(၁) ပထဝီနိုင်ငံရေးအလှုပ်အရှားများနှင့် အလျင်အမြန်ပြောင်းလဲနေသော ကမ္ဘာ့စီးပွားရေးအခြေအနေတွင် အိန္ဒိယနိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုအသစ်ကို ပေးနိုင တော့မည်လော။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ကာလများက အိန္ဒိယနိုင်ငံသည် အခက်အခဲ၊ အကျပ်အတည်း များနှင့် ရုန်းကန်ကြိုးစားနေခဲ့ရသည်။ ဆင်းရဲနွမ်းပါးမှု၊ အလုပ်လက်မဲ့ အခြေအနေ၊ ချုပ်ကိုင်မှုကြီးမားသော အစိုးရယန္တရား၏ ကြိုးနီစနစ်၊ တည်ငြိမ်မှုမရှိသော စီးပွားရေး စသည့်အကြောင်းများသည် အိန္ဒိယနိုင်ငံ၏ သတင်းများတွင် ခေါင်းကြီးပိုင်းနေရာများ၌ အမြဲတမ်းဖြစ်နေသည်။
(၂) ထိုအခြေအနေများကို ယခုတော့ ကျော်လွန်နေခဲ့ပြီ။ ၂၀၁၄-၂၀၁၅ ခုနှစ်က အိန္ဒိယသည် ကမ္ဘာ့စီးပွားရေးပမာဏတွင် ၁၀ နိုင်ငံ မြောက်အဆင့်၌သာ ရှိနေခဲ့ရာမှ ယခုအချိန်တွင် ပဥ္စမမြောက်နိုင်ငံ မြောက် အကြီးဆုံးနိုင်ငံဖြစ်နေခဲ့ပြီ။ ၂၀၁၄-၂၀၁၅ မှ ၂၀၂၂-၂၀၂၃ အထိ နိုင်ငံ၏ နှစ်စဉ်ဂျီဒီပီတိုးတက်မှုနှုန်းမှာ ပျမ်းမျှအားဖြင့် ၆ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။ ထိုအခြေအနေသည် ဆက်လက်အရှိန်တက် နေ၏။ အိန္ဒိယဝန်ကြီးချုပ် နာရန် ဒြာမိုဒီ (Narendra Modi) က အိန္ဒိယသည် ၂၀၂၇ ခုနှစ်တွင် ကမ္ဘာ့တတိယအကြီးဆုံးစီးပွားရေး ကျိန်းသေပေါက်ဖြစ်လာမည်ဟု ဆိုနေသည်။
ကမ္ဘာ့စီးပွားရေး ဒုတိယအကြီးဆုံး တရုတ်နိုင်ငံတွင် သက်ကြီး ဦးရေ ဝန်ထုပ်ကြီးမားလာနေစဉ် အိန္ဒိယသည်လုပ်သားဦးရေ အများဆုံးနိုင်ငံဖြစ်လာနေသည်။ ၂၀၁၁- ၂၀၁၉ ကာလများအတွင်း အိန္ဒိယ နိုင်ငံ၏ အလွန်အမင်း ဆင်းရဲနွမ်းပါးသော လူဦးရေပမာဏသည် ထက်ဝက်မျှ ကျဆင်းသွားခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ စာရင်းဇယားများက ဖော်ပြနေသည်။ အိန္ဒိယရှိ လူအများစုသည် ဆင်းရဲနွမ်းပါးမှုမျဉ်း အထက်ကို ရောက်ရှိနေကြပြီဖြစ်သည်။
(၃) အိန္ဒိယ၏ စိုက်ပျိုးရေးကဏ္ဍသည် နှစ်စဉ်ပျမ်းမျှ တိုးတက်မှုနှုန်း လေး-ရာခိုင်နှုန်းနီးပါးအထိရှိပြီး ငွေကြေးဖောင်းပွမှုသည် ၂၀၁၄ ခုနှစ်ကတည်းက ငါး-ရာခိုင်နှုန်းနှင့် ခြောက်-ရာခိုင်နှုန်းကြားတွင်ဖြစ် ပေါ်နေခဲ့သည်။ ဘဏ်လုပ်ငန်း ဖွံ့ ဖြိုးတိုးချဲ့မှုလာမှုကြောင့် ဝင်ငွေ နည်းပါးသူများပင် ဘဏ်အသုံးပြု လာတတ်ကြပြီး ကျေးလက်ဒေသ လူများ၏ စားသုံးမှုများလည်း အားကောင်းလာနေသည်။ လက်ရှိအခြေအနေတွင် လူဦးရေ၏ ၇၈ ရာ ခိုင်နှုန်းသည် ဘဏ်လုပ်ငန်းနှင့် ဆက်စပ်မှုရှိနေကြပြီး ငွေကြေးစုဆောင်းမှုများကိုလည်း စနစ်တကျ လုပ်ဆောင်နိုင်နေကြပြီဖြစ်သည်။
အိန္ဒိယစီးပွားရေးဖွံ့ဖြိုးမှုအတွက် ယခင်ကာလများက အားကိုးအားထားမပြုခဲ့သော ပို့ကုန် ကဏ္ဍသည် ကိုဗစ်ကပ်ရောဂါကာလအတွင်း အားကောင်းလာခဲ့ သည်။ ၂၀၂၁-၂၀၂၃ ကာလများတွင် ၄၅ ဒသမ ၁၃ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆက်လက်မြင့်တက်ခဲ့သည်။ ထိုအခြေအနေသည် တစ်ဖက်တွင် ကမ္ဘာ့စျေးကွက်၌ အိန္ဒိယပို့ကုန်၏ အရေးပါမှုအခန်းကဏ္ဍကို ပေါ်လွင်လာစေပြီးနှင့် အခြားတစ်ဖက်တွင် အာဆီယံအပါအဝင် နိုင်ငံငယ်များအတွက် စိန်ခေါ်မှုသစ်အဖြစ် ထင်ဟပ်လာနေသည်။
(၄) တရုတ်နိုင်ငံမှာမူ ငွေကျုံ့မှု (ဒီဖလေးရှင်း) ဒဏ်ကို စိုးရိမ်ထိတ် လန့်လျက်ရှိနေပြီး စီးပွားရေးတိုးတက်မှုမှာ တစ်ဟုန်ထိုးကျဆင်းနေခဲ့သည်။ ဂျီဒီပီတိုးတက်မှုနှုန်းသည် ၂၀၂၂ ခုနှစ်တွင် သုံး-ရာခိုင်နှုန်း သို့ ကျဆင်းသွားခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်တွင်လည်း ဆက်လက်ကျဆင်းနိုင်မည်ဟုလည်း ခန့်မှန်းနေကြသည်။ သက်ကြီးရွယ်အို လူဦးရေ မြင့်တက်လာမှု၊ ကျေးလက်မြို့ပြ ကွာဟလာမှု၊ မဖွံ့ဖြိုးသေးသော ဘဏ္ဍာရေးစနစ် အပါအဝင် ပြည်တွင်းစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) က သုံးသပ်ထားသည်။
ထို့ပြင် အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံများနှင့် နိုင်ငံရေးအရ ဆက်ဆံမှုများ ယိုယွင်းလာခြင်းသည်လည်း တရုတ် နိုင်ငံ၏စီးပွားရေးမျှော်လင့်ချက်များကို အားလျော့စေလျက်ရှိသည်။ အထူးသဖြင့် ပို့ကုန် မျှော်လင့်ချက်များကို ပျက်စီးသွားခြင်းဖြစ်သည် ဟုဆိုသည်။ ယခုအချိန်အထိ နိုင်ငံရေး၊ စီးပွားရေးအပူအအေး မမျှတ ဖြစ်လျက် စီးပွားဖက်၊ ကုန်သွယ် ဖက်နိုင်ငံများနှင့် ဆက်ဆံရေးများ မူလအခြေအနေ ပြန်လည်ရောက် ရှိရေးအတွက် အရှိန်မြှင့်လျက် အားထုတ်လုပ်ဆောင်နေရသည်။
အမှန်တွင် တရုတ်နိုင်ငံသည် ကုန်ကျစရိတ်သက်သာသည့် ထုတ်လုပ်မှုကြောင့် အမေရိကန်၊ အနောက်အုပ်စုနိုင်ငံများနှင့် ဂျပန်တို့အတွက် အကြီးမားဆုံး အလုပ်ရုံ ကြီးဖြစ်လာခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် အမေရိကန်-တရုတ် ထိပ်တိုက်တွေ့မှု၊ ရုရှား-ယူကရိန်း စစ်ပွဲဖြစ်ပွားမှုနှင့် တရုတ်နှင့် ရုရှား နှစ်နိုင်ငံ ဆက်ဆံရေး စိပ်လာခြင်းသည် တရုတ်ပို့ကုန်များအပေါ် အတားအဆီးများ ပိုမိုဖြစ်လာခဲ့ပြီး လုံခြုံရေး စိုးရိမ်မှုများလည်း တိုးလာခဲ့စေခဲ့သည်။ ထို့ပြင် ကိုဗစ်ပေါ်လစီအမှားအယွင်းများကလည်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍအပေါ် အကန့်အသတ်များ၊ အခြေခံစက်မှုလုပ်ငန်းများမှုအပေါ် ထိခိုက်ပျက်စီးများရှိခဲ့သည်။
(၅) လူမှုရေးကဏ္ဍရှိ သက်ကြီးရွယ်အိုဦးရေ များပြားလာခြင်းကြောင့် အလုပ်လုပ်ကိုင်သူဦးရေ ရှားပါးလာခြင်းသည်လည်း တရုတ်နိုင်ငံတွင် စိုးရိမ်စရာတစ်ခုပင်။ ထိုအခြေအနေ၏အကျိုးဆက်များသည် ထုတ်လုပ်မှုစရိတ် မြင့်တက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက် ထိခိုက်လွယ်မှုများကို ဦးတည်သွားသည်။ တရုတ်နိုင်ငံ၏ အလုပ်လုပ်နေသော အသက်အရွယ် ဦးရေ သည် ၂၀၂၀ ပြည့်နှစ်တွင် သန်း ၈၈၀ ခန့်ရှိခဲ့ပြီး ၂၀၃၅ ခုနှစ်တွင် သန်း ၈၂၀ သို့ကျဆင်းသွားလိမ့်မည်ဟု ခန့်မှန်းထားကြသည်။ ကြိုတင်မှန်းဆနေသူများက ကလေးမွေးဖွားနှုန်းသည် ၁၉၈၀ ပြည့်နှစ်များတွင် ၂ ဒသမ ၆ ရှိရာမှာ ၂၀၂၁ ခုနှစ်တွင် ၁ ဒသမ ၁၅ သို့ ကျဆင်းခဲ့သည်ကို တွေ့ရှိလျက် ၂၀၈၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၏ သက်ကြီးရွယ်အို ဦးရေသည် အလုပ်လုပ်သူဦးရေကို ကျော်လွန်သွားလိမ့်မည်ဟုလည်း ခန့်မှန်းထားသည်။
တရုတ်နိုင်ငံသည် ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ မညီမျှမှုများ အပါအဝင် စိန်ခေါ်မှုမျိုးစုံကို လောလောလတ်လတ် ရင်ဆိုင်နေရသည်။ အလုပ်လုပ်နိုင်သည့် လူဦးရေရှားပါးမှု၊ ကုန်ထုတ်စွမ်းအား ကျဆင်းမှု၊ ပိတ်ဆို့အရေးယူမှုများကြောင့် နည်းပညာလွှဲပြောင်းမှု ကန့်သတ်ချက်များ၊ အိမ်ခြံမြေ ကဏ္ဍပူဖောင်းနှင့် လုပ်သားငယ်များအကြား အလုပ်လက်မဲ့မြင့်မားမှုတို့သည် တရုတ်နိုင်ငံ၏ တိုးတက်မှုကို နှောင့်နှေးစေလျက်ရှိသည်။ တရုတ်အစိုးရ၏ ရည်မှန်းချက်များ ကိုပင် လှုပ်ခါမှုများ ဖြစ်လာနိုင် သည်။ တရုတ်နိုင်ငံသား တစ်ဦးချင်းလည်းကောင်း၊ အိမ်ထောင်စုများသည်လည်းကောင်း မသေချာ မရေရာမှုများဖြင့် ကြုံတွေ့လာရ နိုင်သည်။ အသုံးစရိတ်များကျဆင်းလာမှု၊ ဘဏ်တွင် အပ်နှံငွေများ ပိုမို ထားရှိလာမှုတို့သည် ပြည်တွင်း ဝယ်လိုအား အကြီးအကျယ်ကျဆင်းကာ ဂျပန်နိုင်ငံ့စီးပွားရေး ကျ ဆင်းသကဲ့သို့ဖြစ်လာနိုင်သည်ဟု သုတေသီအချို့က သုံးသပ်နေကြသည်။
(၆) ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးအခြေအနေမှာလည်း မတည်ငြိမ်။ နိုင်ငံရေး၊ စီးပွားရေး အပူအအေး အခြေအနေများ ကြားတွင် နှစ်နိုင်ငံ ဆက်ဆံရေးသည် ရိုလာကိုစတာစီးသကဲ့သို့ပင် သမိုင်းတစ်လျှောက် အတက်အကျ၊ အနိမ့်အမြင့် မကြာခဏဖြစ်နေခဲ့သည်။
