မော်စကိုမြို့တော်ရှိ အထပ်မြင့်အဆောက်အအုံများတွင် ဒရုန်းတိုက်ခိုက်မှုများဖြစ်ပွားခဲ့မှုနှင့်ပတ်သက်ပြီး ရုရှားသမ္မတပူတင်က ယူကရိန်းကို ဝေဖန်ပြစ်တင်

မော်စကိုမြို့တော်ရှိ အထပ်မြင့်အဆောက်အအုံများတွင် ဒရုန်းတိုက်ခိုက်မှုများဖြစ်ပွားခဲ့မှုနှင့်ပတ်သက်ပြီး ရုရှားသမ္မတပူတင်က ယူကရိန်းကို ဝေဖန်ပြစ်တင်
မေ ၂၆ ရက်က မော်စကိုမြို့တော်ရှိ ကရင်မလင်နန်းတော်တွင် စီးပွားရေးလုပ်ငန်းရှင်များသမဂ္ဂနှင့် တွေ့ဆုံနေသည့် ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ် (Photo – AFP)
မေ ၂၆ ရက်က မော်စကိုမြို့တော်ရှိ ကရင်မလင်နန်းတော်တွင် စီးပွားရေးလုပ်ငန်းရှင်များသမဂ္ဂနှင့် တွေ့ဆုံနေသည့် ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ် (Photo – AFP)
Published 31 May 2023
Ref: AFP

မော်စကိုမြို့တော်ရှိ အထပ်မြင့်အ ဆောက်အအုံများတွင် ဒရုန်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယူကရိန်းသည် ရုရှား ပြည်သူများကို ထိတ်လန့်ကြောက်ရွံ့စေရန် ကြိုးပမ်းနေသည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က မေ ၃၀ ရက်တွင် စွပ်စွဲခဲ့သည်။

မော်စကိုတွင်ဖြစ်ပွားသည့် ယင်းတိုက်ခိုက်မှုသည် ယူကရိန်းကို ရုရှားက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဒရုန်းတိုက်ခိုက်မှုဖြစ်သည်။

မော်စကိုမြို့တော်နှင့် အနီးတစ်ဝိုက်တွင် ဒရုန်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ချိန်တွင် ရုရှားဒရုန်းများကလည်း ယူကရိန်း၏ မြို့တော်ကိယက်ဗ်ကို သုံးရက်ဆက်တိုက် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ ယူကရိန်းသည် ရုရှားတပ်ဖွဲ့များကို ဆန့်ကျင်သည့် အကြီးစားထိုးစစ် အတွက်ပြင်ဆင်နေချိန်တွင် ရုရှားက ဒရုန်းတိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မော်စကိုမြို့တော်တွင် လူတစ်ဦးမျှ ဒဏ်ရာပြင်းပြင်းထန်ထန်မရခဲ့ဘဲ လူနေအဆောက်အအုံများတွင် ထိခိုက်ပျက်စီးမှု အနည်းငယ်သာရှိခဲ့သည်ဟု အရာရှိများက ပြောကြားခဲ့သော်လည်း ဒေသခံအချို့ကမူ ၎င်းတို့သည် ရုရှား၏မြို့တော်တွင် ယခုကဲ့သို့ တိုက်ခိုက်ခံရလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့မိကြောင်း ပြောကြားခဲ့သည်။

“အခုဖြစ်ပျက်နေတာတွေက ကျွန်မတို့နဲ့ အဝေးကြီးမှာဖြစ်ပြီး ကျွန်မတို့အပေါ် သက်ရောက်မှုရှိလာမှာမဟုတ်ဘူးလို့ တွေးထင်မိခဲ့ပါတယ်။ ဒါပေမယ့် ရုတ်တရက်ဆိုသလိုပဲ ကျွန်မတို့နဲ့ အနီးကပ်မှာ ဖြစ်ပွားခဲ့ပါတယ်” ဟု မော်စကို အနောက်တောင်ဘက်ရှိ ထိခိုက်ခဲ့သည့် လူနေအဆောက်အအုံများထဲမှ အဆောက်အအုံတစ်ခု၏အနီးတွင်နေထိုင်သည့် ပင်စင်စားတစ်ဦးဖြစ်သူ တာယာနာကလင်နီနာက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

ပူတင်က ရုရှား၏ လေကြောင်းကာကွယ်ရေးသည် ထိရောက်ခဲ့သည်ဟု ယူကရိန်းက ၎င်း၏ စစ်ထောက်လှမ်းရေးဌာနချုပ်အပေါ် ရုရှား၏တိုက်ခိုက်မှုကို တုံ့ပြန်နေချိန်တွင် ယင်းတိုက်ခိုက်မှုများကို ရည်ညွှန်းပြောဆိုခဲ့သည်။

“ယူကရိန်းအစိုးရဟာ ရုရှားပြည်သူတွေကို ထိတ်လန့်စေဖို့အတွက် အခြားနည်းလမ်းတစ်ခုကို ရွေးချယ်ခဲ့ပါတယ်”ဟု ပူတင်က ပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှုတွင် ဒရုန်း ရှစ်စင်းပါ ဝင်ခဲ့ပြီး ယင်းဒရုန်းများထဲမှ ငါးစင်းသည် ပစ်ချခံခဲ့ရကာ သုံးစင်းသည် ပျက်စီးသွားခဲ့သည်ဟု ရုရှားကာကွယ်ရေးဌာနက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကမူ အနောက်နိုင်ငံများကို ဝေဖန်ပြစ်တင်ခဲ့ပြီး ယူကရိန်းအစိုးရကို ထောက်ပံ့ပေးနေခြင်းသည် ယူကရိန်းခေါင်းဆောင်အား အကြမ်းဖက်မှုအပါအဝင် ဆင်ခြင်မှုမရှိသည့် လုပ်ဆောင်ချက်များကို ပိုမိုတိုးမြှင့်လုပ်ဆောင်စေရန် တွန်းအားပေးနေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

မေ ၂၉ ရက်ကလည်း ယူကရိန်းနယ်စပ်ရှိ ရုရှား၏ ဘယ်လ်ဂိုရော့ဒေသတွင် ယူကရိန်း၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူတစ်ဦးသေဆုံးခဲ့သည်ဟု ဒေသအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။ ဘယ်လ်ဂိုရော့ဒေသသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင် လက်နက်ကိုင်အဖွဲ့များ၏ ကျူးကျော်မှုများနှင့် တိုက်ခိုက်မှုများကို ခံခဲ့ရသည်။

Most Read

Most Recent