ရုရှားတပ်ဖွဲ့များအသုံးပြုသည့် အီရန်လုပ် ဒရုန်း ၃၆ စင်းကို ပစ်ချနိုင်ခဲ့ဟု ယူကရိန်းစစ်တပ် ပြောကြား

ရုရှားတပ်ဖွဲ့များအသုံးပြုသည့် အီရန်လုပ် ဒရုန်း ၃၆ စင်းကို ပစ်ချနိုင်ခဲ့ဟု ယူကရိန်းစစ်တပ် ပြောကြား
မေ ၂၄ ရက်က ရုရှားနယ်စပ်အနီး ယူကရိန်းမြောက်ပိုင်းတွင် ရုရှားအရံတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (Photo – AFP)
မေ ၂၄ ရက်က ရုရှားနယ်စပ်အနီး ယူကရိန်းမြောက်ပိုင်းတွင် ရုရှားအရံတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (Photo – AFP)
Published 25 May 2023
Ref: AFP

ရုရှားတပ်ဖွဲ့များ အသုံးပြုခဲ့သည့် အီရန်လုပ် တိုက်ခိုက်ရေးဒရုန်း ၃၆ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ကြေညာခဲ့ချိန်တွင် ရုရှားသည် ယူကရိန်းနိုင်ငံသားများကို အကြောက်တရားများသွင်းနေသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးက မေ ၂၅ ရက်တွင် စွပ်စွဲခဲ့သည်။

“ရန်သူဟာ  ဒရုန်း ၃၆ စင်းကို လွှတ်တင်ပြီး ယူကရိန်းကို အကြောက်တရား ဆက်လက်ရိုက်သွင်းနေပါတယ်။ အဲဒီ ဒရုန်း တွေအားလုံးဟာ သူတို့ရဲ့ ပစ်မှတ်ကို မရောက်ရှိခဲ့ပါဘူး”ဟု ဇယ်လန်စကီးက လူမှုမီဒီယာ ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။

“၁၀၀ ရာခိုင်နှုန်း ရလဒ်အတွက် ကျွန် တော်တို့ရဲ့ လေကြောင်းကာကွယ်ရေးတပ်ဖွဲ့ကို ကျွန်တော် ဂုဏ်ယူပါတယ်”ဟု ဇယ်လန်စကီးက ပြောကြားခဲ့သည်။

ရုရှားသည် ဆောင်းရာသီကာလအတွင်း ယူကရိန်း၏ အဓိက အခြေခံအဆောက်အအုံများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း မကြာသေးမီက ယင်းတိုက်ခိုက်မှုများ လျော့နည်းသွားခဲ့သည်။

“တိုက်ခိုက်ရေးဒရုန်း စုစုပေါင်း ၃၆ စင်းကို မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကနေ လွှတ်တင်ခဲ့ပါတယ်။ ရန်သူဟာ ယူကရိန်းရဲ့ အနောက်ပိုင်းဒေသတွေက စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေနဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ဖို့ ရည်ရွယ်ခဲ့တယ်လို့ ယူဆရပါတယ်။ အဲဒီ Shahed ဒရုန်း ၃၆ စင်းစလုံး ပစ်ချခံခဲ့ရပါတယ်” ဟု ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယူကရိန်းသည် ပိုမိုကောင်းမွန်သည့် လေကြောင်းကာကွယ်ရေး စွမ်းဆောင်ရည်များအတွက် အနောက်နိုင်ငံများကို အကူအညီတောင်းခံခဲ့ပြီးနောက် ရုရှား၏ ခရုဇ်ဒုံးကျည်များနှင့် ဒရုန်းများ၏ တိုက်ခိုက်မှုလှိုင်းလုံးကို အရှိန်လျှော့ချနိုင်ခဲ့သည်။

ထိုအချိန်အတောအတွင်း ရုရှားက သိမ်းပိုက်ခဲ့သည့် ခရိုင်းမီးယားဒေသတွင် ညအချိန် တိုက်ခိုက်မှုတစ်ခုအတွင်း ဒရုန်း ခြောက်စင်းကို ပစ်ချနိုင်ခဲ့ သို့မဟုတ် တားဆီးနိုင်ခဲ့သည်ဟု ရုရှားက ခန့်အပ်ခဲ့သည့် ခရိုင်းမီးယားအုပ်ချုပ်ရေးမှူးက မေ ၂၅ ရက်တါင် ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့ ညက ခရိုင်းမီးယားရဲ့ မတူညီတဲ့ နေရာတွေမှာ ဒရုန်းခြောက်စင်းဟာ ပစ်ချခံရတာ ဒါမှမဟုတ် တားဆီးခံခဲ့ရပါတယ်။ ဒီဖြစ်စဉ်မှာ နစ်နာသူ ဒါမှမဟုတ် ဒဏ်ရာရ သူမရှိခဲ့ပါဘူး”ဟု ခရိုင်းမီးယား အုပ်ချုပ်ရေးမှူး ဆာဂျီ အက်စ်ယိုနော့ဗ်က Telegram တွင် ရေးသားခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ရုရှား၏ ထိုးစစ်စတင်ခဲ့ချိန်ကတည်းက ရုရှားမြေပေါ် တွင် ပြင်းထန်သည့် တိုက်ခိုက်မှုတစ်ခုတွင်  ယူကရိန်းနိုင်ငံမှ ဖြတ်ကျော်ဝင်ရောက်လာသည့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကို ဆန့်ကျင်ရန် ရုရှားက တိုက်လေယာဉ်များနှင့် အမြောက်များ ဖြန့်ကြက်ချခဲ့ပြီးနောက် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မေ ၂၄ ရက်ကလည်း ရုရှား၏ ဘဲလ်ဂိုရော့ဒေသ၏ အုပ်ချုပ်ရေးမှူး ယာချက်စ်လက် ဂလက်ကော့ဗ်က ၎င်းနယ်နိမိတ်အတွင်း ဒရုန်းများ၏ ညလုံးပေါက် ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။

ယင်းနေရာတွင် အမြောက်များနှင့် မော်တာကျည်များပစ်ခတ်မှုအောက်တွင် လူ ၁၃ ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

ရုရှားကမူ ၎င်း၏တပ်ဖွဲ့များသည် ယူကရိန်းအကြမ်းဖက်သမား ၇၀ ကျော်ကို သတ်ဖြတ်ခဲ့သည်ဟု ပြောကြားခဲ့သော်လည်း အေအက်ဖ်ပီသတင်းဌာနအနေဖြင့် ယင်းပြောကြားချက်ကို လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိပေ။

ယူကရိန်းကမူ ရုရှားနိုင်ငံအတွင်းဖြစ်ပွားသည့် တိုက်ခိုက်မှုများကို တာဝန်ခံရန် ငြင်းဆိုခဲ့သည်။

ရုရှားနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်ခဲ့သည်ဟု စွပ်စွဲခံရသူများက ၎င်းတို့၏ စစ်ဆင်ရေးအောင်မြင်မှုကို ချီးကျူးခဲ့ပြီး ၎င်းတို့သည် ရုရှားကာကွယ်ရေး၏ အားနည်းချက်ကို မီးမောင်းထိုး ဖော်ပြခဲ့သည်ဟု ယူကရိန်း မီဒီယာကို ပြောကြားခဲ့သည်။   

Most Read

Most Recent