ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇွန် ၁၄ ရက် ညပိုင်းက ယာဉ်တိုက်မှု လေးမှု ဖြစ်ပွားခဲ့ပြီး လေးဦး ဒဏ်ရာရရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇွန် ၁၄ ရက် ညပိုင်းက ယာဉ်တိုက်မှု လေးမှု ဖြစ်ပွားခဲ့ပြီး လေးဦး ဒဏ်ရာရရှိ
Published 15 June 2023

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇွန် ၁၄ ရက် ညပိုင်းက ယာဉ်တိုက်မှု လေးမှုဖြစ်ပွားခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ပရဟိတအဖွဲ့များထံမှ သိရသည်။

ဇွန် ၁၄ ရက် ၊ ည ၈ နာရီခွဲခန့်တွင် သာကေတမြို့နယ် ၊ ကျောက်တိုင်မှတ်တိုင်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် ပရဟိတအဖွဲ့များမှ သွားရောက်ခဲ့ကြောင်း သိရသည်။

"ကျောက်တိုင်မှတ်တိုင်အကျော်မှာ ဖြစ်တာပါ။လိုက်ထရပ်က ဓာတ်တိုင်ကို ဝင်တိုက်တာပါ။လိုက်ထရပ်ကို နောက်ကနေ ယာဉ်တစ်စီးက ထပ်ဝင်တိုက်တာပါ။နောက်ကဝင်တိုက်တဲ့ ယာဉ်က ယာဉ်မောင်းက ညှပ်နေလို့ ဆွဲထုတ်ကယ်ဆယ်ခဲ့ရပါတယ်။သူကတော့ ခြေချောင်းပြတ်ပါတယ်"ဟု အခင်းဖြစ်နေရာရောက်ရှိခဲ့သည့် ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သုဝဏ္ဏအားကစားရုံအနီးတွင် လည်း ဇွန် ၁၄ ရက် ၊ ည ၈ နာရီခွဲကျော်ခန့်က ယာဉ်တစ်စီး အရှိန်လွန်ပြီး လမ်းဘေးသို့ ပြုတ်ကျမှုဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် ရွှေရုပ်လွှာပရဟိတအသင်းမှ သိရသည်။

"သုဝဏ္ဏ တံတားအဆင်းမှာ ဂငယ်ကွေ့ ကွေ့ရင်း အရှိန်လွန်ပြီး လမ်းဘေးကို ထိုးကျတာပါ။တံလမ်းဘေးက ချောက်ထဲကို ပြုတ်ကျတာပါ။ရှင်သန်ခွင့်က ယာဉ်နဲ့ ပြုတ်ကျတဲ့ကားကို ပြန်ဆွဲတင်ရပါတယ်။လူထိတာတော့ မရှိပါဘူး"အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် ရွှေရုပ်လွှာပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ယင်းနေ့ညပိုင်းတွင် လှိုင်မြို့နယ် ၊ ဘုရင့်နောင်လမ်း ၊ ရွှေသံလွင်ဘုရားရှေ့တွင် ကွန်တိန်နာယာဉ်တစ်စီး စလစ်ဖြစ်ပြီး လမ်းဘေးရှိ အလုပ်သမားတဲအား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

"မိုးရွာတဲ့အချိန် ကွန်တိန်နာက စလစ်ဖြစ်ပြီး လမ်းဘေးက အလုပ်သမားတဲကို ဝင်တိုက်မိတာပါ။အမျိုးသားနှစ်ဦး ဒဏ်ရာရပါတယ်"ဟု မာဃရိပ်ငြိမ်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ဇွန် ၁၄ ရက် ၊ ည ၇ နာရီကျော်ခန့်က ယာဉ်တစ်စီးမှ အမျိုးသားတစ်ဦးအား ဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသား(စိုးရိမ်ရ)အား မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်းမှ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့

 

Most Read

Most Recent