ယူရိုပါလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ ပွဲကြိုသုံးသပ်ချက်

ယူရိုပါလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 9 March 2023

အူန်ယွန်းဘာလင် နှင့် ဆန်လွိုက်ဆီ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

အုပ်စုအဆင့်တုန်းက ဆုံတွေ့ဖူးတဲ့ (၂)သင်း ပြန်လည်ရင်ဆိုင်ရတာဖြစ်ပြီး အံ့အားသင့်စရာက အဝေးကွင်းတွေမှာ နိုင်ပွဲကိုယ်စီ ယူခဲ့တာပါပဲ။ အူန်ယွန်းဘာလင် ရလဒ်တွေ ကျနေပေမဲ့ ဒီတစ်ပွဲတော့ နိုင်မှာပါ။

လေဗာကူဆင် နှင့် ဖယ်ရန်ဗာရို့စ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

လေဗာကူဆင်အသင်းရဲ့တိုက်စစ်ထက်မြက်မှုကို ပြန်မြင်တွေ့လာရတယ်။ ဟန်ဂေရီကလပ် ဖယ်ရန်ဗာရို့စ်အနေနဲ့ ဒီအဆင့်ကို တက်လှမ်းလာတာနဲ့ပဲ ကျေနပ်ရမယ့်အနေအထားပါ။ လေဗာကူဆင် ဂိုးပြတ်သွင်းဖို့များတယ်။

စပို့တင်းလစ္စဘွန်း နှင့် အာဆင်နယ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲက ဇာတ်ရှိန်အတော်လေးမြင့်နေချိန်မှာ ပြိုင်ပွဲနှစ်ခုကြား ဟန်ချက်ညီညီသွားနိုင်ဖို့က အတော်ဂရုစိုက်ရမယ့် အနေအထားပါပဲ။ ဒါပေမဲ့ နောက်ဆုံးကစားတဲ့ ဘုန်းမောက်နဲ့ပွဲမှာ (၂)ဂိုးအရှုံးကနေ ပြန်လာနိုင်တဲ့ အာဆင်နယ်အသင်းရဲ့ယုံကြည်မှုကတော့  အမြင့်မားဆုံးအခြေအနေ ရောက်နေတယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ စပို့တင်းလစ္စဘွန်းအသင်းကတော့ ဥရောပပွဲတွေမှာ အိမ်ကွင်းမာပေမဲ့ ဒီရာသီမှာတော့ စွမ်းဆောင်ရည်သိပ်မကောင်းတာ တွေ့ရတယ်။ အာဆင်နယ်အသင်း အနိုင်ကစားဖို့များတယ်။

ရိုးမား နှင့် ဆိုစီဒက် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ရိုးမားအသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပြိုင်ပွဲတွေ ပြန်ကစားချိန် အိမ်ကွင်း(၈)ပွဲမှာ ခရီမိုနီဆီကို မထင်မှတ်ဘဲ အရေးနိမ့်ခဲ့တဲ့ ကိုပါအီတာလီယာတစ်ပွဲပဲ ရှုံးပွဲရှိခဲ့တယ်။ နိုင်ပွဲအားလုံးက Clean Sheet ယူထားနိုင်တာဖြစ်လို့ လက်ရှိရုန်းကန်နေရတဲ့ ဆိုစီဒက်တိုက်စစ်နဲ့တော့ မလွယ်လောက်ဘူး။ ရိုးမား ၁-၀၊ ၂-၀ လောက်ဖြစ်နိုင်တယ်။

ဆီဗီလာ နှင့် ဖီနာဘာချီ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ယူရိုပါလိဂ်ဘုရင် ဆီဗီလာအသင်းက ပြိုင်ပွဲစုံ(၃)ပွဲဆက်အရေးနိမ့်ပြီး အခြေအနေဆိုးနေတယ်။ ဖီနာဘာချီအသင်းကတော့ ပြည်တွင်းပွဲတွေမှာ ရလဒ်ကောင်းနေပြီး အန်နာဗလင်စီယာလည်း ဂိုးမြူးနေတယ်။ ဒါပေမဲ့ ဆီဗီလာကို ဒုက္ခပေးနိုင်မယ့် အင်အားစုမျိုးတော့ မရှိပါဘူး။ ဆီဗီလာအသင်း အနိုင်ကစားသွားလိမ့်မယ်။

