လိဂ်ဖလားအောင်မြင်မှု ရယူခဲ့ပြီးနောက် ဆုဖလားများစွာအတွက် ပထမဆုံးဆုဖလားဖြစ်သည်ဟု အဲရစ်တန်ဟက်ဂ် ကြုံးဝါး

လိဂ်ဖလားအောင်မြင်မှု ရယူခဲ့ပြီးနောက် ဆုဖလားများစွာအတွက် ပထမဆုံးဆုဖလားဖြစ်သည်ဟု အဲရစ်တန်ဟက်ဂ် ကြုံးဝါး
Photo: EFL
Photo: EFL
Published 27 February 2023

မန်ယူအသင်း၏ နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်က နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့သည့် လိဂ်ဖလားဗိုလ်လုပွဲအပြီးတွင် ယခုရရှိခဲ့သည့် ဆုဖလားသည် အောင်မြင်မှုများစွာ ရရှိရန်အတွက် ပထမဆုံးဆုဖလားဖြစ်ကြောင်း ကြုံးဝါးပြောကြားခဲ့သည်။

တန်ဟက်ဂ်သည် နည်းပြဟောင်း မော်ရင်ဟို ၂၀၁၇ ခုနှစ်က ရယူပေးခဲ့သည့် ယူရိုပါလိဂ်အောင်မြင်မှုအပြီး (၆)နှစ်အကြာတွင် မန်ယူအသင်းအတွက် ပထမဆုံးဆုဖလား ရယူပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းအတွက်လည်း အသင်းကို ရောက်ရှိလာပြီးနောက် (၇)လအကြာတွင် ပထမဆုံးအောင်မြင်မှု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

အဲရစ်တန်ဟက်ဂ်က ''ကျွန်တော်တို့အသင်းဟာ တိုက်ပွဲဝင်ဖို့အတွက် အကောင်းဆုံးစိတ်ဓာတ်ပိုင်းကို ပိုင်ဆိုင်ခဲ့ပြီး အရာအားလုံးကို ပေးဆပ်ခဲ့ကြပါတယ်။ ဒီလိုကစားပုံမျိုးက အမြဲတမ်းတော့ အကောင်းဆုံးပုံစံကို ပြသနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ အရမ်းထိရောက်မှု ရှိပါတယ်။ ပထမဆုံးအရေးကြီးတဲ့အရာက အသင်းတစ်သင်းဟာ နိုင်ပွဲရရှိဖို့ဖြစ်ပြီး အဲဒီအလုပ်ကို ကျွန်တော်တို့ ဒီနေ့ လုပ်နိုင်ခဲ့တာလည်းဖြစ်တယ်။ ဒီအောင်မြင်မှုကို အတုယူပြီး နောက်ထပ်အောင်မြင်မှုများစွာအတွက်လည်း ယုံကြည်မှုတွေ ပိုပြီးရှိလာစေပါတယ်။ ကျွန်တော်တို့အသင်းဟာ အခုအချိန်အထိ တစ်ချိန်တုန်းက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အောင်မြင်မှုတွေကို ပြန်လည်ရယူဖို့ ကြိုးစားနေတဲ့ ခရီးလမ်းရဲ့အစမှာပဲ ရှိပါသေးတယ်။ ဒီလို လုပ်နိုင်ဖို့အတွက်ဆိုရင် ဆုဖလားတွေအများကြီး လိုအပ်ပါတယ်။ အခု ရရှိခဲ့တဲ့ ဆုဖလားဟာ အဲဒီ ဆုဖလားများစွာအတွက် ပထမဆုံးဆုဖလားပါပဲ''ဟု ကြုံးဝါးပြောကြားခဲ့ခြင်း ဖြစ်သည်။

မန်ချက်စတာယူနို်က်တက်အသင်း၏ ဂန္ထဝင်ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ရုပ်သံတင်ဆက်သူအဖြစ် ဆောင်ရွက်နေသည့် ဂယ်ရီနဗီးလ်ကလည်း အဲရစ်တန်ဟက်ဂ်၏ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့သလို၊ မန်ယူအသင်း၏ ကစားပုံကိုလည်း ထိရောက်မှုရှိသည့် ကစားဟန်အဖြစ် ချီးကျူးခဲ့သည်။

ထို့ပြင် ကက်စီမီရိုသည် တန်ဟက်ဂ်၏ အရေးအကြီးဆုံးကစားသမားဖြစ်ကြောင်းလည်း သုံးသပ်ခဲ့ပြီး ''ကက်စီမီရိုကို ခေါ်ယူနိုင်ခဲ့တာက အရမ်းအရေးပါခဲ့ပါတယ်။ သူက အသင်းတစ်သင်းလုံးကို စွဲကပ်ပေးထားတဲ့ ကော်လို ကစားသမားမျိုးပါ။ အားလုံးကို စုစည်းညီညွတ်စေတဲ့ ကစားသမားတစ်ဦးလည်းဖြစ်တယ်။ သူ့ကို ခေါ်ယူခဲ့တဲ့ အချိန်တုန်းက လစာငွေပမာဏ၊ ပြောင်းရွှေ့ကြေးပမာဏတွေကြောင့် ကျွန်တော် သံသယဝင်ခဲ့ဖူးပေမဲ့ အခုတော့ အသင်းအတွက် ဘယ်လောက်အကျိုးရှိသလဲဆိုတာ နားလည်လာပါပြီ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent