KNU ၏ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ နှစ်နှစ်အတွင်း တပ်မတော်နှင့် KNU အကြား တိုက်ပွဲပေါင်း ၈၀၀၀ ကျော်ဖြစ်ပွား

KNU ၏ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ နှစ်နှစ်အတွင်း တပ်မတော်နှင့် KNU အကြား တိုက်ပွဲပေါင်း ၈၀၀၀ ကျော်ဖြစ်ပွား
Published 14 February 2023

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ နှစ်နှစ်အတွင်း တပ်မတော်နှင့် KNU အကြား တိုက်ပွဲပေါင်း ၈၀၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။

KNU ၏ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့အကြား နေ့စဉ်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ နှစ်နှစ်အတွင်း ဒူးသထူခရိုင် တပ်မဟာ (၁) အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၈၀၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ တောအူးခရိုင် တပ်မဟာ (၂) အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပါင်း ၂၇၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃) အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၅၂၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄) အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၁၃၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ မူတြော်ခရိုင် တပ်မဟာ (၅) အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၅၆၃၈ ကြိမ် ဖြစ်ပွားခဲ့ကြောင်းနှင့် ဒူးပလာယာတပ်မဟာ (၆) အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၆၆၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။

ထိုသို့တိုက်ပွဲများဖြစ်ပွားနေမှုနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်မှုအောက်ရှိ လက်အောက်ခံတပ်ဖွဲ့များအား ထိန်းသိမ်းကြပ်မတ်ပေးရန် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီတို့ထံ လိပ်မူ၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ဖေဖော်ဝါရီ ၆ ရက်က စာပေးပို့ခဲ့သည်။

လက်ရှိအခြေအနေတွင် NSPNC အနေဖြင့် KNU အား NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ရပ်အဖြစ် ရှုမြင်ထားသည့် အားလျော်စွာ KNU လက်အောက်ခံ တပ်မဟာများ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) အဖွဲ့များမှ PDF အဖွဲ့ များနှင့် ပူးပေါင်း၍ တပ်မတော်နှင့် ရဲတပ်ဖွဲ့အား တိုက်ခိုက်မှုများအပေါ် ငြိမ်းချမ်းရေး မထိခိုက်စေရေးအတွက် တိုက်ခိုက်လာသည့် အဖွဲ့ကိုသာ တု့ံပြန်တိုက်ခိုက်ခြင်းဖြင့် စိတ်သဘောထားကြီးစွာ ဆောင်ရွက်ခဲ့ကြောင်း NSPNC ၏ စာတွင် ပါရှိသည်။

KNU လက်အောက်ခံတပ်မဟာများနှင့် PDF များပူးပေါင်း၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ လမ်း/တံတား၊ တာဝါတိုင်၊ အဆောက်အအုံများအား လက်နက်ကြီးငယ်တို့ဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများကို ကရင်ပြည်နယ်တွင် ၁၁၆ ကြိမ်၊ မွန်ပြည်နယ်တွင် ၃၁၇ ကြိမ်၊ ပဲခူးတိုင်းတွင် ၆၆၂ ကြိမ် ဆောင်ရွက်ခဲ့သည်ဟု NSPNC ၏ စာတွင် ပါရှိသည်။

ထို့ကြောင့် KNU ဥက္ကဋ္ဌကြီးနှင့် စစ်ဦးစီးချုပ်တို့အပါအဝင် ဗဟိုကော်မတီဝင်များအနေဖြင့် ကျိုးကြောင်းဆီလျော် ပြည့်စုံစွာ စဉ်းစားသုံးသပ်၍ လက်အောက်ခံတပ်ဖွဲ့ဝင်များ၊ KNDO တပ်ဖွဲ့များအား အဖျက်လုပ်ရပ်များ လုပ်ဆောင်မှုမပြုရေး၊ မည်သည့်လုပ်ရပ်မျိုးကို ပြုလုပ်သည်ဖြစ်စေ ပြည်သူလူထုအကျိုးကို လက်တွေ့ကျကျ မျှော်တွေးသုံးသပ်ဆောင်ရွက်ရေး ကြပ်မတ်ထိန်းသိမ်းနိုင်ရန် အကြောင်းကြားစာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent