ဒေါ့မွန်အသင်းအား (၂-ဝ) ဂိုးဖြင့် အနိုင်ရသည့်ပွဲ၌ ပယ်နယ်တီ ပြန်ကန်ရချိန်တွင် ကြောက်ရွံနေခဲ့ကြောင်း ချယ်လ်ဆီးတိုက်စစ်ကစားသမား ဟာဗက်ဇ် ဝန်ခံ

ဒေါ့မွန်အသင်းအား (၂-ဝ) ဂိုးဖြင့် အနိုင်ရသည့်ပွဲ၌ ပယ်နယ်တီ ပြန်ကန်ရချိန်တွင် ကြောက်ရွံနေခဲ့ကြောင်း ချယ်လ်ဆီးတိုက်စစ်ကစားသမား ဟာဗက်ဇ် ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 9 March 2023

ချယ်လ်ဆီးတိုက်စစ်ကစားသမား ဟာဗက်ဇ်က ဒေါ့မွန်အသင်းအား (၂-ဝ) ဂိုးဖြင့် အနိုင်ရသည့်ပွဲ၌ ပယ်နယ်တီပြန်ကန်ရချိန်တွင် မိမိအနေဖြင့် ကြောက်ရွံနေခဲ့ကြောင်း ပွဲအပြီးတွင် ဝန်ခံပြောကြားခဲ့သည်။

မတ်လ (၇)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုကျော့ ပွဲစဉ် ချယ်လ်ဆီး (၂-ဝ) ဒေါ့မွန်ပွဲတွင် ဂျာမန်တိုက်စစ်ကစားသမား ဟာဗက်ဇ်သည် ချယ်လ်ဆီးအတွက် ဒုတိယအနိုင်ဂိုးကို ပယ်နယ်တီမှတစ်ဆင့်သွင်းယူခဲ့ခြင်းဖြစ်သည်။

ပွဲချိန် (၅၃)မိနစ်တွင် ဘင်ချီဝဲလ်ရဲ့ ဖြတ်တင်ဘောကို ဒေါ့မွန်ကစားသမားတားဆီးခဲ့ရာ လက်ထိခဲ့ခြင်းကြောင့် ကွင်းလယ်ဒိုင် မက်ခီလီက VAR ပြန်ကြည့်ကာ ချယ်လ်ဆီးအသင်းကို ပယ်နယ်တီကို ပေးခဲ့ခြင်းဖြစ်သည်။

ယင်းပယ်နယ်တီကို ဂျော်ဂျင်ဟို အာဆင်နယ်အသင်းသို့ပြောင်းရွှေ့သွားပြီးနောက် ချယ်လ်ဆီးအသင်းတွင် ပယ်နယ်တီကန်သွင်းသည့်တာဝန်ကိုယူထားသည့် ဟာဗက်ဇ်က ကန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပယ်နယ်တီကို ဟာဗက်ဇ်သည် ဒေါ့မွန်ဂိုးသမား၏ ဘယ်ဘယ်ထောင့်ကို ကန်သွင်းခဲ့ရာ တိုင်အောက်ခြေကိုထိပြီး ပြန်ထွက်လာခဲ့သော်လည်း ၎င်းပယ်နယ်တီ မကန်သွင်းမီ ဒေါ့မွန်ကစားသမားများ ပယ်နယ်တီဧရိယာအတွင်း ဝင်ရောက်ခဲ့သည်ဟုဆိုကာ နယ်သာလန်ဒိုင်လူကြီး မက်ခီလီက ပြန်ကန်စေခဲ့သည်။

ယင်းပယ်နယ်တီကိုလည်း ဟာဗက်ဇ်ကပင် ပြန်ကန်ခဲ့ပြီး ဂိုးသမား၏ဘယ်ဘက်ထောင့်ကိုပင် လှိမ့်ဘောကန်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ယင်းပယ်နယ်တီဂိုးနှင့်ပတ်သက်ပြီး ဟာဗက်ဇ်က "ပယ်နယ်တီကို ဒုတိယအကြိမ် ကန်သွင်းချိန်မှာ ကျွန်တော်ကြောက်ရွံနေခဲ့ပေမဲ့ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဂိုးသမားရဲ့လှုပ်ရှားမှုကို ကြည့်ပြီးမှ သွင်းခဲ့တာကြောင့် ဒုတိယပယ်နယ်တီက ပိုလွယ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်က ဒီရာသီမှာ ကျွန်တော်တို့ရနိုင်တဲ့ တစ်ခုတည်းသောဖလားဖြစ်လို့ ဒီနိုင်ပွဲက အရေးကြီးပါတယ်" ဟု ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဒေါ့မွန်အသင်းကို (၂-ဝ)ဂိုးဖြင့် အနိုင်ရခြင်းကြောင့် နှစ်ကျော့ပေါင်း (၂-၁) ဂိုးဖြင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့သည်။

Most Read

Most Recent