လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်က လီဗာပူးလ်-မန်ယူပွဲမှာ ပွဲကြီးတစ်ပွဲအဆင့်ထက်ပိုပြီး ဒါဘီပွဲဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
အင်္ဂလန်ဘောလုံးလောက၏ အအောင်မြင်ဆုံးနှစ်သင်းဖြစ်သည့် လီဗာပူးလ်နှင့် မန်ယူအသင်းတို့၏ ပရီးမီးယားလိဂ် ဒုတိယအကျော့ပွဲစဉ်ကို ယနေ့ ည ၁၁ နာရီတွင် အန်ဖီးလ်ကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပထမအကျော့ တွေ့ဆုံမှုတွင် မန်ယူအသင်းက အိမ်ကွင်း၌ (၂-၁) ဂိုးဖြင့် အနိုင်ရထားပြီး ပြီးခဲ့သည့်ရာသီတွင်မူ လီဗာပူးလ်အသင်းက အဝေးကွင်း၌ ငါးဂိုးပြတ်၊ အိမ်ကွင်း၌ လေးဂိုးပြတ်ရလဒ်ဖြင့် ပေးဂိုးမရှိဘဲ အနိုင်ရထားသည်။
ယင်းပွဲအတွက် သောကြာနေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယာဂန်ကလော့ပ်က "ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော့်အတွက်တော့ ဒါက ဒါဘီပွဲပါပဲ။ ဒါက ပွဲကြီးတစ်ပွဲပါ။ နှစ်တွေကြာလာပေမဲ့ ဒါက အမြဲခက်ခဲတဲ့ပွဲစဉ်တွေဖြစ်ပြီး ကွင်းနှစ်ခု စလုံးမှာလည်း ကောင်းမွန်တဲ့အခြေအနေတွေ ရှိကြပါတယ်။ သူတို့လုပ်နေတာတွေကို ကျွန်တော်လေးစားမှုရှိပါတယ်။ ဒါကြောင့် ဒါက ပွဲကြီးတစ်ပွဲဖြစ်လာမှာပါ။ ပြီးခဲ့တဲ့နှစ်တွေမှာ သူတို့အနေနဲ့ ဖြစ်ချင်တဲ့အတိုင်းအတာအထိ အတိအကျမဖြစ်ခဲ့ရပေမဲ့ အဲရစ်တန်ဟက် ရောက်လာချိန်မှာတော့ သူတို့ရဲ့လူစာရင်းက စည်းစည်းလုံးလုံးရှိလာပါပြီ။ ဗာရန်း၊ ကက်ဆီမီရို၊ အဲရစ်ဆင်တို့ ရောက်လာတာကလည်း သူတို့လူစာရင်းကို စောင့်ကြည့်ရမယ့်အခြေအနေ ဖြစ်လာစေပါတယ်။ ဒီလူစာရင်းက ၁၀ နှစ်လောက်တည်ဆောက်ထားတဲ့အသင်း မဟုတ်ပေမဲ့ အတွေ့အကြုံအရမ်းများပြီး အရည်အသွေးမြင့်တဲ့ စူပါကစားသမားတွေ ရောက်လာတာပါ။ ဒီပွဲက နှစ်သင်းစလုံး အတွက် သုံးမှတ်ထက်ပိုပြီး တန်ဖိုးရှိလိမ့်မယ် လို့ ကျွန်တော်ထင်တယ်။ ဘာဖြစ်လို့လဲဆို တော့ ယူနိုက်တက်က ချန်ပီယံဆုရယူနိုင်ဖို့ အတွက် ၁၀၀ ရာခိုင်နှုန်းအပြည့် တိုက်ပွဲဝင်နေသေးတယ်ဆိုတာ ကျွန်တော်သိလို့ပါ။ အားလုံးလည်း ဒါကိုသိကြမှာပါ။ ဒါက ကျွန်တော်တို့အတွက်လည်း အရမ်းကို အရေးကြီးတဲ့ပွဲပါ" ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ကလည်း အန်ဖီးလ်ကွင်း၌ သွားရောက်ကစားရမည့် ဖိအားနှင့်ပတ်သက်၍ "ဒါက ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။ သူတို့ (ပရိသတ်တွေ) က ကျွန်တော်တို့ကို ရန်လိုတဲ့ပုံစံလုပ်ကြပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တာကို ကျွန် တော်တို့ သဘောကျပါတယ်။ ကျွန်တော့် အတွက် ဘာမှခြားနားမှုမရှိပါဘူး။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကွင်းအကျယ်အဝန်းက အတူတူ၊ ဒိုင်သုံးယောက်၊ စတုတ္ထဒိုင်တစ်ယောက်၊ ဘောလုံးက လုံးနေတာချင်းအတူတူပါပဲ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကိုယ့်ရဲ့ ကစားပွဲဖြစ်လာအောင် ကစားရမှာပါ။ ကွင်းထဲမှာရှိသူတွေက ကျွန်တော်တို့ကို အားပေးမှာ မဟုတ်ပေမဲ့ ကစားသမားတွေကလည်း ဒါကိုသဘောကျပါတယ်" ဟု တုံ့ပြန်ခဲ့သည်။