ကျောင်းသားဘဝက အုပ်စုဖွဲ့ဗိုလ်ကျမှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံနေရသူ The Glory ဇာတ်လမ်းတွဲဒါရိုက်တာ အန်ဂီဟိုက ထိုစွပ်စွဲချက်များမှန်ကန်ကြောင်း ဝန်ခံလိုက်ပြီဖြစ်သည်။ အစောပိုင်း၌ အန်က ငြင်းခဲ့သည်။
ဆောင်းဟေကို ပါဝင်သည့် The Glory ဒရာမာဇာတ်လမ်းတွဲ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်မှာမှ၊ အင်တာနက်သုံးစွဲသူတစ်ဦးက ဒါရိုက်တာအန်ဂီဟိုသည် ၁၉၉၆ ခုနှစ်ဝန်းကျင် ဖိလစ်ပိုင်တွင် အလယ်တန်း ကျောင်းတက်နေစဉ် ၎င်းကို အုပ်စုဗိုလ်ကျခဲ့သည်ဟု ဖွင့်ချလိုက်သည်။ ထိုအချိန်က အန်ဂီဟိုသည် အလယ်တန်းကျောင်းသူတစ်ဦးနှင့် ဒိတ်နေချိန်ဖြစ်ပြီး ချစ်သူကို လှောင်ပြောင်ခဲ့သည်ဆိုသည့် ကျောင်းသားနှင့်အဖွဲ့ကို ခေါ်ကာ ရိုက်နှက်ခဲ့သည်။
တစ်ဖက်လူ၏အဆိုအရ အန်ဂီဟိုအပါအဝင် ကျောင်းသား ၁၀ ဦးခန့်က ၎င်းနှင့် သူငယ်ချင်းများကို ရိုက်နှက်ခဲ့သည်။ လက်ရှိတွင် စွပ်စွဲသည့်အမျိုးသားက အမေရိကတွင် နေထိုင်လျက်ရှိပြီး အကယ်၍ဒါရိုက်တာအန်က ၎င်း၏တစ်ချိန်က လုပ်ရပ်ကို ငြင်းမည်ဆိုပါက ၎င်းဘက်မှလည်း သက်သေများ ချပြမည်ဖြစ်ကြောင်း၊ အန်က ဥပဒေကြောင်းဖြင့် တုံ့ပြန်လာပါက ၎င်းဘက်မှလည်း အလားတူတုံ့ပြန်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။
ထိုသို့စွပ်စွဲခံထားရမှုအပေါ် အန်က နောက်ဆုံးတွင် ဝန်ခံလိုက်ပြီး ၎င်းကိုခွင့်လွှတ်ပေးကြစေလိုကြောင်း၊ အခွင့်အရေးပေးမည်ဆိုပါက လူကိုယ်တိုင် တောင်းပန်လိုကြောင်း မတ် ၁၂ ရက်တွင် ကြေညာခဲ့သည်။ ပရိသတ်များကမူ ကျောင်းတွင်းအုပ်စုဖွဲ့ဗိုလ်ကျမှုကို မီးမောင်းထိုး ဇာတ်လမ်းရိုက်ကူးခဲ့သည့် ဒါရိုက်တာတစ်ဦးက အတိတ်တွင် ထိုသို့ကျူးလွန်ခဲ့သည်ကို သိရသည့်အခါ အံ့သြမဆုံးဖြစ်နေကြသည်။
ကျောင်းသူဘဝက အနိုင်ကျင့်အကြမ်းဖက်ခဲ့သူများကို လက်စားချေရန် ၁၈ နှစ်ကျော်ပြင်ဆင်လာခဲ့သည့် မွန်ဒုံအွန်း(ဆောင်းဟေကို) ၏ ဆန္ဒများပြည့်ဝသွားသည်ကို ဇာတ်လမ်းတွဲ Part 2 တွင်တင်ဆက်ထားပြီး Netflix မှ မတ် ၁၀ ရက်တွင်ပြပြီးနောက် တစ်ရက်မှာပင် ကမ္ဘာတစ်ဝန်းလူကြည့်အများဆုံးဇာတ်လမ်းတွဲစာရင်းတွင် နံပါတ်သုံးနေရာ၌ ရှိနေခဲ့သည်။ Part 1 မှ ကျောင်းသူအချင်းချင်း ဗိုလ်ကျသည့် ဇာတ်ဝင်ခန်းမျိုးဖြစ်ရပ်မှန်ရှိခဲ့သဖြင့်လည်း ပရိသတ်များ တုန်လှုပ်ခဲ့ရသည်။ ဖြစ်ရပ်မှန်က ချောင်းဂျူမြို့ရှိ မိန်းကလေးကျောင်းတစ်ခုတွင် ၂၀၀၆ ခုနှစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။