ထာဝရငြိမ်းချမ်းရေးအတွက် အဖြေမဟုတ်သော စစ်ပွဲ၊ တိုက်ပွဲများကို ရှောင်ရှားပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်၌ အစဉ်တစိုက်အဖြေရှာနိုင်ရေး တံခါးဖွင့်ပေးထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ဖေဖော်ဝါရီ ၇ ရက်တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံအေးချမ်းတည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲနေစေရေးအတွက် အသက်တမျှအရေးပါလျက်ရှိသလို နိုင်ငံတစ်နိုင်ငံတိုးတက်ရေးအတွက် ကြီးမားသောမောင်းနှင်အားတစ်ရပ်လည်းဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားညီအစ်ကိုများအကြား သံသယများဖယ်ရှားကာ ထာဝရငြိမ်းချမ်းရေးရရှိအောင် တည်ဆောက်သွားရမည်ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် ငြိမ်းချမ်းရေးမရရှိသေးသည့် နယ်မြေဒေသများရှိ ဒေသခံပြည်သူများသည် နိုင်ငံနှင့်ပြည်သူတို့၏ အကျိုးစီးပွားကိုထိခိုက်စေသည့် ဆူပူအကြမ်းဖက်မှုများနှင့် တိုက်ခိုက်မှုများကို စိတ်ကုန်မုန်းတီးနေကြပြီဖြစ်ကြောင်း၊ မိမိတို့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံအေးချမ်းစွာ အတူတကွနေထိုင်လိုခြင်းသည် တိုင်းရင်းသားပြည်သူအားလုံး၏ တူညီပြင်းပြသော ဆန္ဒပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ကြောင့် တိုင်းရင်းသားညီအစ်ကိုများအကြား အပြန်အလှန် နားလည်ခွင့်လွှတ်မှု၊ ယုံကြည်မှုတို့ကိုအခြေခံလျက် စည်းလုံးညီညွတ်မှုတို့ကို တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊ တိုင်းပြည်အတွင်း ငြိမ်းချမ်းရေးတစ်ရက်စောပြီးတည်ဆောက်နိုင်လျှင် ပြည်သူများအတွက် တစ်ရက်စောပြီး အကျိုးရှိမည်ဖြစ်ကြောင်း၊ ယနေ့အချိန်အခါတွင် ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် အစဉ်တစိုက် ကြိုးပမ်းမှုများကြောင့် ဆွေးနွေးပွဲများ ကျင်းပလာနိုင်သဖြင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အကျိုးကျေးဇူးများတိုးတက်ရရှိနိုင်တော့မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်ငါးရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် ၁၂ ရပ်တို့ကိုချမှတ်ကာ ဆောင်ရွက်လျက်ရှိပြီး တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံကြီးအား လွတ်လပ်မှု၊ လုံခြုံမှု၊ အေးချမ်းတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာစေရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားသည်။
နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ ထာဝရငြိမ်းချမ်းရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးတို့သည် လက်ရှိပကတိလိုအပ်ချက်များဖြစ်သဖြင့် လက်နက်ကိုင်ပဋိပက္ခများ ထာဝရချုပ်ငြိမ်းရေးအတွက် အလေးထားကြိုးစား ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်ရှေ့လုပ်ငန်းစဉ်ငါးရပ်တွင်ပါရှိသည့် ‘တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်းဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်’ ဆိုသည့်အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံတော်ဘက်မှ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထာဝရငြိမ်းချမ်းရေးကို မျှော်လင့်ချက်ကြီးစွာဖြင့် ယခုနှစ်ကုန်ထိ ငါးနှစ်တိုင် ရပ်စဲပေးထားပြီး ငြိမ်းချမ်းရေးအတွက် အဖြေမဟုတ်သောစစ်ပွဲ၊ တိုက်ပွဲများကို ရှောင်ရှားပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်၌ အစဉ်တစိုက်အဖြေရှာနိုင်ရေး တံခါးဖွင့်ပေးထားခြင်းဖြစ်ကြောင်း၊ မိမိတို့၏ ဆန္ဒ၊ မိမိဒေသ၊ မိမိအဖွဲ့အစည်းအကျိုးစီးပွားထက်ဖြစ်သင့်ဖြစ်ထိုက်သည့် ပြည်ထောင်စုနှင့်တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားဘက်ကသာရပ်တည်ပြီး စိတ်စေတနာကောင်းဖြင့် သဘောထားကြီးမှုကို ပြသကြရမည့်ငြိမ်းချမ်းရေးအတွက် အချိန်အခါကောင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။















