသည်။ စာဖတ်သူများအလွယ်တကူ သိမြင်နိုင်စေရန်အလို့ငှာ မြန်မာဘာသာပြန်ဆိုထားသည်များကို ဦးစွာဖော်ပြပြီး မူရင်းအင်္ဂလိပ်စာသားများကို ကပ်လျက်တင်ပြပေးပါမည်။ ယနေ့ မြန်မာနိုင်ငံ၏ အခြေအနေနှင့် ချိန်ထိုးပြီး စဉ်းစားတွေးခေါ်ကြည့်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

အဓိက စိန်ခေါ်မှုများ (Main Challenges)

(က) ကော်ပိုရိတ်အုပ်ချုပ်ရေး အတွက် အတိအကျ အံဝင်ခွင်ကျ ဖြစ်စေကာ သင့်တော်ပြီး အဆင်သင့် အသုံးပြုနိုင်သည့် မူဘောင်မရှိခြင်း။ ((a) No tailor-made frame-work for corporate governance:)

(ခ) ကုမ္ပဏီများအကြားတွင် ကော်ပိုရိတ်အုပ်ချုပ်ရေး အကြောင်းအရာနှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတ လုံလောက်စွာ မရှိခြင်း။ ((b) Insufficient know-ledge about corporate governance among companies:)

(ဂ) ကော်ပိုရိတ်နှင့် ပတ်သက်သော ထုတ်ဖော်ပြောကြားခြင်း ဖွင့်ဟကြေညာခြင်း ပြုလုပ်သည့် အလေ့အထ အလေ့အကျင့် လုံလောက်စွာ မရှိခြင်း။ ((c) Insufficient corporate disclosure practices:)

(ဃ) ပြည်သူလူထု၏ တင်ပြ တောင်းဆိုချက်များကို လိုက်လံစုဆောင်းမှတ်တမ်းတင် ပြုစုသည့် လမ်းကြောင်းတစ်ရပ် တည်ဆောက်ရန်လိုအပ်ခြင်း။ ((d) Needs for building a track record of public offerings:)

အဓိက အခွင့်အလမ်းများ (Main Opportunities)

(က) ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် မြန်မာကုမ္ပဏီဥပဒေ တည်ရှိခြင်း။ ((a) Enactment of Myanmar Companies Law on 6th December 2017:)

(ခ) မြန်မာနိုင်ငံတွင် ကော်ပိုရိတ်အုပ်ချုပ်ရေး ဖွံ့ဖြိုးစေရန်အတွက် အစိုးရကိုယ်တိုင်က ပံ့ပိုးကူညီလျက်ရှိခြင်း။ ((b) Government's support for the corporate governance development in Myanmar:)

(ဂ) နိုင်ငံတကာအဖွဲ့အစည်းများ ဖြစ်ကြသည့် OECD နှင့် IFC ကဲ့သို့သော အဖွဲ့အစည်းများထံက အကူအညီ အထောက်အပံ့ရရှိ ခြင်း။ ((c) Support from the international organizations such as OECD and IFC:)

တတိယတင်ပြချက်အနေဖြင့် (Reference: 5) ကို အခြေခံပြီး တင် ပြခြင်းဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃ ရက်တွင် စီမံကိန်းဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီး ကြပ်ရေးကော်မရှင်က “ထိရောက်မှုရှိသော ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ဖြစ်ပေါ်စေရေးနှင့် စပ်လျဉ်းသည့် အမိန့်ကြော်ငြာစာ” ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အမိန့်ကြော်ငြာစာ၏ ရည်ရွယ်ချက်များမှာ -

(က) စာရင်းဝင်ကုမ္ပဏီများနှင့် အစုရှယ်ယာရှင် ၁၀၀ ဦးနှင့် အထက်ရှိသည့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီများအတွက် ထိရောက်မှုရှိသော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ အလေ့အကျင့်များကို မြှင့်တင်ပေးရန်နှင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ လိုအပ် ချက်များကို လွယ်ကူစွာနားလည် ရန်၊

(ခ) အပြန်အလှန် ထိန်းကျောင်းခြင်းဆိုင်ရာ မူဘောင်များအတွင်း ဒါရိုက်တာများ၊ အမှုဆောင်အရာရှိများနှင့် အစုရှယ် ယာရှင်များအား ယင်းတို့၏ အခန်းကဏ္ဍကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် သင့်လျော်မှန်ကန်သော မက်လုံးများပေးရန်တို့ ဖြစ်ကြပါသည်။

