ကမ္ဘာ့အဆင့် (၁) ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်သည် အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့်မရသဖြင့် အင်ဒီးယန်းဝဲလ်မာစတာ တင်းနစ်ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရကြောင်း သိရသည်။
ဂရင်းစလင်းချန်ပီယံဆု (၂၂)ကြိမ်ရရှိထားသည့် ဂျိုကိုဗစ် (၃၅ နှစ်) သည် COVID-19 ကာကွယ်ဆေး မထိုးထားသဖြင့် အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့်ရရန်အတွက် အထူးခွင့်ပြုချက်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်သောကြောင့် အင်ဒီးယန်းဝဲလ်မာစတာပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်မရဘဲ နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံ၏ကပ် ရောဂါကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များအရ နိုင်ငံတကာမှလာရောက်သည့် ခရီးသွားများအနေဖြင့် ကာကွယ်ဆေးထိုးထားရန်လိုအပ်ပြီး အဆိုပါစည်းမျဉ်းမှာ အနည်းဆုံး ဧပြီလ(၁)ရက်အထိ အကျုံးဝင်ကြောင်း သိရသည်။ "ကမ္ဘာ့အဆင့်(၁)ကစားသမား နိုဗက်ဂျိုကိုဗစ်က ၂၀၂၃ BNP Paribas Open ပြိုင်ပွဲကနေ နုတ်ထွက်သွားပါပြီ။ သူ့ရဲ့နုတ်ထွက်မှုကြောင့် နီကိုလော့ဇ်ဘာဆီလာရှီဗီလီ က ဒီပြိုင်ပွဲကို ဝင်ခွင့်ရမှာပါ" ဟု ပြိုင်ပွဲကျင်းပရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မာစတာ(၁၀၀၀)စီးရီးပွဲစဉ်ဖြစ်သည့် အင်ဒီးယန်းဝဲလ်မာစတာ BNP Paribas Open ပြိုင်ပွဲကို မတ်လ (၈)ရက်မှ (၁၉)ရက်အထိ ကျင်းပမည်ဖြစ်သည်။ ဂျိုကိုဗစ်သည် ယခုပြိုင်ပွဲ၌ ချန်ပီယံဆု(၅)ကြိမ် (၂၀၀၈၊ ၂၀၁၁၊ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆) ရရှိထားပြီး ဆွစ်ဇာလန်ဂန္ထဝင်ကစားသမား ရော်ဂျာဖက်ဒါရာနှင့်အတူ ပြိုင်ပွဲ၏ အအောင်မြင်ဆုံး ကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။
ဂျိုကိုဗစ် သည် ကာကွယ်ဆေးမထိုးထားသဖြင့် ပြီးခဲ့သည့်နှစ် သြစတြေးလျအိုးပင်းပြိုင်ပွဲအပြင် အမေရိကန်နိုင်ငံ၌ကျင်းပသည့် ပြိုင်ပွဲများကို လွဲချော်ခဲ့ရသည်။ ယခုနှစ်တွင် သြ စတြေးလျအိုးပင်းပြိုင်ပွဲက ပြန်လည်ယှဉ်ခွင့်ပြုခဲ့သောကြောင့် အမေရိကန်တင်းနစ်အဖွဲ့ချုပ်နှင့် ယူအက်စ်အိုးပင်း ပြိုင်ပွဲတို့ကလည်း အင်ဒီးယန်းဝဲလ်မာစတာနှင့် မိုင်ယာမီမာစတာပြိုင်ပွဲတွင် ဂျိုကိုဗစ်ယှဉ်ပြိုင်ခွင့်ရရန် မျှော်လင့်ထားသော်လည်း လက်လျှော့ခဲ့ရခြင်းဖြစ်သည်။
ဂျိုကိုဗစ်အနေဖြင့် အင်ဒီးယန်းဝဲလ်ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သောကြောင့် ကမ္ဘာ့အဆင့်(၁)နေရာကိုပါ လက်လွှတ်ရမည့်အခြေအနေရှိနေကြောင်း ရှိနေသည်။ ဂျိုကိုဗစ် မပါဝင်တော့သဖြင့် ဆီဒင်(၁)အဖြစ် ယှဉ်ပြိုင်ရမည့် ကမ္ဘာ့အဆင့် (၂) စပိန်ကစားသမား ကားလို့စ်အယ်လ်ကာရက်ဇ်မှာ ချန်ပီယံဆုဆွတ်ခူးရယူနိုင်ပါက ကမ္ဘာ့အဆင့်(၁)နေရာကို တစ်ကျော့ပြန် လွှဲပြောင်းရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။