ကွန်းဖရန့်လိဂ် (၁၆)သင်းအဆင့် ပွဲကြိုသုံးသပ်ချက်

ကွန်းဖရန့်လိဂ် (၁၆)သင်းအဆင့် ပွဲကြိုသုံးသပ်ချက်
Photo: West Ham United Twitter
Photo: West Ham United Twitter
Published 9 March 2023

AEK လာနာကာ နှင့် ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ပြိုင်ပွဲစုံနောက်ဆုံး(၆)ပွဲမှာ ဝက်စ်ဟမ်းအသင်း (၁)ပွဲပဲ အနိုင်ရခဲ့ပေမဲ့ ဘရိုက်တန်နဲ့ပွဲမတိုင်မီအထိတော့ ရလဒ်တွေက လက်ခံလို့ရတယ်။ ဒုတိယအကျော့ပြီးရင် မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲကျပ် ကစားဖို့ရှိနေလို့ ပထမအကျော့ အဝေးကွင်းပွဲမှာပဲ အပြတ်ဖြတ်နိုင်အောင် လုပ်ဆောင်သွားမလားဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားရမယ်။ ကစားသမားအင်အားအရလည်း ဝက်စ်ဟမ်းပဲ နိုင်ဖို့များတယ်။

ရှာရစ်ဖ် နှင့် နိုက်စ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

နိုက်စ်အသင်းက မာဆေးလ်၊ မိုနာကိုအသင်းတွေကို အဝေးကွင်းမှာ အနိုင်ကစားတဲ့အထိ ခြေတက်နေတယ်။ ဒါပေမဲ့ မော်လ်ဒိုဗာမြေမှာ နိုက်စ် အနိုင်ရဖို့ မလွယ်လောက်ဘူး။

အန်ဒါလက်ချ် နှင့် ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ဗီလာရီးယဲလ်အသင်း ရှုံးပွဲဆက်နေမှုကို ရပ်တန့်ပြီး (၂)ပွဲဆက်အနိုင်ကစားကာ လမ်းကြောင်းမှန်ပေါ် ရောက်လာဖို့ အသင့်ဖြစ်နေပြီ။ ဗာတွန်ဂန်၊ ဆလီမန်နီတို့ကစားနေတဲ့ အန်ဒါလက်ချ်အသင်းက လူဒိုဂိုရတ်စ်ကို အိမ်ကွင်းမှာ ပယ်နယ်တီအထိရောက်ပြီးမှ အခုအဆင့်ကို တက်ရောက်လာတာပါ။ ဒါပေမဲ့ ဗီလာရီးယဲလ်က အဝေးကွင်းမယုံရလို့ အန်ဒါလက်ချ်ကို ပိုကြိုက်တယ်။

ဖီအိုရင်တီးနား နှင့် ဆီဗက်စပေါ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ဖီအိုရင်တီးနားအသင်း နိုင်ပွဲဆက်နေပြီး တိုက်စစ်မှူး ကာဘရယ်လ်ကလည်း အေစီမီလန်နဲ့့ပွဲကလွဲလို့ ဆက်တိုက်ဂိုးမြူးခဲ့တာ တွေ့ရတယ်။ ဒါ့အပြင် ဖီအိုရင်တီးနားက ဒီရာသီ ဖလားပြိုင်ပွဲတွေကို အာရုံစိုက်ယှဉ်ပြိုင်နေတယ်။ ဆီဗက်စပေါ်အသင်းမှာ မူဆာ၊ ဂရာဒယ်တို့လို ပရီးမီးယားလိဂ်ကစားသမားဟောင်းတွေရှိပေမဲ့ တူရကီစူပါလိဂ်မှာ အလယ်အလတ်အဆင့်တောင် မရှိပါဘူး။ ဖီအိုရင်တီးနားပဲ ရွေးတာပိုကောင်းမယ်။

လက်ချ်ပေါ့နန် နှင့် ယာဂါးဒန်း (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ဘိုဒယ်ဂလင့်အသင်းကို ကျော်ဖြတ်လာတဲ့ လက်ချ်ပေါ့နန်ရဲ့ခြေစွမ်းကို လျှော့တွက်လို့တော့ မရဘူး။ ယာဂါးဒန်းကလည်း ကစားသမားအင်အားတောင့်လို့ သရေခံကစားနိုင်စွမ်းရှိတယ်။

ဘေဆယ် နှင့် ဆလိုဗန် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

နှစ်သင်းစလုံးရဲ့ လက်ရှိ Form ကတော့ အားရစရာအနေအထားပါပဲ။ အုပ်စုအဆင့်တွေ့ဆုံမှုမှာ ဆလိုဗန်အသင်းက ဘေဆယ်ကွင်းမှာတောင် အနိုင်ကစားထားနိုင်ခဲ့တယ်။ အခုပွဲလည်း ဆလိုဗန်ကို ရွေးချယ်ချင်တယ်။

KAA ဂျန့် နှင့် ဘာရှက်ဆီဟီ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ဘာရှက်ဆီဟီအသင်းမှာ အိုဇေးလ်အပြင် ယာနူဇိုက်၊ ဘစ်ဂလီယာ၊ အိုကာကာစတဲ့ ကစားသမားတွေရှိနေတယ်။ KAA ဂျန့်အသင်း အိမ်ကွင်းအားသာချက်ရှိပေမဲ့ ဘာရှက်ဆီဟီအသင်း မရှုံးလောက်ဘူး။ 

Most Read

Most Recent