အိန္ဒိယနိုင်ငံမှ မတ်ပဲဝယ်လိုအားမြင့်တက်နေသည့်အတွက် မွန်ပြည်နယ်ထွက် မတ်ပဲ ဈေးကောင်းရနေ

အိန္ဒိယနိုင်ငံမှ မတ်ပဲဝယ်လိုအားမြင့်တက်နေသည့်အတွက် မွန်ပြည်နယ်ထွက် မတ်ပဲ ဈေးကောင်းရနေ
Published 5 May 2023
ဘိုဘိုမြင့်

အိန္ဒိယ နိုင်ငံမှ မတ်ပဲဝယ်လိုအားမြင့်တက်နေသည့်အတွက် မွန်ပြည်နယ်ထွက် မတ်ပဲ ဈေးကောင်းရနေကြောင်း ပဲနှမ်းလုပ်ငန်းရှင်များထံမှ သိရသည်။

ယခုနှစ် ဇန်နဝါရီလအတွင်းက မတ်ပဲ (၂၀) ပိဿာ တစ်တင်းကို ကျပ် (၅၀၀၀၀) ဝန်းကျင်သာဈေးရခဲ့သော်လည်း မေလ (၁) ရက်ညနေပိုင်းတွင် မတ်ပဲ (၂၀) ပိဿာ တစ်တင်းကို ကျပ် (၇၀၀၀၀) ဝန်းကျင်အထိဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။

ထိုအခြေအနေအပြင် ပြည်တွင်း၌လည်း မတ်ပဲလက်ကျန်နည်းပါးလာပြီးဖြစ်သည့်အတွက် ဈေးကောင်းရသည့် သဘောမျိုးဖြစ်ကြောင်း ပဲနှမ်းလုပ်ငန်းတစ်ဦးက သုံးသပ်ပြောကြားသည်။

“လက်ရှိ အိန္ဒိယမှာ ရာသီဥတုအခြေအနေကြောင့် မတ်ပဲလိုအပ်ချက်တွေမြင့်သွားတယ်လို့ သိရတယ်။ သူတို့မှာလိုအပ်ချက်တွေရှိလာရင် ကျွန်တော်တို့ဆီကနေ ပို့ပေးရတဲ့သဘောမျိုးရှိတော့ ဈေးကောင်းရတဲ့သဘောပါပဲ” ဟု ၎င်းပဲနှမ်းလုပ်ငန်းရှင် က ဆက်လက်ပြောကြားသည်။

ထို့အပြင် မွန်ပြည်နယ် ပဲ၊ နှမ်း အသင်းအနေဖြင့်လည်း ယခုနှစ်တွင် ပဲစိုက်တောင်သူများထံသို့ အဓိကအားဖြင့် မတ်ပဲမျိုးများ ထုတ်ပေးထားကြောင်း နှင့် ပဲထွက်ရာသီမှသာ ပဲမျိုးကို ကာလပေါက်ဈေးဖြင့် ပြန်သွင်းစေသည့်နည်းလမ်းဖြင့် လုပ်ဆောင်ပေးထားကြောင်း သိရသည်။

“မွန်ပြည်နယ်အတွင်းက ပဲစိုက်ပျိုးတဲ့တောင်သူတွေအနေနဲ့ကတော့ မြေဩဇာကျွေးရတာတွေသိပ်မရှိပါဘူး။ ပြောင်းစိုက်တောင်သူတွေအနေနဲ့ကတေ့ မြေဩဇာကျွေးရတာတို့၊ ရေသွင်းရတာတို့တော့ရှိပါတယ်။ ပဲစိုက်တောင်သူတွေအနေနဲ့ကတော့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဈေးဖြန်းရတာမျိုးပဲရှိပါတယ်။ အဲ့ဒီ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေကလည်း ခါတိုင်နှစ်တွေထက်စာရင် ဈေးနှုန်းကကြီးသွားပေမယ့်လည်း လက်ရှိ ပဲဈေးနှုန်းက ကောင်းနေတဲ့အတွက် ပဲစိုက်တောင်သူတွေအကျိုးရှိနိုင်ပါတယ်” ဟု မွန်ပြည်နယ် ပဲနှမ်းအသင်း ဥက္ကဌဖြစ်သူ ဦးအောင်မျိုးဦး က ပြောကြားထားသည်။

သို့သော်လည်း လက်ရှိ မတ်ပဲဈေးနှုန်းမြင့်နေသော်လည်း တောင်သူများထံမှ ပဲလက်ကျန်မရှိတော့သည့်အတွက် အကျိုးမရှိဖြစ်နေကြောင်း ပဲစိုက်တောင်သူများ၏ ပြောကြားချက်များအရ သိရသည်။

“အခုအချိန်က ဆောင်းသီးနှံ ရိတ်သိမ်းလို့ကုန်ပြီလေ။ သီးနှံတွေကလည်း တောင်သူတွေရဲ့လက်ထဲမှာ မရှိတော့ဘူး။ ကုန်သည်တွေဆီမှပဲရှိတော့တာ။ အခုဈေးကောင်းရတော့ ကုန်သည်တွေပဲရကြတာပါ” ဟု ပေါင်မြို့နယ်မှ ပဲနှမ်းစိုက်တောင်သူတစ်ဦး က ပြောကြားသည်။

မွန်ပြည်နယ်အတွင်းမှာ ဆောင်းသီးနှံများဖြစ်သည် ပဲနှမ်းများကို ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ မော်လမြိုင် နှင့် မုဒုံအစရှိတဲ့ မြို့နယ်တွေမှာ အဓိကစိုက်ပျိုးကြတယ်လို့ သိရပါတယ်။

 

Most Read

Most Recent