UEC က မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ကျန်းမာရေးဝန်ကြီးဌာနနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်

UEC က မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ကျန်းမာရေးဝန်ကြီးဌာနနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်
Published 29 August 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က မြန်မာအီလက်ထရွန်နစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို သြဂုတ် ၂၈ ရက်က ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ယင်းအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ဦးဝင်းဖေ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်၍ လက်တွေ့မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးကိုကိုလွင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများက မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး ရှင်းလင်းဆွေးနွေးခြင်းနှင့် သရုပ်ပြပွဲများသို့ ကျန်းမာရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၂၅၈ ဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၁၈၄ ဦး တက်ရောက်ပြီး မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

Myanmar Electronic Voting (MEVM) စက်ကို အသုံးပြုဆောင်ရွက်ခြင်းဖြင့် မဲပေးခြင်းလုပ်ငန်းစဉ်များကို လျင်မြန်စေမည်ဖြစ်ပြီး မဲရလဒ်များကို အချိန်တိုအတွင်း ရေတွက်နိုင်မည်ဖြစ်ကြောင်း၊ စက်အသုံးပြုရန် လျှပ်စစ်မီးမလိုအပ်ဘဲ 12V7.0 Ah ဘက်ထရီနှစ်လုံးကိုသာ ထည့်သွင်းအသုံးပြုရခြင်းဖြစ်ပြီး ဝန်ကြီးဌာနများ၌ လက်ရှိဆောင်ရွက်လျက်ရှိသော ရှင်းလင်းဆွေးနွေးခြင်းနှင့် သရုပ်ပြပွဲများတွင် အသုံးပြုလျက်ရှိသော MEVM စက်အတွင်း ထည့်သွင်းအသုံးပြုထားသည့် ဘက်ထရီသည် အားအပြည့်ဖြည့်သွင်းထားပါက ရက်သတ္တတစ်ပတ်အတွင်းဝန်ကြီးဌာန ၁ဝခုမှ အရာ ထမ်း/အမှုထမ်းပေါင်း ၂၂၁၅ ဦး စမ်းသပ်မဲပေးပြီးသော်လည်း ဆက်လက်အသုံးပြုနိုင်သေးကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အားကုန်ခဲ့ပါကလည်း အရန်ဘက်ထရီဖြင့် အလွယ်တကူလဲလှယ်အသုံးပြုနိုင်ကြောင်း UEC က ထုတ်ပြန်ထားသည်။

Most Read

Most Recent