၂၀၂၂ ခုနှစ် ဧပြီ ၄ ရက်မှ သြဂုတ် ၅ ရက်အတွင်း တင်ပို့ခဲ့သော ပို့ကုန်ကြေညာလွှာ (ED) များအတွက် ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံခြားငွေစုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းကို ကျပ်ငွေဖြင့် လဲလှယ်ပေးရန် ဗဟိုဘဏ်ထုတ်ပြန်

၂၀၂၂ ခုနှစ် ဧပြီ ၄ ရက်မှ သြဂုတ် ၅ ရက်အတွင်း တင်ပို့ခဲ့သော ပို့ကုန်ကြေညာလွှာ (ED) များအတွက် ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံခြားငွေစုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းကို ကျပ်ငွေဖြင့် လဲလှယ်ပေးရန် ဗဟိုဘဏ်ထုတ်ပြန်
Published 20 April 2023

၂၀၂၂ ခုနှစ် ဧပြီ ၄ ရက်မှ သြဂုတ် ၅ ရက်အတွင်း ကြားကာလအတွင်း ပို့ကုန်ကြေညာလွှာ (ED)များအတွက် ပြန်လည်ဝင်ရောက်လာသည့် ပို့ကုန်ရငွေနိုင်ငံခြားငွေစုစုပေါင်း၏  ၆၅ ရာခိုင်နှုန်းကို ကျပ်ငွေဖြင့် လဲလှယ်ပေးရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၃ ခုနှစ် ဧပြီ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၂၇/၂၀၂၃) ဆုံး ဖြတ်ချက်အပိုဒ်၁ (ရ)တွင် အောက်ပါအတိုင်း ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၂၂ ခုနှစ် ဧပြီ ၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁၂/၂၀၂၂)မထုတ်ပြန်မီ တင်ပို့ခဲ့သော ပို့ကုန်ကြေညာလွှာ Export Declaration (ED) များအတွက် ပြန်လည်ဝင်ရောက်လာသည့် ပို့ကုန်ရငွေအား ၁၀၀ ရာခိုင်နှုန်းစျေးကွက်ပေါက်စျေးဖြင့် ရောင်းချအသုံးပြုခွင့်ပြုရန်နှင့် အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ထုတ်ပြန်ပြီးကာလ ၂၀၂၂ ခုနှစ် ဧပြီ ၄ ရက်မှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၂၂ ခုနှစ် သြဂုတ် ၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၆/၂၀၂၂) မထုတ်ပြန်မီကြား ကာလတွင် တင်ပို့ခဲ့သော ပို့ကုန်ကြေညာလွှာ Export Declaration (ED) များအတွက်  ပြန်လည်ဝင်ရောက်လာသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအား အမိန့်ကြော်ငြာ စာအမှတ်(၁၂/၂၀၂၂)ပါ သတ်မှတ်ချက်များနှင့်အညီ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ပြီး ပို့ကုန်ရငွေပမာ ၏ ၃၅ ရာခိုင်နှုန်းအား စျေးကွက်ပေါက်စျေးဖြင့် ရောင်းချအသုံးပြု ခွင့်ပြုရန်ဖြစ်သည်။

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များ အနေဖြင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ရန်ဖြစ်ကြောင်း  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၃ ခုနှစ် ဧပြီ ၁၈ ရက်စွဲဖြင့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်မှုမရှိသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် ဥပဒေနှင့်စည်းမျဉ်းများ၊ ညွှန်ကြားချက်များကို သိရှိ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးနိုင်ရန်နှင့် အခက်အခဲများကို အပြန်အလှန် ဆွေးနွေးနိုင်ရန် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အဆိုပါကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင် ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၈-က၊ ပုဒ်မ ၃၈ (ခ)၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်း မျဉ်းအပိုဒ် ၃၅ ၊ ၃၆၊ ၃၇ နှင့် အမိန့်ကြော်ငြာစာအမှတ် (၂၇/ ၂၀၂၁) တို့အရ ပို့ကုန်တင်ပို့သူများအနေဖြင့် အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ၄၅ ရက်အတွင်း၌လည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း၌လည်းကောင်း၊ ပို့ကုန်ရငွေများအား နိုင်ငံတော်အတွင်းရှိယင်း၏ဘဏ်ငွေစာရင်းသို့ ပြန်လည်ဝင်ရောက်ခြင်း ရှိ/မရှိကို ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကုန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းအဖွဲ့တို့မှ ပူးပေါင်း စိစစ်ကြီးကြပ်လျက်ရှိကြောင်း သိရသည်။

ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူးတို့မှလည်း Export Proceeds ပြန်လည် ဝင်ရောက်ရေးဆောင်ရွက်နေမှုများ၊ နိုင်ငံတော်အနေဖြင့်ပို့ကုန်ရငွေ ပြန်လည်ပေးသွင်းရမည့်ကာလ သတ်မှတ်ချက် ပြင်ဆင်ပေးခဲ့သည့် အခြေအနေများ၊ အစိုးရမှဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့ပြင် ပို့ကုန်ရငွေသည် နိုင်ငံတော်အတွက်အဓိကနိုင်ငံခြားငွေဝင်ရောက်ရာ လမ်းကြောင်းဖြစ်သဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တည်ငြိမ်စေရေးအတွက် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ ပို့ကုန်တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို သေချာစွာလိုက်နာမှသာ နိုင်ငံအတွင်း ငွေကြေးစီးဆင်းမှု ပိုမိုချောမွေ့စေမည်ဖြစ်ကြောင်း ဆွေးနွေးကြသည်။

Most Read

Most Recent