ရာထူးနှင့် လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ကိုယ်ကျိုးစီးပွားပြုလုပ်မှုကြောင့် နစကအဖွဲ့ဝင်အချို့ကို အနားပေးခြင်း၊ ထိရောက်သည့် အရေးယူခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

ရာထူးနှင့် လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ကိုယ်ကျိုးစီးပွားပြုလုပ်မှုကြောင့် နစကအဖွဲ့ဝင်အချို့ကို အနားပေးခြင်း၊ ထိရောက်သည့် အရေးယူခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Published 29 September 2023

ရာထူးနှင့်လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ကိုယ်ကျိုးစီးပွားပြုလုပ်မှုကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အချို့ကို အနားပေးခြင်း၊ ထိရောက်သည့် အရေးယူခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

စက်တင်ဘာ ၂၈ ရက်က နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် နစကအစည်းအဝေး(၄/၂၀၂၃) အမှာစကားတွင် နစကဥက္ကဋ္ဌ ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို စတင်တာဝန်ယူဆောင်ရွက်ခဲ့ပြီး ပထမဦးဆုံးအကြိမ်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး၌ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုအားနည်းလျက်ရှိသည်ကို မိမိအနေဖြင့်ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် မြေပေါ်မြေအောက်သယံဇာတများ၊ သဘာဝရင်းမြစ်များ၊ လူသားအရင်းအမြစ်များများစွာ ပိုင်ဆိုင်ထားရှိပြီးဖြစ်သော်လည်း ထိရောက်အကျိုးရှိစွာ အသုံးချနိုင်မှုမရှိခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းမှုရှိပြီး မျှော်မှန်းချက်များ၊ ဦးတည်ချက်များကို မှန်မှန်ကန်ကန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက နှစ်အနည်းငယ်အတွင်း ဒေသတွင်း နိုင်ငံများအကြား၌ အလယ်အလတ်အဆင့်၌ ရပ်တည်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များကို တာဝန်ပေးအပ်ရာတွင် ယခင်ကနိုင်ငံတော်၏ တာဝန်ထမ်းဆောင်ခဲ့မှု၊ လုပ်ငန်းတာဝန်လုပ်ဆောင်မှုနှင့် ဖြတ်သန်းခဲ့မှုများကိုကြည့်၍ တပ်မတော်ပိုင်းဆိုင်ရာအရာရှိကြီးများ၊ နယ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များကို ယုံကြည်မှုဖြင့် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယုံကြည်စွာ တာဝန်ပေးအပ်ရာတွင် ရာထူးနှင့် လုပ်ပိုင်ခွင့်ကိုအသုံးပြု၍ ကိုယ်ကျိုးစီးပွားပြုလုပ်မှုကြောင့် အဖွဲ့ဝင်အချို့ကိုအနားပေးခြင်း၊ ထိရောက်သည့်အရေးယူခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို တာဝန်ယူရသည့် နိုင်ငံ၏အမြင့်ဆုံးအဖွဲ့အစည်းဖြစ်ကြောင်း၊ ထို့ကြောင့်လုပ်ငန်းများဆောင်ရွက်ရာတွင် စံနမူနာပြလုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ပြီး နိုင်ငံတော်နှင့်ပြည်သူတို့၏ ကောင်းကျိုးကို ဖော်ဆောင်၍ ယုံကြည်မှုရရှိအောင် တည်ဆောက်နိုင်ရမည်ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်ကိုဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရည်မှန်းချက်များ၊ ဦးတည်ချက်များချမှတ်၍ ဆောင်ရွက်ရကြောင်း၊ မိမိတို့အနေဖြင့်လည်း တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးကို နိုင်ငံရေးလုပ်ငန်းစဉ် နှစ်ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ကို ယခုအစိုးရလက်ထက်သာမက နောင်အနာဂတ်ကာလအထိ တည်ဆောက်လုပ်ဆောင်ရမည့် အချက်များဖြစ်ကြောင်း၊ ယင်းကိုအကောင်အထည်ဖော်ရန် မိမိတို့အစိုးရလက်ထက်၌ ရှေ့လုပ်ငန်းစဉ်ငါးရပ်၊ ဦးတည်ချက်ကိုးရပ်ကို ချမှတ်ထားကြောင်း၊ ယင်းအချက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ က မျက်ခြည်မပြတ်ထိန်းသိမ်း အကောင်အထည်ဖော်ရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent