တရားမဝင်ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်နေမှုများကြောင့် နိုင်ငံ့စီးပွားရေးကို ထိခိုက်စေလျက်ရှိသဖြင့် ဖော်ထုတ်အရေးယူရန်နှင့် ဘဏ်အချို့သည် ရိုးဖြောင့်စွာလုပ်ကိုင်ဆောင်ရွက်မှု မရှိသည်ကိုတွေ့ရပြီး ဘဏ်များ၏ လုပ်ဆောင်ချက်များကို စနစ်တကျစောင့်ကြည့်ရန် နစကဥက္ကဋ္ဌ ပြောကြား

တရားမဝင်ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်နေမှုများကြောင့် နိုင်ငံ့စီးပွားရေးကို ထိခိုက်စေလျက်ရှိသဖြင့် ဖော်ထုတ်အရေးယူရန်နှင့် ဘဏ်အချို့သည် ရိုးဖြောင့်စွာလုပ်ကိုင်ဆောင်ရွက်မှု မရှိသည်ကိုတွေ့ရပြီး ဘဏ်များ၏ လုပ်ဆောင်ချက်များကို စနစ်တကျစောင့်ကြည့်ရန် နစကဥက္ကဋ္ဌ ပြောကြား
Published 25 August 2023

တရားမဝင်ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်နေမှုများကြောင့် နိုင်ငံ့စီးပွားရေးကို ထိခိုက်စေလျက်ရှိသဖြင့် ဖော်ထုတ်အရေးယူရန်နှင့် ဘဏ်အချို့သည် ရိုးဖြောင့်စွာလုပ်ကိုင်ဆောင်ရွက်မှု မရှိသည်ကိုတွေ့ရပြီး ဘဏ်များ၏ လုပ်ဆောင်ချက်များကို စနစ်တကျစောင့်ကြည့်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

သြဂုတ် ၂၅ ရက်ကကျင်းပသည့် စီးပွားရေးရာကော်မတီအစည်းအဝေး အမှတ်စဉ်(၇/၂၀၂၃)တွင် နစကဥက္ကဋ္ဌက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌက တရားမဝင်ငွေလွှဲလုပ်ငန်း(ဟွန်ဒီ)များဖြင့် ကုန်သွယ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို အိမ်နီးချင်းနိုင်ငံအချို့၌ စုံစမ်းဖော်ထုတ်အရေးယူလျက်ရှိကြောင်း၊ တရားမဝင် ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်နေမှုများကြောင့်  နိုင်ငံ့စီးပွားရေးကို ထိခိုက်စေလျက်ရှိသဖြင့် ဖော်ထုတ်အရေးယူဆောင်ရွက်ရန်လိုကြောင်း၊ ကုန်သွယ်မှုနှင့်ပတ်သက်၍ ငွေကြေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဘဏ်များဖြင့် ချိတ်ဆက်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ထို့ပြင်မိမိတို့တာဝန်ယူချိန်တွင် စီးပွားရေးအရ စတင်တိုက်ခိုက်ရာ၌ ဘဏ်များကို အဓိကထားတိုက်ခိုက်ခဲ့ကြောင်း၊ ဘဏ်အချို့ အခြေအနေဆိုးရွားခဲ့ကြောင်း၊ ဘဏ်စနစ် ပြိုလဲသွားပါက တိုင်းပြည်စီးပွားရေးပြိုလဲသွားနိုင်သဖြင့် မိမိကိုယ်တိုင် တာဝန်ရှိသူများဖြင့် တိုင်ပင်ညှိနှိုင်း၍ လိုအပ်သည့်ကူညီမှု၊ ထောက်ပံ့မှု၊ ရပ်တည်မှုများ ဆောင်ရွက်ပေးခဲ့ရကြောင်း၊ ဘဏ်များပြိုလဲမှုမရှိစေရေး နိုင်ငံတော်မှထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဘဏ်များ၌ ငွေထုတ်မရအောင် ATM စက်များ အလုပ်မလုပ်နိုင်စေရန် ဆောင်ရွက်ခဲ့မှုများရှိကြောင်း၊ နိုင်ငံတော်က ထိုသို့ဆောင်ရွက်ပေးခဲ့သော်လည်း ဘဏ်အချို့၏ဆောင်ရွက်မှုမှာ ၎င်းကာလကတည်းက သံသယရှိဖွယ်များတွေ့ရှိရကြောင်း၊ သတင်းစာရှင်းလင်းပွဲများ၌လည်း ပြောကြားခဲ့ကြောင်း၊ ယခုအချိန်အထိလည်းအချို့သော ဘဏ်များအနေဖြင့် ရိုးဖြောင့်စွာ လုပ်ကိုင်ဆောင်ရွက်မှုမရှိသည်ကို တွေ့နေရကြောင်း၊ ဘဏ်များ၏ လုပ်ဆောင်ချက်များကို စနစ်တကျစောင့်ကြည့်သုံးသပ်၍ လုပ်ဆောင်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ ကုန်စျေးနှုန်းများမြင့်တက်စေရန်အတွက် အချို့ဝိသမလောဘသမားများ၏ စျေးကစားနေမှုများရှိကြောင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ငွေကြေးစျေးကွက်ကို အဓိကကစားနေကြသူများမှာ ပြည်တွင်းကျပ်ငွေ၊ နိုင်ငံခြားငွေနှင့် ရွှေကိုင်ထားသူများက စျေးကစားနေခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားငွေကိုင်ထားသူများက ၎င်းတို့နိုင်ငံခြားငွေတန်ဖိုးတက်စေရန်၊ မြန်မာကျပ်ငွေ ကိုင်ထားသူများက ရွှေဝယ်၍ ရွှေစျေးတက်အောင် ဆောင်ရွက်နေသည်ကိုတွေ့ရကြောင်း၊ အလားတူ မော်တော်ယာဉ်များ၏ စျေးနှုန်းမှာလည်း ထိုက်သင့်သည့်စျေး ထက်များပြားနေသည်ကို တွေ့ရကြောင်း၊ ငွေကိုင်ထားသူများအနေဖြင့် တိုင်းပြည်နှင့် ပြည်သူလူထုကို တိုက်ရိုက်အကျိုးရှိမည့်စိုက်ပျိုးမွေးမြူရေးနှင့်ကုန် ထုတ်လုပ်မှုလုပ်ငန်းများအပေါ် ရင်းနှီးမြှုပ်နှံခြင်းထက် ငွေရလွယ်ပြီး အမြတ်များများရနိုင်မည့် လုပ်ငန်းများကိုသာ လုပ်ကိုင်လိုခြင်းကိုလည်း နည်းမှန်လမ်းမှန်ဖြစ်အောင် ပြုပြင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံခြားငွေများနှင့် ရွှေစျေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက် မိမိတို့ကော်မတီအနေဖြင့် စနစ်တကျ သုံးသပ်ကိုင်တွယ်ဆောင်ရွက်ရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

အလားတူ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုယ်ကျိုးသက်သက်ကိုသာ ဦးစားပေးသည့် ၀ိသမလောဘသမားများရှိသကဲ့သို့ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုနေသည့် စီးပွားရေး လုပ်ငန်းရှင်များလည်းရှိကြောင်း၊ ၎င်းတို့ကိုနိုင်ငံတော်အနေဖြင့် အားပေးချီးမြှင့်မှု (Incentive) များလုပ်ဆောင်ပေးရန်လိုကြောင်း၊ ယခင်က ပြည်ပပို့ ကုန်တင်ပို့နေမှုများ၌ ပို့ကုန်ရငွေကို ၁၀၀ ရာခိုင်နှုန်းအပ်နှံ စေခဲ့ကြောင်း၊ နောက်ပိုင်း၌ ၆၅ ရာခိုင်နှုန်းဖြေလျှော့ပေးခဲ့ကြောင်း၊ ယခုလက်ရှိကာလတွင် ၅၀ ရာခိုင်နှုန်းအထိ ဖြေလျှော့ပေးခဲ့ကြောင်း၊ ယခင် ၁၀၀ ရာခိုင်နှုန်းအပ်နှံစေခဲ့စဉ်က စောဒကမရှိသလောက်ဖြစ်သော်လည်း ၆၅ ရာခိုင်နှုန်းတွင် စောဒကများရှိလာပြီး ယခု ၅၀ ရာခိုင်နှုန်း၌ ပိုမိုများပြားလာကြောင်း၊ ယင်းအတွက်လည်း ရှင်းလင်းပြပြီးဖြစ်ကြောင်း၊ စျေးကွက်စီးပွားရေးစနစ်တွင် အစိုးရအနေဖြင့် ဝင်ရောက်ကိုင်တွယ်မှုကို လျှော့နိုင်သမျှ လျှော့ရမည်ဖြစ်ကြောင်း၊ သို့သော် လက်ရှိဖြစ်ပေါ်နေသော စီးပွားရေးအရ တိုက်ခိုက်မှု၊ ပိတ်ဆို့မှုနှင့် နိုင်ငံ့စီးပွားရေး ပျက်ယွင်းအောင်ဆောင်ရွက်နေမှုများကြောင့် အစိုးရအနေဖြင့် ဝင်ရောက်ထိန်းညှိ ဆောင်ရွက်ပေးနေရခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်ကို ပြည်ပဝင်ငွေရရှိအောင်ဆောင်ရွက် ပေးနေမှုများ၊ နိုင်ငံတော်အတွက် လိုအပ်သည့်ကုန်ထုတ်လုပ်မှု ဆောင်ရွက်နေမှုများအပေါ် အကောင်းဆုံးဖြစ်အောင်စဉ်းစား၍ အားပေးချီးမြှင့်မှု (Incentive)များ ဆောင်ရွက်ပေးလျက်ရှိကြောင်း နစကဥက္ကဋ္ဌကပြောကြားသည်။

ယင်းအစည်းအဝေးသို့ကောင်စီဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent