Netflix မှထုတ်လွှင့်ပြသခဲ့သည့် အအောင်မြင်ဆုံး ကေဒရာမာဇာတ်လမ်းတွဲများအနက် တစ်ခုဖြစ်သည့် The Glory ဇာတ်လမ်းတွဲသည် Part 1၊ Part 2 နှစ်ခုစလုံး ပရိသတ်စိတ်ဝင်စားမှု အတော်လေးခံခဲ့ရပြီး ဇာတ်လမ်းရိုက်ကူးခဲ့စဉ် နောက်ကွယ်ကအကြောင်းအရာများက ပရိသတ်အတွက် ပိုစိတ်ဝင်စားစရာ ကောင်းနေတော့သည်။
ဖြစ်ရပ်မှန်များကို အခြေခံရိုက်ကူးထားသည့်ဇာတ်လမ်းဖြစ်သည်။ The Glory တွင် မွန်ဒုံအွန်း(ဆောင်းဟေကို)ကအတန်းဖော်များ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းအနိုင်ကျင့်နှိပ်စက်ခဲ့မှုများကို လက်စားချေရန် ၁၈ နှစ်ကြာ ကြံစည်အကွက်ချလာခဲ့သည်။ ဗိုလ်ကျသည့်အခန်းများက ဆိုးလွန်းသည်၊ သဘာဝမကျဟု ထင်ကောင်းထင်ရသော်လည်း ကိုရီးယားရှိ ကျောင်းကော်မရှင်အဖွဲ့ဝင်တစ်ဦးအဆိုအရ စိတ်ကူးယဉ်ဇာတ်လမ်းပုံစံ မဟုတ်ပေ။ အချို့သော ကျောင်းတွင်းအနိုင်ကျင့်ခံခဲ့ရသူများက ဒုံအွန်းကဲ့သို့ပင် ကြောက်မက်ဖွယ်အရာများကို အမှန်တကယ်ကြုံခဲ့ရသည်။
ရိုက်ကူးမှုမစတင်မီ သရုပ်ဆောင်များ အတိတ်ကအုပ်စုဖွဲ့အနိုင်ကျင့်ခဲ့မှုများ ရှိ၊မရှိ စစ်ဆေးခံရသည်။ သို့သော် ဒါရိုက်တာအန်ဂီဟိုက စစ်ဆေးမခံခဲ့ရပေ။ မကြာသေးမီကမှ ၎င်း၏ကျောင်းတွင်းဗိုလ်ကျခဲ့မှုများ လူသိရှင်ကြားဖြစ်လာကာ အပြစ်ကိုဝန်ခံခဲ့သည်။
ဘုရားကျောင်းဇာတ်ဝင်ခန်းတွင်မြင်ရသည့် မြွေသည် မြွေအစစ်ဖြစ်သည်။ ကွန်ပျူတာဂရပ်ဖစ်ဖြင့် ဖန်တီးထားခြင်းမဟုတ်ပေ။ ထိုအကြောင်းကို အင်တာဗျူးတစ်ခုတွင် ဗီလိန်သရုပ်ဆောင်ကင်ဟယ်ရာက ဖွင့်ဟခဲ့ခြင်းဖြစ်သည်။ ထိုမြွေက ဇာတ်ကားများစွာတွင်ပါခဲ့သည့်အတွက် စီနီယာမြွေဟုလည်း ကင်ဟယ်ရာက ပြောကြားသည်။
ချာဂျူယောင်းရေချိုးသည့်အခန်းတွင် နောက်ကျောဖြင့်မြင်ရသည်မှာ လူစားထိုးထားခြင်းဖြစ်ပြီး အကျႌချွတ်လိုက်သည့်အခန်းကမူ ၎င်းကိုယ်တိုင်ဖြစ်သည်။ သို့သော်ဂရပ်ဖစ်ဖြင့် ပြင်ဆင်မှုအချို့ပါသည်။
လေယာဉ်မယ်ဇာတ်ရုပ်ဖြင့်ပါခဲ့သည့် ချာဂျူယောင်းက ဇာတ်ကားထဲမှ လှစ်ဟဖော်ထားသည့် အဖြူရောင်ဝတ်စုံသည် နဂိုက ရွေးထားသည့်ဝတ်စုံမဟုတ်ဘဲ ဒါရိုက်တာက လဲဝတ်ခိုင်းသဖြင့် ဇာတ်ရုပ်ပီပြင်အောင် ဝတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဒုံအွန်းက မင်းသားကို ၎င်း၏အမာရွတ်များပြလိုက်သည့်အခန်းအတွက် ဆောင်းဟေကိုသည် မရိုက်ကူးမီရက်ပိုင်းအလိုတွင် အစားအသောက်အင်မတန်လျှော့ခဲ့ရသည်။ ငှက်ပျောသီးချည်း သုံးရက်စားခဲ့ပြီး ရေမသောက်ခဲ့သည့်နေ့ပင်ရှိခဲ့သည်။ အပြင်းအထန် diet လုပ်ခဲ့ရသည့်အတွက် ထိုဇာတ်ဝင်ခန်းပီပြင်မှုအပေါ် ၎င်းက ကျေနပ်အားရနေသည်။