ဟောင်ကောင်တွင် Winnine The Pooh ထိတ်လန့်ဖွယ်ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသမှုများကို ဖျက်သိမ်းထား

ဟောင်ကောင်တွင် Winnine The Pooh ထိတ်လန့်ဖွယ်ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသမှုများကို ဖျက်သိမ်းထား
Photo - Vandal
Photo - Vandal
Published 23 March 2023

ကြောက်ရွံ့ထိတ်လန့်ဖွယ်ဗြိတိန်ရုပ်ရှင်ဇာတ်ကား Winnine The Pooh: Blood And Honey ကို ဟောင်ကောင်တွင် ရုံတင်ပြသတော့မည့်ဆဲဆဲ ပြသတော့မည်မဟုတ်ကြောင်း ရုပ်ရှင်ဖြန့်ချိရေး VII Pillars Entertainment က မတ် ၂၁ ရက်တွင် ကြေညာလိုက်သည်။

၎င်းတို့၏ Facebook  ပေ့ချ်တွင် မတ် ၂၃ ရက်၌ ဟောင်ကောင်ရုပ်ရှင်ရုံများတွင် ယင်းဇာတ်ကားစတင်ရုံတင်ရန် စီစဉ်ထားခြင်းကို ဖျက်သိမ်းလိုက်ပြီဟု ကြေညာထားကာ အကြောင်းရင်းကိုမူ ထည့်မဖော်ပြခဲ့ပေ။

စိတ်ကူးယဉ်ဇာတ်ကောင် ဝင်နီသပူးနှင့် တရုတ်သမ္မတရှီကျင်းပင်ကို နှိုင်းယှဉ်လာမှုများကြောင့် ဝင်နီသပူးသည် ယခင်ကတည်းက တရုတ်ဆင်ဆာအာဏာပိုင်များ၏ ပစ်မှတ်ဖြစ်ခဲ့သည်။ ၂၀၁၃ ခုနှစ်က အမေရိကန်သို့ ရှီ သွားရောက်ကာ သမ္မတဟောင်း ဘားရတ်အိုဘားမားနှင့် တွေ့ဆုံခဲ့မှုမှစပြီး ဝင်နီသပူးကိစ္စ ပေါ်ပေါက်လာခဲ့သည်။ အွန်လိုင်းမှတ်ချက်ပေးသူများက ခေါင်းဆောင်နှစ်ဦးတွင် ရှီကို Pooh နှင့်၊ အိုဘားမားကို Tigger နှင့် ခိုင်းနှိုင်းခဲ့ကြသည်။ ထို့ပြင်တရုတ်အစိုးရကို ဆန့်ကျင်သူများကလည်း ဝင်နီသပူးပုံကို သုံးလာကြသည်။

Winnine The Pooh: Blood And Honey ဇာတ်ကားတွင် ဝင်နီသပူးနှင့် ၎င်း၏ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သည့် ပစ်ဂလက်တို့ကို လူသတ်ကောင်များအဖြစ် မြင်တွေ့ရမည်ဖြစ်ပြီး ဇာတ်ကားကို ၁၀ ရက်အတွင်း ရိုက်ကူးခဲ့သည်ဟု သိရသည်။ အနိဌာရုံဇာတ်ကားများကိုမှ ကြိုက်သည်ဆိုသည့် ပရိသတ်များအတွက် ဒစ္စနေ၏ချစ်စရာအကောင်းဆုံး ဇာတ်ကောင်နှစ်ခုကို လူသတ်ကားတစ်ခုတွင် ကြည့်ရမည်မှာ စိတ်ဝင်စားစရာဖြစ်နေလိမ့်မည်။

တရုတ်အထူးအုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဟောင်ကောင်တွင် ဆင်ဆာဥပဒေသစ် တစ်ရပ် ၂၀၂၁ ခုနှစ်က အသက်ဝင်လာခဲ့ပြီး ယခုကဲ့သို့ပင် ရုပ်ရှင်ဇာတ်ကားအချို့ ပြသခွင့် မရပေ။

ဆင်ဆာဥပဒေအရ နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ပေးလာနိုင်မည့် လှုပ်ရှားမှုများကို အားပေးထောက်ခံသည့်၊ လှုံံ့ဆော်သည့် ဇာတ်ကားများကို ပြသခွင့်တားမြစ်ထားသည်။

အာဏာပိုင်များ၏ ထောက်ခံချက်မရသဖြင့် ပြီးခဲ့သည့်နှစ်ကလည်း ဟောင်ကောင်နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ထိုင်ဝမ်ဇာတ် ကားတစ်ကားနှင့် ဟောင်ကောင်ဇာတ်ကား တစ်ကား ပြသခွင့်မရခဲ့ပေ။

ဟောင်ကောင်တွင် တရုတ်အစိုးရက ၂၀၂၀ ခုနှစ်$ပြဌာန်းပေးထားသည့် အမျိုးသားလုံခြုံရေးဥပဒေတစ်ရပ်လည်းရှိပြီး ပြည်ပအင်အားစုများနှင့်ပူးပေါင်းမှု၊ အကြမ်းဖက်မှု၊ ခွဲထွက်ရန်ကြိုးပမ်းမှုအဖြစ် ယူဆရသည်များကို အပြစ်ပေးမည့်ဥပဒေဖြစ်သည်။

Most Read

Most Recent