မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူများ စဉ်ဆက်မပြတ်ရှိနေပြီး အထူးသဖြင့် ကချင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် နိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ ဆက်လက်မြင့်တက်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်သည်။
ကချင်ပြည်နယ်တွင် လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်အင်အားချထားမှုများကြောင့် ရွှေကူမြို့နယ်အတွင်း အိမ်ထောင်စု ၂၀၀ (လူဦးရေ ၁၁၀၀ ကျော်) နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ရွှေကူတစ်မြို့နယ်တည်း၌ပင် ၂၀၂၃ ခုနှစ် မတ်လဆန်းပိုင်းကတည်းက ယခုထိနေရပ်စွန့်ခွာတိမ်းရှောင်ရသူဦးရေ ၂၀၀၀၀ နီးပါးရှိလာပြီဖြစ်ကြောင်း UNOCHA က ထုတ်ပြန်သည်။
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဇူလိုင်လလယ်ကတည်းက စတင်ပြီး လူပေါင်း ၁၀၀၀၀ နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကာ စာနပ်ရိက္ခာအထောက်အပံ့နှင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း အရေးတကြီး လိုအပ်နေကြောင်း UNOCHA က ဆိုသည်။
နိုင်ငံအနောက်မြောက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်လေးခုတွင် နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ၇၁၅၀ ကျော်အတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ အမိုးအကာနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ပစ္စည်းတွေ အရေးပေါ်လိုအပ်နေကြောင်း၊ ထို့ပြင် ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အနည်းဆုံးအိမ် ၁၀ လုံးနှင့် ဘုရားကျောင်းများ ပျက်စီးခဲ့ကြောင်း UNOCH ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ် သြဂုတ် ၁၄ ရက်အထိ ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီဖြစ်ကြောင်းနှင့် ထိုအထဲကမှ လူဦးရေ ၁ ဒသမ ၆ သန်းကျော်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။















