၂၀၁၈ ခုနှစ်က မူးယစ်ဆေးအသုံးလွန်ခဲ့မှုကြောင့် ယနေ့ထိတိုင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ခံစားနေရဆဲဖြစ် ကြောင်းကိုအမေရိကန်အဆိုတော် ဒမ်မီလက်ဗာတိုက ရင်ဖွင့်ပြောဆိုထားသည်။
ပြီးခဲ့သည့်တစ်ပတ်က Andy Cohen Live အစီအစဉ်တွင် Wouldn’t Change a Thing အဆိုတော်လက်ဗာတို (၃၀ နှစ်)က ထိုအကြောင်းများကို ပြောပြသွားခြင်းဖြစ်သည်။
အတိတ်နှင့်ပတ်သက်၍သူ့တွင် နောင်တရသည်ဆိုသည်မှာ မရှိကြောင်း၊ အတိတ်ကြောင့်သာ ယနေ့အခြေအနေအထိ သူရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် လွန်ခဲ့သည့်ခြောက်နှစ်က သူကြုံခဲ့ရသည့် အရေးပေါ်ကျန်းမာရေးအခြေအနေကို မကြုံချင်ခဲ့ကြောင်း လက်ဗာတိုကဆိုသည်။
“ဘာမှ နောင်တရစရာ မရှိလို့ အခုလျှောက်နေတဲ့လမ်းကိုလည်း ပြောင်းမှာ မဟုတ်ပါဘူး” ဟု လက်ဗာတိုကပြောပြီး ယခုအချိန်အထိ အကြားနှင့်အမြင်ဆိုင်ရာ ပြဿနာများ ခံစားနေရသည်ဟု ထုတ်ပြောခဲ့သည်။
ဒမ်မီလက်ဗာတိုသည် အမြင်အာရုံမကောင်းသည့်အတွက် ကားမောင်း၍မရပေ။ ထို့ပြင်အတိတ်ဝေဒနာများက သူ့ကိုလမ်းမှန် ပေါ်ဆက်လျှောက်ရန် တောက်လျှောက်သတိပေးနေသည်၊ နောက်တစ်ကြိမ်ထပ်မကြုံချင် ဟုလည်း လက်ဗာတိုက ပြောသည်။
ဆေးသုံးလွန်ပြီး သူသေလုနီးပါးအခြေအနေထိ ဆိုက်ခဲ့သည်ဟု လက်ဗာတို ယခင်က ပြောခဲ့ဖူးသည်။
“ သူတို့ ကျွန်မကို ရှာတွေ့တဲ့အချိန် ကျွန်မပြာနှမ်းနေပြီ။ ဆရာဝန်က ပြောတယ်။ကျွန်မ နောက်ငါးမိနစ်၊ ၁၀ မိနစ်လောက်ပဲခံတော့မယ်တဲ့” ဟု လက်ဗာတို ပြောစကားကို The Sun သတင်းစာက ထိုစဉ်က ဖော်ပြခဲ့ သည်။
ထိုစဉ်က လက်ဗာတိုပြောခဲ့ပုံအရ သူ့ကို မည်သူကမျှ အချိန်မီမတွေ့ခဲ့ပါက ဒမ်မီလက် ဗာတိုဆိုသည်မှာ လူ့လောကတွင် ရှိတော့မည် မဟုတ်ပေ။
သူ ကြိုးစား ပြန်လည်ထူထောင်ခဲ့ရသမျှကို လက်ဗာတိုက သီချင်းများ၊ အင်တာဗျူးများ၊ မှတ်တမ်းများဖြင့် ပရိသတ်ကိုချပြခဲ့သည့်အတွက် ယခုလက်ဗာတိုသည် စိတ်ကျဝေဒနာခံစားနေရသူများအတွက် စံပြပုဂ္ဂိုလ်တစ် ဦးပင် ဖြစ်၍နေသည်။