ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ခလယ်လွီထူခရိုင် တပ်မဟာ (၃) အုပ်ချုပ်မှုနယ်မြေတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ တိုက်ပွဲများကြောင့် နှစ်နှစ်အတွင်း စာသင်ကျောင်း ၁၀၀ ကျော် ပိတ်ခဲ့ရပြီး ကျောင်းသားကျောင်းသူ သုံးသောင်းကျော် ပညာသင်ယူခွင့် ဆုံးရှုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၁၃ ရက်က ကျရောက်သည့် မြန်မာနိုင်ငံကလေးသူငယ်များနေ့ကို ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင် တပ်မဟာ (၃) နယ်မြေတွင် စစ်ဘေးရှောင်ကလေးများက ပြုလုပ်ခဲ့ကြောင်း KNU က ထုတ်ပြန်သည်။
မြန်မာနိုင်ငံကလေးသူငယ်များနေ့ကို လယ်လွီထူခရိုင် တပ်မဟာ (၃) အုပ်ချုပ်မှုနယ်မြေရှိ စစ်ဘေးရှောင်စခန်းတွင် ကျင်းပခဲ့ပြီး ကလေးသူငယ်များ၏ အခွင့်အရေးချိုးဖောက်ခံရခြင်း၊ ကလေးသူငယ်များ စစ်ဘေးဒဏ် ခံစားနေရခြင်းကို ကမ္ဘာတစ်ဝန်းက သိရှိစေရန် ကျင်းပရခြင်းဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မျိုးဆက်သစ်လေးများသည် အနာဂတ်အတွက် မီးအိမ်ရှင်လေးများ ဖြစ်သည့်အတွက် ကလေးသူငယ်များကို အသိအမှတ်ပြုခြင်း၊ ကလေးသူငယ်တစ်ဦးချင်းစီတွင် အိပ်မက်များစွာရှိသည့်အတွက် အရိပ်ဆိုးများက ငယ်စဉ်အရွယ်ကတည်းကကြီး စိုးနေလျှင် အရွယ်ရောက်သည့်အခါ အတွေးအခေါ်များ မလွတ်လပ်ဘဲ အကြောက်တရားများနှင့် ပြည်နှက်နေတော့မည်ဖြစ်သောကြောင့် ကလေးသူငယ်များ၏ အသံကို ထုတ်ဖော်ပြသရန် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံကလေးသူငယ်များနေ့ အထိမ်းအမှတ်အဖြစ် စစ်ဘေးရှောင်ကလေးသူငယ်များက ကျင်းပရာတွင် တောထဲ၌ မအိပ်လိုခြင်း၊ ပြည်တွင်းစစ်ကို အလိုမရှိခြင်း၊ စစ်ကိုကြောက်ရွံ့ခြင်း၊ အကြောက်တရားဖြင့် နေထိုင်ရခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်း၊ ကျောင်းမတက်ရခြင်း၊ မိမိတို့အိမ်တွင် ပြန်လည်နေထိုင်လိုခြင်း၊ ကလေးသူငယ်အခွင့်အရေးကို အပြည့်အဝရလိုခြင်း၊ ကျောင်းတက်လိုခြင်း၊ တောထဲတွင်ပုန်းပြီး အိပ်နေရခြင်း၊ ငြိမ်းချမ်းလွတ်လပ်စွာ နေထိုင်လိုခြင်းနှင့် လက်နက်ကြီးအသံများ မကြားလိုခြင်းစတဲ့ စာသားများကို ကိုင်ဆောင်ပြီး ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ နှစ်နှစ်အတွင်း လယ်လွီထူခရိုင် တပ်မဟာ (၃) အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၅၂၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ပိုမိုနက်ရှိုင်းလာသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ကလေးသူငယ် ၅ ဒသမ ၆ သန်းမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြောင်း UNICEF Myanmar က ထုတ်ပြန်ထားသည်။















