သမ္မတရှီကျင်းပင်နှင့် တွေ့ဆုံရန်နှင့် တရုတ်-ရုရှား စီးပွားရေးဖိုရမ်တက်ရောက်ရန် ရုရှားဝန်ကြီးချုပ် တရုတ်သို့ရောက်ရှိနေ

သမ္မတရှီကျင်းပင်နှင့် တွေ့ဆုံရန်နှင့် တရုတ်-ရုရှား စီးပွားရေးဖိုရမ်တက်ရောက်ရန် ရုရှားဝန်ကြီးချုပ် တရုတ်သို့ရောက်ရှိနေ
မေ ၂၃ ရက်က ရှန်ဟိုင်းမြို့တွင်ပြုလုပ်သည့် တရုတ်-ရုရှား စီးပွားရေးဖိုရမ်တွင် ရုရှားဝန်ကြီးချုပ် မီရှုစတင်ကို တရုတ်ဒုတိယဝန်ကြီးချုပ် ဟဲလိဖုန်း ကြိုဆိုနေစဉ်(Photo: Reuters)
မေ ၂၃ ရက်က ရှန်ဟိုင်းမြို့တွင်ပြုလုပ်သည့် တရုတ်-ရုရှား စီးပွားရေးဖိုရမ်တွင် ရုရှားဝန်ကြီးချုပ် မီရှုစတင်ကို တရုတ်ဒုတိယဝန်ကြီးချုပ် ဟဲလိဖုန်း ကြိုဆိုနေစဉ်(Photo: Reuters)
Published 23 May 2023
Ref: AFP

ရုရှားဝန်ကြီးချုပ် မစ်ခေး မီရှုစတင်သည် တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီး တရုတ်သမ္မတ ရှီကျင်းပင်နှင့် တွေ့ဆုံကာ အခြေခံအဆောက်အအုံနှင့် ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက် အများအပြားကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

မီရှုစတင်သည် မေ ၂၂ ရက် နှောင်းပိုင်းက တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး လေဆိပ်တွင် တရုတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ် အီဂေါ မော်ဂူလော့ဗ်နှင့် ရုရှားနိုင်ငံဆိုင်ရာ တရုတ်ထိပ်တန်း သံတမန် ကျန်းဟန်ဟွေးတို့က လာရောက်ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

၎င်းသည် တရုတ်-ရုရှား စီးပွားရေးဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး ရှန်ဟိုင်းမြို့ရှိ ရေနံဓာတု သုတေသနသိပ္ပံသို့လည်း သွားရောက်မည်ဖြစ်ကာ ရုရှားစီးပွားရေး အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဟု ရုရှားအစိုးရက ပြောကြားသည်။

အဆိုပါဖိုရမ်သို့ မြေသြဇာ၊ သံမဏိ၊ သတ္တုတွင်းလုပ်ငန်းတို့မှ အပါအဝင် ဒဏ်ခတ်ပိတ်ဆို့ခံ ရုရှားစီးပွားရေးလုပ်ငန်းရှင်များနှင့် စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်သည့် ဒဏ်ခတ်ပိတ်ဆို့ခံရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါး နိုဗက်တို့ကိုလည်း ဖိတ်ကြားထားသည်ဟု Bloomberg သတင်းဌာနက ဖော်ပြသည်။

ယမန်နှစ်တွင် တရုတ်သည် ရုရှား၏စွမ်းအင်များကို ဝယ်ယူသည့် ထိပ်တန်းဝယ်လက်ဖြစ်လာခဲ့သည်။ ယူကရိန်းကိုကျူးကျော်မှုကြောင့် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှု အများအပြားနှင့် ကြုံတွေ့ခဲ့ရပြီး နောက် အခြားနိုင်ငံများသို့ ရုရှား၏ဓာတ်ငွေ့တင်ပို့မှုများမှာမူ အကြီးအကျယ်ကျဆင်းခဲ့ သည်။ မေ ၂၃ ရက်က ရှန်ဟိုင်းမြို့ရှိ ရုရှားကောင်စစ်ဝန်ရုံးတစ်ဝိုက်နှင့် စီးပွားရေးဖိုရမ်ကျင်းပမည့် အနီးနားရှိ အစည်းအဝေးခန်းမ တို့တွင် ရဲတပ်ဖွဲ့အင်အားကို တိုးမြှင့်ချထားခဲ့သည်။

မီရှုစတင်သည် ပေကျင်းမြို့သို့ ဆက် လက်သွားရောက်မည်ဖြစ်ပြီး သမ္မတရှီကျင်းပင်၊ ဝန်ကြီးချုပ်လီချန်တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် မီဒီယာဖြစ်သည့် TASS က ဖော်ပြသည်။

မကြာသေးမီ နှစ်များအတွင်း တရုတ်နှင့်ရုရှားတို့သည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုများကို တိုးမြှင့်လာခဲ့ကာ ယူကရိန်းစစ်ပွဲဖြစ်ပွား ပြီးနောက်ပိုင်း ၎င်းနှစ်နိုင်ငံအကြား မဟာဗျူ ဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည်လည်း ပိုမိုအားကောင်းလာခဲ့သည်။

ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ တရုတ်က ကြားနေနိုင်ငံအဖြစ် ရပ်တည်ကြောင်းပြောကြားထားပြီး ရုရှား၏ကျူးကျော်မှုကို ရှုတ်ချရန် ငြင်းဆန်ခဲ့သည်။

ယူကရိန်း ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် တိုက်တွန်းထားသည့် အဆိုပြုချက်များကို တရုတ်က ယခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သည်။ အနောက်နိုင်ငံများကမူ တရုတ်၏အဆိုပြုချက်အပေါ် သံသယရှိနေသည်။

ယခုနှစ်မတ်လတွင် မော်စကို၌ တွေ့ဆုံခဲ့စဉ်အတွင်း သမ္မတရှီကျင်းပင်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ပေကျင်းသို့လာရောက်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနှင့် ပတ်သက်၍ တရုတ်၏ အချက် ၁၂ ချက်ပါသော အဆိုပြုချက်ကို ဆွေးနွေးခြင်းသည်တရုတ်-ရုရှား ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းရင်းတစ်ရပ်ဖြစ်သည်။ တရုတ်၏အဆိုပြုချက်တွင် အပြန်အလှန် စေ့စပ်ဆွေးနွေးရေးနှင့် နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာကို လေးစားမှုရှိရေး အစရှိသော အချက်များပါဝင်သည်။

ရုရှားနှင့်ဆက်ဆံရေးတွင် တရုတ်ကအသာစီးရရှိထားပြီး ရုရှားအနေဖြင့် နိုင်ငံတကာတွင် အထီးကျန်လာစဉ် တရုတ်၏သြဇာလွှမ်းမိုးမှုသည် ပိုမိုကြီးထွားလာသည်ဟု အကဲခတ်များက သုံးသပ်ထားသည်။

Most Read

Most Recent