သို့သော်လည်း စာဖတ်သူများအနေဖြင့် အထက်ဖော်ပြပါ တင်ပြချက်များအား ယနေ့ မြန်မာနိုင်ငံတွင် တည်ရှိဖြစ်ပေါ်စေလျက်ရှိသည့် တိုင်းပြည်နိုင်ငံ၏ အုပ်ချုပ်ရေးစနစ် ပုံစံအောက်တွင်  မည်ကဲ့သို့သော အခြေအနေသို့ ရောက်ရှိ တည်ရှိ ဖြစ်ပေါ်နေမည်ကို လေ့လာဆန်းစစ်ကြည့်ပါက အလွယ်တကူ သိမြင်နားလည်နိုင်မည်ဟု ထင်မြင်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ မြန်မာနိုင်ငံအနေနှင့် လွတ်လပ်ရေးရရှိပြီးချိန်နောက်ပိုင်း ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အုပ်ချုပ်ရေးစနစ်များမှာ ပါလီမန်ဒီမိုကရေစီ၊ စစ်အုပ်ချုပ်ရေး၊ ပါလီမန်ဒီမိုကရေစီ၊ စစ်အုပ်ချုပ်ရေး၊ စစ်ခေါင်းဆောင်ကြီးများ၏ တစ်ပါတီ အာဏာရှင်အုပ်ချုပ်ရေး၊ စစ်အုပ်ချုပ်ရေး၊ ပါတီစုံဒီမိုကရေစီ၊ စစ်အုပ်ချုပ်ရေး စသည်ဖြင့် ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အုပ်ချုပ်ရေးစနစ်များဖြစ်ပြီး ၎င်းအုပ်ချုပ်ရေးစနစ်များကို လေ့လာ ကြည့်ပါက ဒီမိုကရေစီအုပ်ချုပ်ရေး သဘောတရားနှင့် ဒီဇိုင်းမိုဒယ်ပုံစံကို အခြေခံခြင်းမရှိဘဲ အမိန့်အာဏာကိုသာ အခြေခံသည့် စစ်အုပ်ချုပ်ရေး သဘောတရားများမှာ အရှေ့နှင့်အနောက်၊ တောင်နှင့်မြောက်ကဲ့သို့ ဝေးကွာလှသည့် အခြေအနေဖြစ်ပြီး အဆိုပါ အုပ်ချုပ်ရေးစနစ်များအောက်တွင် တည်ရှိနေမည့် စီးပွားရေးစနစ်များကိုလည်း စာဖတ်သူများအနေဖြင့် ခန့်မှန်းကြည့်နိုင်ပါသည်။

ကာလတာရှည် ကျင့်သုံးအ ကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အမိန့်အာဏာကိုသာ အခြေခံသော အုပ်ချုပ်ရေးစနစ်များကဲ့ သို့ပင် စီးပွားရေးစနစ်များသည် လည်း ဒီဇိုင်းမိုဒယ်ပုံစံမရှိဘဲနံကြား ထောက်ပြီး အမိန့်ပေးဆုံးဖြတ်ချက် များ ချမှတ်လျက်ရှိသည့် အခြေအ နေများအောက်တွင် မည်ကဲ့သို့ သော ကော်ပိုရိတ်အုပ်ချုပ်ရေးပုံစံ တည်ရှိဖြစ်ပေါ်စေနိုင်မည့် အခြေ အနေကို တာဝန်ရှိသူများနှင့် ပြည် သူ ပြည်သား နိုင်ငံသားများအနေ ဖြင့် သိမြင် နားလည် စဉ်းစားတွေးခေါ်နိုင်စေပြီး ယခုကဲ့သို့သော အခြေအနေဆိုးကြီးမှ လွတ်မြောက်နိုင်စေရန် ကြိုးပမ်းအားထုတ်ပြီးလျှင် တိုင်းပြည်အကျိုး၊ နိုင်ငံတော်အကျိုးနှင့် ပြည်သူပြည်သား နိုင်ငံသားများ၏အကျိုးကို အစွမ်းကုန် ဖြည့်ဆည်းပေးနိုင်မည့် ကော်ပိုရိတ် အုပ်ချုပ်ရေး၏ အဓိပ္ပာယ်နှင့် မူဘောင်ကို စနစ်တကျချမှတ်ပြဋ္ဌာန်းနိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

References:

1. OECD (2015), G20/OECD Principles of Corporate Governance, OECD Publishing, Paris. http://dx.doi.org/10.1787/9789 264236882-en.

2. USAID-Funded Economic Governance II Project (2006), “Corporate Governance”, Presented To: Banking Super-vision Department of the Central Bank of Iraq Date: May 2006

3. OECD (2018), Corporate Governance Frameworks in Myanmar: A Fact-Finding Survey ၄။ “မြန်မာနိုင်ငံ ကော်ပိုရိတ်စီမံ အုပ်ချုပ်မှု အကဲဖြတ်မှတ်တမ်း ၂၀၁၈ - မြန်မာကုမ္ပဏီများအပေါ် အကဲဖြတ်မှု အစီရင်ခံစာ။”

၅။ စီမံကိန်းဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် “ထိရောက်မှုရှိသော ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ဖြစ်ပေါ် စေရေးနှင့် စပ်လျဉ်းသည့် အမိန့် ကြော်ငြာစာ” ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၃ ရက်။

Most Read

Most Recent