အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဂျပန်နိုင်ငံက ဝေဖန်ဆွေးနွေးမှုအပေါ် မြန်မာ့နိုင်ငံရေးသည် ပြည်တွင်းရေးဖြစ်သဖြင့် ဒေသတွင်း အစည်းအဝေးများတွင် ဆွေးနွေးမည်မဟုတ်ဘဲ နှစ်နိုင်ငံတွေ့ဆုံပြီး သီးခြားဆွေးနွေးနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တုံ့ပြန်ပြောကြားသည်။
သြဂုတ် ၂၂ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ လာဘွန်ဘာဂျိုးမြို့တွင် ကျင်းပသည့် (၁၇)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (17th ASEAN Ministerial Meeting on Transnational Crime and its Related Meetings- 17th AMMTC) ဒုတိယနေ့ 8th AMMTC+Japan အစည်းအဝေး ဆွေးနွေးမှုများတွင် ပြည်ထဲရေးဝန်ကြီးက အထက်ပါကဲ့သို့ တု့ံပြန်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးဒုတိယနေ့တွင် အာဆီယံဆွေးနွေးဖက်နိုင်ငံများဖြစ်သော အာဆီယံအပေါင်း ၃ (တရုတ်၊ ဂျပန်၊ ကိုရီးယား) 13th AMMTC+3 Consulation အစည်းအဝေးကို နံနက် ၉ နာရီမှ ၁၀ နာရီအထိ ကျင်းပခဲ့ပြီး တရုတ်နိုင်ငံနှင့် 10th AMMTC+China Consulation အစည်းအဝေးကို နံနက် ၁၀ နာရီအချိန်မှ ၁၁ နာရီ ၁၀ မိနစ်အချိန်ထိ ကျင်းပရာ မြန်မာနိုင်ငံ AMMTC ခေါင်းဆောင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr.Xu Datong (မစ္စတာရှုတထုံး) တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အကြမ်းဖက်သမားများနှင့် ရာဇဝတ်ဂိုဏ်းများသည် Globalization ကြောင့် ဖြစ်ပေါ်လာသည့် နည်းပညာအခွင့်အလမ်းများကို အသုံးချကျူးလွန်လျက်ရှိရာ ထိရောက်စွာတိုက်ဖျက်နိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများဖြေရှင်းနိုင်ရန် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ၊ အကောင်အထည် ဖော်မှုများလိုအပ်ပါကြောင်း၊ အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ (၂၀၁၇-၂၀၂၃) အကောင်အထည်ဖော်မှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အကြံပြုချက်နှင့် ဆွေးနွေးမှုများကို ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ 10th AMMTC+China Consultation ၏ ပူးတွဲထုတ်ပြန်ချက်ကို အတည်ပြုခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဂျပန်နိုင်ငံနှင့် 8th AMMTC+Japan Consultation အစည်းအဝေးကိုလည်းကောင်း၊ ကိုရီးယားနိုင်ငံနှင့် 3rd AMMTC+ROK Consultation အစည်းအဝေးကိုလည်းကောင်း ဆက်လက်ကျင်းပပြု လုပ်ခဲ့ပြီး 8th AMMTC+Japan အစည်းအဝေးတွင် ဂျပန်နိုင်ငံ AMMTC ခေါင်းဆောင်က မြန်မာနိုင်ငံပြည်တွင်းရေးနှင့်ပတ်သက်သည့်အခြေအနေများကို ဝေဖန်ပြောဆိုခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်တုံ့ပြန်ပြောကြားရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားနိုင်ငံတစ်ခုက ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်းအားဖြင့် ဒေသတွင်းအကျိုးစီးပွားကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးသည် အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်သည့်ဆွေးနွေးမှုနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကိုသာ ဆွေးနွေးရန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများသည် ပြည်တွင်းရေးမျှသာဖြစ်ပြီး ဒေသတွင်း အရေးကိစ္စမဟုတ်ပါကြောင်း၊ ယခုလိုဒေသတွင်းအစည်းအဝေးများတွင် ဆွေးနွေးမည်မဟုတ်ပါကြောင်း၊ မြန်မာ့နိုင်ငံရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည်များရှိပါက နှစ်နိုင်ငံတွေ့ဆုံပြီး သီးခြားဆွေးနွေးနိုင်ပါကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။