၂၀၂၂ ခုနှစ် ဂျပန်နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုတွင် တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုမှာ ၂၀ ရာခိုင်နှုန်း ခန့်ရှိသည်။ ဂျပန်နိုင်ငံ၏ သွင်းကုန်ပမာဏ ငါးပုံတစ်ပုံနီးပါးသည်လည်း တရုတ်နိုင်ငံမှ တင်သွင်းနေ သည်။ တရုတ်နိုင်ငံမှ အများဆုံး တင်သွင်းသည့် ကုန်ပစ္စည်းအုပ်စုမှာ စက်ယန္တရားများဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံမှ တင်သွင်း မှု၏ ၄၁ ရာခိုင်နှုန်းနီးပါးသည် အရင်းအနှီးကုန်စည်များဖြစ်သည်။ ထိုအခြေအနေသည် ဂျပန်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုအခြေခံ ခိုင်မာ တည်တံ့စေရေးအတွက် လိုအပ် သည့် ရောင်းလိုအားကွင်းဆက် တည်ရှိမှုတွင် တရုတ်နိုင်ငံသည် အရေးပါသည့်နိုင်ငံဖြစ်နေသည်ကို ဖော်ပြနေသည်။ ထိုသို့ တရုတ်နိုင်ငံပေါ် မှီခိုမှုကြောင့် ဖြစ်ပေါ်လာ နိုင်သည့် ဘေးအန္တရာယ် လျော့ပါးလာစေရန် ဂျပန်နိုင်ငံသည် ရှင်ဇို အာဘေး၏ အိုင်ဒီယာအမွေဖြစ်သည့် အာဘေးနောမစ် (Abenomics) အယူအဆကို အသုံးပြုလျက် ရှိသည်။ တရုတ်နိုင်ငံနှင့် အချိတ်အဆက်ဖြတ်တောက်၍ အာဆီယံဒေသနှင့် ဂျပန်ပြည်တွင်းသို့ လမ်းကြောင်း ပြောင်းလဲရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ပြည်တွင်းထုတ်လုပ်သူများကို အားပေးချီးမြှောက်မှုများ ပြုလုပ်ခဲ့သည်။
(၇) ၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံသည် အာဆီယံဒေသမှ တင်သွင်းမှု ၁၈ ဒသမ ၆ ရာခိုင်နှုန်း (၂၀၂၁ ခုနှစ်က ၁၄ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့သည်) မြင့်တက်လာခဲ့ပြီး တရုတ်နိုင်ငံမှတင်သွင်းမှုမှာ ၂ ရာခိုင်နှုန်း (၂၀၂၁ ခုနှစ်က ၁၃.၆ ရာခိုင်နှုန်း ဖြစ်သည်) သာ တိုးမြင့်လာခဲ့သည်။ ထိုအခြေအနေသည် ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ဆက်စပ်မှု နည်းလာခြင်းကို ပြသနေသည်။ ရင်းနှီးမြှုပ်နှံမှုတွင်လည်း ၂၀၂၁ ခုနှစ်က ၁၀.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် ၂၅.၂ ရာခိုင်နှုန်းကျဆင်းခဲ့၏။ တရုတ်နိုင်ငံရှိ ဂျပန်ရင်းနှီးမြှုပ်နှံမှုများသည် ယခင်အခြေအနေမတူ ပြောင်းလဲမှုများရှိနေခဲ့ပြီး ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား တဖြည်းဖြည်း အတွဲပြုတ်လာနေသည်ကို တွေ့နေရသည်။ အာဆီယံဒေသတွင်လည်း အပြောင်းအလဲအချို့ ရှိခဲ့ရာ ၂၀၂၂ခုနှစ်တွင် စင်ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့်မလေးရှားတို့တွင် ဂျပန်ရင်းနှီးမြှုပ်နှံမှုရုတ်တရက် ကျဆင်းလာခဲ့ပြန်သည်။ ဂျပန်သုတေသီ ကာဇူနိုဘုဟာရာ ကာဝါ (Kazunobu Hayakawa) ကမူ နောက်ဆုံးတွင် အာဆီယံသို့ တဖြည်းဖြည်း ကူးပြောင်းသွားခဲ့သည်ဟု မှတ်ချက်ပြုထားသည်။