ဂျူဗင်တပ်စ် နှင့် ဖရိုင်းဘတ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ဂျူဗင်တပ်စ်အသင်း ခြေစွမ်းကတော့ မှန်းဆရခက်နေတယ်။ ဒါပေမဲ့ လတ်တလော အသင်းမှာ နေရာစုံက ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေရှိနေတာ အဓိကအားသာချက် ဖြစ်နေတယ်။ တိုက်စစ်ပိုင်းက ဗလာဟိုဗစ်၊ မွိုက်စ်ကိန်းတို့ ပုံမှန်ဂိုး သွင်းခြေမရှိတဲ့ အားနည်းချက်ကို ဒီအရာက ဖာထေးထားနိုင်ခဲ့တယ်။ ဖရိုင်းဘတ်ကတော့ ဒီရာသီမှာ ဖလားနှစ်လုံး မျှော်လင့်ချက်ရှိနေပြီး ဘွန်ဒစ်လီဂါမှာလည်း နောက်ပိုင်း အမှတ်တွေ လျော့လာပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မှန်းလို့ရနေသေးတယ်။  အီတလီမြေကတော့ ဖရိုင်းဘတ်အဖို့ စိန်ခေါ်မှု ဖြစ်လာနိုင်ပြီး အိမ်ရှင်ဘက်ကပဲ ရပ်တည်ချင်တယ်။

မန်ယူ နှင့် ဘက်တစ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

လီဗာပူးလ်ကို သမိုင်းတစ်လျှောက် စံချိန်တင်ဂိုးပြတ်အရှုံးက မန်ယူအသင်းအတွက် ဘယ်လောက်အထိ ရိုက်ခတ်မှုကြီးမားသလဲ စောင့်ကြည့်ရမယ့်အနေအထားပါ။ မန်ယူအသင်း ပွဲထွက်စာရင်းက တောက်လျှောက်အသုံးပြုလာလို့ ပွဲပန်းနေတဲ့ အနေအထားရှိပေမဲ့ ဝက်စ်ဟမ်းနဲ့ FA ဖလားပွဲတုန်းကလို အရန်ကစားသမားအများစု ထုတ်သုံးချိန်မှာ အသင်း Rhythm ပျက်စီးသွားလို့ နည်းပြ တန်ဟက်ဂ်အနေနဲ့ သိပ်တော့အပြောင်းအလဲလုပ်မယ်မထင်ဘူး။ ဘက်တစ်အသင်းမှာတော့ အဓိက ကစားသမား ဖယ်ကီယာကို ရာသီကုန်အထိ လက်လွှတ်ရတော့မှာဖြစ်လို့ များစွာအားနည်းသွားနိုင်တယ်။ ပုံမှန်ပြန်ဖြစ်အောင် အမြန်ဆုံးတည်ဆောက်ရမယ့် မန်ယူကိုပဲ ရွေးချင်တယ်။

ရှက်တာဒိုးနက် နှင့် ဖီယင်နု (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

အခုပွဲကို ကြားကွင်းဖြစ်တဲ့ ပိုလန်မြေမှာ ကစားမှာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ပြိုင်ပွဲစုံ ရှုံးပွဲမရှိသေးတဲ့ ဖီယင်နုရဲ့ခြေစွမ်းက အထင်ကြီးစရာဆိုပေမဲ့ ရှက်တာဒိုးနက်မှာ ဥရောပသမ္ဘာရှိနေသေးတယ်။ ရှက်တာဒိုးနက် မရှုံးပါဘူး။

Most Read

Most Recent