အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် အမေရိကန်အပါအဝင် မိတ်ဖက်နိုင်ငံများ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး ကျွမ်းကျင်သူများ လုပ်ငန်းအဆင့်ဆွေးနွေးမှုများအား မြန်မာနိုင်ငံက အသုံးချမည်ကို စိုးရိမ်သည်ဟု အမေရိကန်က ထုတ်ဖော်ပြောကြားခဲ့သည်။
လုပ်ငန်းအဆင့်ဆွေးနွေးပွဲကို နစကအစိုးရက ၎င်းတို့၏လုပ်ရပ်များကို ကာကွယ်ရာတွင် အသုံးချမည်ကို စိုးရိမ်ကြောင်း အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး မာတီမိန်နားက VOA သတင်းဌာနကို ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာတပ်မတော်၏လုပ်ရပ်များသည် အာဆီယံ၏ စံတန်ဖိုးများကို ချိုးဖောက်ရာရောက်ခြင်းကြောင့် ပြီးခဲ့သည့်နှစ် ဇူလိုင်နှင့် ဒီဇင်ဘာက အစည်းအဝေးများတွင် အမေရိကန်က မပါဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
အာဆီယံကာကွယ်ရေးဝန်ကြီးများနှင့် အမေရိကန်အပါအဝင် မိတ်ဖက်နိုင်ငံများ၏ ADMM-Plus အစည်းအဝေးကို ယခုလအနှောင်းပိုင်းတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံကို ဖိတ်ကြားထားမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် အမေရိကန်က ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းလည်းဖြစ်သည်။
ယင်းအစည်းအဝေးတွင် နစက၏ ကာကွယ်ရေးဝန်ကြီးဌာနကို ဖိတ်ကြားထားခြင်းမှာ အဆင့်မြင့်အကြီးတန်းအရာရှိအဆင့်များကို ဖိတ်ကြားခြင်းမဟုတ်ဘဲ လုပ်ငန်းအဆင့်အရာရှိများကိုသာ ဖိတ်ကြားထားခြင်းဖြစ်ကြောင်း ယခုလအစောပိုင်းတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကာကွယ်ပြောဆိုခဲ့သည်။
အမေရိကန်က ထိုင်းနိုင်ငံနှင့်အတူ ပူးတွဲဦးဆောင်ကျင်းပရန်ရှိသည့် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ရေးအစီအစဉ်ကို ပြန်လည်စဉ်းစားရေးအား လိုလားနေသူများရှိသကဲ့သို့ တစ်ဖက်တွင်လည်း လူကုန်ကူးမှု၊ ပင်လယ်ရေကြောင်းတိုက်ခိုက်မှုနှင့် ပြန်ပေးဆွဲမှုကဲ့သို့သော ကိစ္စရပ်များ၌ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ယူဆသူများရှိနေကြသော်လည်း အဆိုပါအစီအစဉ်မှ အသုံးအဆောင်နှင့် ပစ္စည်းကိရိယာများသည် မြန်မာနစက အစိုးရကို ပံ့ပိုးရာမရောက်အောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း သတိပေးမှုများလည်းရှိနေသည်ဟု ဆိုသည်။