(၈) အာဆီယံဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်မြင့်တက်လာသည်မှာ သံသယဖြစ်ဖွယ်မရှိ။ သို့သော် ခံနိုင်စွမ်းရှိရန်အချိန်ယူရလိမ့်မည်။ အိုအီးစီဒီ (OECD)အဖွဲ့ကြီး၏ အဆိုအရ အာဆီယံ၏ဂျီဒီပီသည် ၂၀၂၂ ခုနှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် ၄ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ဖွယ်ရှိသည်ဟုလည်း ခန့်မှန်းထားသည်။
ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု အခြေအနေများသည် မတည်ငြိမ်။ စဉ်းစားရခက်၊ မှန်းဆရခက်ခဲမှုများ ရှိနေသည်။ အိန္ဒိယရှိ ဂျပန်ရင်းနှီး မြှုပ်နှံမှုများမှာ ၂၀၂၂ ခုနှစ်တွင် ကျဆင်းမှုများ ရှိခဲ့သော်လည်း ဆိုး ဆိုးရွားရွား အခြေအနေမျိုးမဟုတ်။ အိန္ဒိယသည် နှစ်စဉ်ပျမ်းမျှတိုးတက် မှုနှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်းဝန်းကျင်တွင် ရှိလျက် စဉ်ဆက်မပြတ် တိုးတက်မှုလမ်းကြောင်းပေါ်တွင် ဆက်လက်ရှိနေသေးကြောင်းလည်း ဆိုနေကြ၏။ နှစ်စဉ်စစ်တမ်းများအရ အိန္ဒိယသည် တရုတ်နှင့် အမေရိကန်တို့ကို ကျော်ဖြတ်ခဲ့ကာ ၂၀၂၁နှင့် ၂၀၂၂ နှစ်နှစ်ဆက်တိုက် ဂျပန်စီးပွားရေးလုပ်ငန်းအတွက် အလားအလာအရှိဆုံးနေရာတစ်ခုဖြစ်ခဲ့သည်ဟု သုံးသပ်ကြသည်။ ဂျပန်နိုင်ငံနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဘဏ် (JBIC) ကလည်း အိန္ဒိယ၏ အလားအလာကောင်းများကို ချီးကျူး၏။
(၉) အချုပ်ဆိုရလျှင် အိန္ဒိယနိုင်ငံသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု လမ်းကြောင်းပေါ်တွင် ကြိုးစားလှုပ်ရှားနေစဉ် တရုတ်နိုင်ငံသည် ငွေကျုံ့သည့် ဒီဖလေးရှင်း (Deflation) ဒဏ်ကို စတင်ခံနေရပြီလော။ ဂျပန်စီးပွားရေးသည် စဉ်းစားရ ကျပ်နေသော အခြေအနေကို ရင်ဆိုင်နေရချိန်တွင် အာဆီယံဒေသသည် ယိုင်တိယိုင်တိုင်ဖြင့် ရုန်းကန် နေရသလောစသည်ဖြင့် အိန္ဒိယ၊ တရုတ်၊ ဂျပန်နှင့် အာဆီယံဒေသတို့၏ စီးပွားရေးအခြေအနေများနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံတွင် စက်တင်ဘာ ၉ ရက်မှစတင်ပြုလုပ်သည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် လျှပ်တစ်ပြက် စဉ်းစားမိခြင်းဖြစ်ပေသည်။
https://www.eurasiareview.com/