သမိုင်းဝင်ပြိုင်ဘက် လီဗာပူးလ်အသင်းအား (၀-၇)ဂိုးဖြင့် အရှက်ရဖွယ် အရေးနိမ့်ခဲ့သည့်ပွဲတွင် လူစားလဲခိုင်းသည့် ဘရူနိုဖာနန်ဒက်စ်၏အပြုအမူအပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိကြောင်းသိရသည်။
ယင်းပွဲတွင် ဆာလာက လီဗာပူးလ်အတွက် ဆဋ္ဌမမြောက်ဂိုး သွင်းယူပြီးချိန် ကွင်းလယ်စက်ဝိုင်း၌ စပေးဘောပေးမည့် ဖာနန်ဒက်စ်သည် အသင်းအရန်ခုံတန်းဘက်သို့လှည့်ကာ ကိုယ်အမူအရာဖြင့် လူစားလဲရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ မက်ဂွိုင်းရား မပါဝင်သောကြောင့် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရသည့် ဖာနန်ဒက်စ်၏အပြုအမူသည် လက်ခံနိုင်စရာမရှိဟု နာမည်ကြီး ဘောလုံးရုပ်သံဝေဖန်သူများက သုံးသပ်ခဲ့ကြသည်။
"ကွင်းလယ်စက်ဝိုင်းမှာ ဘရူနိုဖာနန်ဒက်စ် လက်မောင်းလှုပ်ပြီး တောင်းဆိုတာက သူ့ကို ဘာကြောင့်မထုတ်သေးတာလို့ပဲ နားလည်ပါတယ်။ သူဟာ အသင်းခေါင်းဆောင်တစ်ဦး မလုပ်သင့်တာကို လုပ်ခဲ့တယ်။ မန်ချက်စတာယူနိုက်တက်ကစားသမားရဲ့ အသင်းခေါင်းဆောင် စွမ်းဆောင်ရည်မျိုး မရှိခဲ့ပါဘူး"ဟု မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က သုံးသပ်ခဲ့သည်။
ထို့ပြင် မန်ယူကွင်းလယ်လူဟောင်း ရွိုင်ကင်းက "ဖာနန်ဒက်စ်ရဲ့ကိုယ်အမူအရာက အရှက်ရစရာပါ။ သူက အမှန်တကယ်အရည်အချင်းရှိသူဖြစ်ပြီး အသင်းခေါင်းဆောင်လည်းဖြစ်တယ်။ ဒါပေမဲ့ သူ့ရဲ့ကိုယ်အမူအရာက လက်ခံနိုင်စရာမရှိပါဘူး"ဟု မှတ်ချက်ပြုခဲ့သည်။
ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဆပ်တန်ကလည်း ဖာနန်ဒက်စ်သည် အသင်းခေါင်းဆောင်မဖြစ်သင့်ကြောင်းနှင့် ကက်စီမီရိုကဲ့သို့ သင့်တော်သူများစွာရှိနေကြောင်း ဝေဖန်ခဲ့သည်။