မြန်မာနိုင်ငံ၏ ပြဿနာအားလုံးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် မှားခြင်းမဟုတ်ဘဲ နိုင်ငံရေးနည်းလမ်းအား ကျင့်သုံးဆုံးဖြတ်ခြင်း၏ အားနည်းချို့ယွင်းချက်များကြောင့် မဖြေရှင်းနိုင်ခြင်းဖြစ်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ပြောကြား

မြန်မာနိုင်ငံ၏ ပြဿနာအားလုံးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် မှားခြင်းမဟုတ်ဘဲ နိုင်ငံရေးနည်းလမ်းအား ကျင့်သုံးဆုံးဖြတ်ခြင်း၏ အားနည်းချို့ယွင်းချက်များကြောင့် မဖြေရှင်းနိုင်ခြင်းဖြစ်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ပြောကြား
ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်သော ပြည်သူ့ပါတီ၏ ဒုတိယအကြိမ်ဗဟိုကော်မတီအစည်းအဝေးတွင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက အဖွင့်အမှာစကားပြောကြားစဉ်
ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်သော ပြည်သူ့ပါတီ၏ ဒုတိယအကြိမ်ဗဟိုကော်မတီအစည်းအဝေးတွင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက အဖွင့်အမှာစကားပြောကြားစဉ်
Published 27 February 2023

မြန်မာနိုင်ငံ၏ ပြသနာအားလုံးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းက မှားခြင်းမဟုတ်ဘဲ နိုင်ငံရေးနည်းလမ်းကို ကျင့်သုံးခြင်း ဆုံးဖြတ်ခြင်း၏ အားနည်းချက်ချို့ယွင်းချက်များရှိခြင်းကြောင့် မဖြေရှင်းနိုင်ခြင်းဖြစ်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက ပြောကြားသည်။

ရန်ကုန်မြို့၊ ယုဇနတာဝါရှိ ပြည်သူ့ပါတီ(ဗဟိုဌာနချုပ်)တွင် ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်သော ပြည်သူ့ပါတီ၏ ဒုတိယအကြိမ်ဗဟိုကော်မတီအစည်းအဝေးတွင် ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ ပြဿနာအားလုံးမှာ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းချင်းက မှားတာ မဟုတ်ဘဲနဲ့ နိုင်ငံရေးနည်းလမ်းကို ကျင့်သုံးခြင်း ဆုံးဖြတ်ခြင်းရဲ့ အားနည်းချက် ချို့ယွင်းချက်တွေ ရှိလို့သာလျှင် မဖြေရှင်းနိုင်တာဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံရေးနည်းလမ်းကို ယုံယုံကြည်ကြည်နဲ့ ကျွန်တော်တို့ ရဲဘော်တွေက ဦးဆောင်ပြီးတော့ ပြည်သူတွေကြားထဲမှာ ကိုယ့်ကိုတစ်ဦးချင်းလည်း ယုံကြည်အောင် ကိုယ့်ပါတီအဖွဲ့အစည်းကိုလည်း ယုံကြည်အားကိုးလာအောင် ဝိုင်းပြီးတော့ ကြိုးစားကြပါ။ ပြည်သူတွေကလည်းပဲ နိုင်ငံရေးပါတီတွေရဲ့ ရပ်တည်မှုဟာ ဒီမိုကရေစီအတွက် အင်မတန်အရေးကြီးတယ် ဆိုတာကို တကယ့်ကိုနားလည်ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

ထို့ပြင် အသက်ပေါင်းများစွာပေးဆပ်ပြီးမှ ဗဟုဝါဒဖြစ်လာသည်ကိုပျက်စီး၍ တစ်ပါတီတည်းလွှမ်းမိုးမည့် အခြေအနေမျိုးရောက်မလာအောင် ကျွန်တော်တို့ကကာ ကွယ်ခုခံရလိမ့်မည်ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် အခြားပါတီများလည်း နိုင်ငံရေးပါတီအဖြစ်ဖြင့် ရပ်တည်နေကြပြီး ဆက်လက်ရပ်တည်ရန်လည်း ကြိုးစားနေကြကာ တိုင်းရင်းသားပါတီများလည်း ၎င်းတို့ဒေသတွင် တိုက်ပွဲများ၊ အသေအပျောက် မီးရှို့ပျက်စီး ခြင်းများဖြစ်နေသော်လည်း တိုင်းရင်းသားများကို ကိုယ်စားပြုသော ပါတီတစ်ရပ် ရှိသင့်သည်ဆိုခြင်းကို မငြင်းကြကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌက ပြောကြားသည်။

