၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၉ ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို့ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်အတွက် လာရောက်လျှောက်ထားသည့်ပါတီ လေးပါတီရှိကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။
လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ(MPD) နှင့် ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party) တို့ဖြစ်ကြောင်း UEC က ဆိုသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ဖေဖော်ဝါရီ ၁ ရက်တွင် လာရောက်လျှောက်ထားခဲ့သဖြင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ(MPD) သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ဖေဖော်ဝါရီ ၈ ရက်တွင် လာရောက်လျှောက်ထားခဲ့သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း UEC က ဆိုသည်။
ထို့အတူ ဖေဖော်ဝါရီ ၉ ရက်တွင်လည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီ တည်ထောင်လိုသော ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party) သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို လာရောက်လျှောက်ထားသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း UEC က ထုတ်ပြန်သည်။
ထို့အတူ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီ တည်ထောင်လိုသော ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီသည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို ဖေဖော်ဝါရီ ၇ ရက်တွင် လာရောက်လျှောက်ထားခဲ့သဖြင့် တည်ထောင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း UEC က ထုတ်ပြန်သည်။
နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် နစကအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို၂၀၂၃ ခုနှစ် ဇန်နဝါ ရီ ၂၆ ရက်တွင် ဥပဒေအမှတ် (၁၅/၂၀၂၃) ဖြင့်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) ဖြင့်လည်းကောင်း၊ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့နှင့်စပ်လျဉ်း၍ ကြေညာချက်အမှတ် (၂/၂၀၂၃)၊ (၃/၂၀၂၃) တို့ဖြင့်လည်းကောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။















