မန်စီးတီးအသင်းတိုက်စစ်မှူး ဟော်လန်း၏ အေးဂျင့်ဖြစ်သူက ရီးယဲလ်မက်ဒရစ်အသင်း၌ ကစားခွင့်ရရေးမှာ ကစားသမားများ၏အိပ်မက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
နော်ဝေကြယ်ပွင့်တိုက်စစ်မှူး ဟော်လန်း (၂၂ နှစ်) သည် ယခုရာသီမစတင်မီ ဒေါ့မွန်အသင်းမှ မန်စီးတီးသို့ ရောက်ရှိလာသူဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ရီးယဲလ်အသင်းသို့ပြောင်းရွှေ့ခွင့်ပြုရမည့်အချက် စာချုပ်တွင်ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။
ယင်းသတင်းများကို မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ငြင်းဆန်ထားသော်လည်း ဟော်လန်း၏အေးဂျင့်ဖြစ်သူက ရီးယဲလ်အသင်း သို့ ပြောင်းရွှေ့နိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ခြင်းဖြစ်သည်။
"အဲဒီအချက် (ပါဝင်ကစားခွင့်ရလိုသည့် အိပ်မက်) က ပရီးမီးယားလိဂ်မှာရှိသလို မက်ဒရစ်မှာလည်းရှိပါတယ်။ သူတို့အသင်းမှာ ကိုယ်ပိုင်အရာတစ်ခုရှိတယ်။ အဲဒါက ကစားသမားတွေအတွက် အိပ်မက်လည်းဖြစ်ပါတယ်။ မက်ဒရစ်က အဲဒီမှော်ဆန်တဲ့အချက် ကို ဆက်ပြီးထိန်းထားနိုင်တုန်းပဲ။ သူတို့မှာ အပတ်စဉ်ပြိုင်ပွဲတွေမရှိဘူး။ ဒါပေမဲ့ ချန်ပီယံလိဂ်တော့ရှိတယ်" ဟု ဟော်လန်း၏ အေးဂျင့့်ဖြစ်သူ ဘရာဇီးလ်ရှေ့နေ ပီမန်တာက ပြောကြားခဲ့သည်။
ထို့ပြင် ပီမန်တာက ဟော်လန်းအနေဖြင့် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ခြင်းမှာ ဂွါဒီယိုလာလက်အောက်၌ ကစားခွင့်ရလိုသောကြောင့်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ဟော်လန်းသည် မန်စီးတီးအသင်း၌ ပထမဆုံးကစားခွင့်ရသည့် ရာသီမှာပင် ပရီးမီးယားလိဂ်တွင် ၂၇ ဂိုးအပါအဝင် ပြိုင်ပွဲစုံတွင် ၃၃ ဂိုး သွင်းယူပေးထားသည်။