“နောက်ဆုံးပြောရရင် သူတို့တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေကအစ တိုင်းရင်းသားပါတီတွေအခုမှတ်ပုံတင်ဖို့ ရပ်တည်ဖို့ ကြိုးစားနေကြတာကို ဘာမှခြိမ်းခြောက်တာ ပြုတာမျိုးသိပ်မရှိဘူး။ မကြားရဘူး။ ဖြစ်နေတာက ကျွန်တော်တို့ ဗမာပေါ့ ဒီပြည်မပေါ့။ ဘယ်လိုစဉ်းစားနေကြတာလဲ။ ကျွန်တော်တို့ မလိုတော့ဘူးလား။ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေဟာ မလိုအပ်တော့ဘူးလား။ ဒါမှမဟုတ်ရင် ခေတ်အဆက်ဆက်မှာ ၁၉၆၂ အာဏာသိမ်းတယ် စစ်တပ်ကနေ ပါတီထောင်တယ်။ ၈၈ အာဏာသိမ်းတယ်ပြောရရင် စစ်တပ်က ပါတီထောင်တာပဲ။ အဲဒီအတိုင်း ကျွန်တော်တို့က လွှတ်ပေးလိုက်မှာလား။ ကဲဖြစ်ချင်တာ ဖြစ်ကြတော့ သူတို့ဘာသာ သူတို့ လုပ်ချင်တာလုပ်ကြလို့ လွှတ်ပေးလိုက်မှာလား။ အဲဒါကျွန်တော်တို့ကမေးခွန်းမေးရတော့မယ်။ မလိုတော့ဘူးလား။ ကျွန်တော်တို့ နှစ်ပေါင်းများစွာ ထောင်ကျတန်းကျ ဘဝပျက်ပြီးတော့ နိုင်ငံရေး နည်းလမ်းကို ယုံကြည်လို့ လုပ်နေတဲ့ရွေးချယ်မှုဟာ စွန့်လွှတ်လိုက်ရတော့မှာလား မလိုအပ်တော့ဘူးလား” ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

ပြည်သူများအနေဖြင့်လည်း စိတ်ပျက်မှုမျိုးမထားရန်နှင့် တက်တက်ကြွကြွသာ အားပေးကူညီပါက ၎င်းတို့အနေဖြင့် ရှေ့တန်းမှ နေပြီး နိုင်ငံရေးနည်းလမ်းကို အောင်မြင်အောင် ရလဒ်ထွက်အောင် ဆက်ပြီး ကြိုးစားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“နိုင်ငံရေးချဉ်းကပ်မှု နိုင်ငံရေးဆုံးဖြတ်ချက်တွေ အားနည်းချက် ချို့ယွင်းချက်ရှိလို့သာ ဒီအခြေအနေမျိုးကို ရောက်တာလို့ ကျွန်တော်တို့က သုံးသပ်တာ။ နိုင်ငံရေးနည်းလမ်းက မှားယွင်းလို့ မဟုတ်ဘူး။ နိုင်ငံရေးဆုံးဖြတ်ချက်တွေ အားနည်းချို့ယွင်းချက်တွေ ရှိခဲ့လို့ ဒီအခြေနေကြီးကို ရင်ဆိုင်နေရတာ။ အဲဒီတော့ ကျွန်တော်တို့က ဒီအခြေနေကို မှန်မှန်သုံးသပ်ပြီးတော့ နိုင်ငံရေးနည်းလမ်းကို ပြန်ပြီးဖော်ထုတ်နိုင်တယ်ဆိုရင် ဒီနိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်တယ်လို့ ကျွန်တော်တို့က ယုံကြည်တယ်။ အဲဒီတော့ ပြည်သူတွေ အနေနဲ့ကလည်းပဲ နိုင်ငံကြီးက တော်ပါပြီကွာ ဘာမှလည်းဖြစ်မှာ မဟုတ်တော့ပါဘူးဆိုတဲ့ စိတ်ပျက်မှုမျိုးမထားဖို့ ကျွန်တော်တို့က ရှေ့တန်းထွက်ပြီး တိုက်တဲ့ စစ်သည်တွေနဲ့ တူတယ်။ ကျွန်တော်တို့ပါတီဝင်တွေက အဲဒီအတွက် ကျွန်တော်တို့ကို ပံ့ပိုးပေးဖို့အတွက်က ပြောရရင် လူအင်အား ငွေအင်အား အကြံဉာဏ်အင်အားတွေနဲ့ ပံ့ပိုးပေးဖို့အတွက်က ပြည်သူတွေ။ ခပ်ရှင်းရှင်းပြောရရင် ခင်ဗျားတို့ ပြည်သူတွေကသာ ကျွန်တော်တို့ကို တက်တက်ကြွကြွသာ အားပေးကူညီရင် ကျွန်တော်တို့က ရှေ့တန်းကနေပြီးတော့ ဒီနိုင်ငံရေးနည်းလမ်းကို အောင်မြင်အောင် ရလဒ်ထွက်အောင် ကျွန်တော်တို့က ဆက်ပြီးတော့ ကြိုးစားသွားမယ်။ ကြိုးစားသွားဖို့လည်း လိုတယ်လို့ ကျွန်တော်တို့ ရဲဘော်တွေကို တိုက်တွန်းချင်တယ်။ အဲဒီတော့ ဒီလိုအကျပ်အတည်းကာလမှာ တစ်ယောက်ချင်းရဲ့ အင်အားဟာ ရုန်းရုန်းဖြစ်တဲ့ ကာလတုန်းက လူတစ်ရာတစ်ထောင်ဆိုတာထက် ပိုပါတယ်။ ဒီတစ်ယောက်ချင်း တစ်ယောက်ချင်းဟာ ဟိုတစ်ချိန်တုန်းက ရုန်းရုန်းကာလ လူတိုင်းလုပ်နိုင်တဲ့ အခြေနေတုန်းက လုပ်နေလူ ထောင်ဂဏန်းထက် ပိုပြီးတော့ သူကအရည်အချင်းအားဖြင့် အားကောင်းတယ်ခိုင်မာတယ်လို့ ကျွန်တော်ယုံကြည်တယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

ပြည်သူ့ပါတီဗဟိုကော်မတီအစည်းအဝေးကို ဖေဖော်ဝါရီ  ၂၇ ရက်မှ ၂၈ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent