မန်စီးတီးအသင်း၏ နော်ဝေတိုက်စစ်မှူး ဟော်လန်းသည် Nike နှင့် တစ်နှစ်ပေါင်သန်း (၂၀)တန် စပွန်ဆာစာချုပ် ချုပ်ဆိုနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။
ဟော်လန်းသည် Nike နှင့် ဖိနပ်စပွန်ဆာစာချုပ် ပြန်လည်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်ပြီး ဘောလုံးလောက၏ တန်ဖိုးအကြီးဆုံး ဖိနပ်စပွန်ဆာစာရင်းထဲတွင် ပါဝင်နိုင်ရန် မျှော်လင့်နေသည်။
ဟော်လန်းသည် အသက်(၁၄)နှစ်အရွယ်ကတည်းက Nike နှင့် လက်တွဲခဲ့ခြင်းဖြစ်သော်လည်း ၂၀၂၂ ဇန်နဝါရီတွင် စာချုပ်သက်တမ်းကုန်ဆုံးသွားပြီးနောက် ဆက်လက်တွဲခြင်း မရှိခဲ့ပေ။
အဆိုပါတစ်နှစ်ကျော်ကာလအတွင်းတွင် Nike ၏ ပြိုင်ဘက်များဖြစ်သော Adidas နှင့် Puma တို့က ဟော်လန်းကို ကမ်းလှမ်းခဲ့ကြသည်။
Puma ကုမ္ပဏီမှာ မန်စီးတီးအသင်း၏ ဝတ်စုံစပွန်ဆာဖြစ်သလို၊ Adidas ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်မှာလည်း ဟော်လန်းမိသားစုနှင့် ရင်းနှီးသူဖြစ်သည်။
သို့သော် ဟော်လန်းက ယင်းကုမ္ပဏီနှစ်ခုစလုံး၏ ကမ်းလှမ်းမှုကို ငြင်းပယ်ကာ Nike နှင့် ပြန်လည်လက်တွဲရန် စီစဉ်ခြင်းဖြစ်သည်။
သို့သော် ယခင်လက်တွဲခဲ့စဉ်က တစ်နှစ်ပေါင်(၁)သန်းအောက်သာ ရရှိခဲ့သည့်အခြေအနေမှ ပေါင်သန်း(၂၀)ရရှိရန် တောင်းဆိုထားကြောင်း သိရသည်။
လက်ရှိဘောလုံးလောကတွင် တန်ဖိုးအကြီးဆုံးဖိနပ်စပွန်ဆာမှာ နေမာနှင့် Puma တို့၏ တစ်နှစ်ပေါင်(၂၃)သန်းဖြစ်ပြီး မက်ဆီနှင့် Adidas က ပေါင်(၁၈)သန်း၊ စီရော်နယ်လ်ဒိုနှင့် Nike က ပေါင်(၁၅)သန်းဖြစ်ကြောင်း သိရသည်။
Nike နှင့် တစ်နှစ်ပေါင်သန်း(၂၀)တန်စာချုပ်ချုပ်ဆိုနိုင်ရန် ဟော်လန်း နီးစပ်နေ
Photo: Getty Images