ဒုတိယကမ္ဘာစစ်နှင့် ယူကရိန်းပဋိပက္ခကို သမ္မတပူတင်ကနှိုင်းယှဉ်ခဲ့ပြီး နျူကလီးယားလက်နက်များ အသုံးပြုနိုင်သည်ဟု အနောက်နိုင်ငံများကို ခြိမ်းခြောက်

ဒုတိယကမ္ဘာစစ်နှင့် ယူကရိန်းပဋိပက္ခကို သမ္မတပူတင်ကနှိုင်းယှဉ်ခဲ့ပြီး နျူကလီးယားလက်နက်များ အသုံးပြုနိုင်သည်ဟု အနောက်နိုင်ငံများကို ခြိမ်းခြောက်
ဗောလ်ဂိုဂရက် ကဇာတ်ရုံ၌ သမ္မတပူတင် မိန့်ခွန်းပြောကြားနေသည်ကို ဖေဖော်ဝါရီ ၂ ရက်ကတွေ့ရစဉ် (Photo – AFP)
ဗောလ်ဂိုဂရက် ကဇာတ်ရုံ၌ သမ္မတပူတင် မိန့်ခွန်းပြောကြားနေသည်ကို ဖေဖော်ဝါရီ ၂ ရက်ကတွေ့ရစဉ် (Photo – AFP)
Published 3 February 2023
Ref : AFP 

သမ္မတဗလာဒီမာပူတင်သည် ယူကရိန်း၌ ၎င်း၏စစ်တပ်ကြားဝင်မှုအတွက် ထောက်ခံမှုရရှိစေရန် ဖေဖော်ဝါရီ ၂ ရက်တွင်ကျင်းပသော ဒုတိယကမ္ဘာစစ်အထိမ်းအမှတ်အခမ်းအနားကို အသုံးချကာ ရုရှားစစ်တပ်ကြားဝင်မှုကို နာဇီဂျာမနီကျူးကျော်မှုအား တိုက်ထုတ်ခြင်းနှင့် နှိုင်းယှဉ်ပြီး မော်စကိုသည် နျူကလီးယားလက်နက်များ အသုံးပြုနိုင်သည်ဟု အရိပ်အမြွက်ပြောကြားသည်။

ပူတင်သည် လွန်ခဲ့သောနှစ်များတွင် ၎င်း၏နိုင်ငံရေးဆိုင်ရာ အစီအစဉ်များကို မြှင့်တင်ရန် ဒုတိယကမ္ဘာစစ်ကို အသုံးချခဲ့သည်။ ယင်းသို့သောအနေအထားတွင် ရုရှားအစိုးရကလည်း မဟာမျိုးချစ်စစ်ပွဲဟု ရုရှားပြည်သူများပြောကြားသော ရုရှားအောင်ပွဲကို အရူးအမူးစွဲလမ်းစရာကိစ္စအဖြစ် ပုံဖော်ရန် ကြိုးပမ်းနေခဲ့သည်။

ကြီးကြီးမားမားပေးဆပ်မှုဖြင့် ရရှိထားသောအောင်ပွဲဖြစ်သည့် စတာလင်ဂရက် တိုက်ပွဲ၏အနှစ် ၈၀ မြောက်ဆိုဗီယက်အောင်ပွဲ ဂုဏ်ပြုအခမ်းအနားအတွက် တောင်ပိုင်းမြို့ကြီးဗောလ်ဂိုဂရက်ကို ရောက်ရှိလာသောပူတင်သည် ၎င်း၏ ယူကရိန်းကျူးကျော်မှုအတွက်ထောက်ခံမှု ပိုမိုရရှိလာစေရန် နည်းလမ်းရှာခဲ့သည်။

ရုရှားပြောသည့် ယူကရိန်းအထူးစစ်ဆင်ရေးကို၁၉၄၁-၁၉၄၅ တွင် နာဇီဂျာမနီစစ်ပွဲနှင့် ပူတင်က နှိုင်းယှဉ်ခဲ့ပြီး ရုရှားများသည် အဆုံးထိသွားရန် အဆင်သင့်ပြင်ထား သည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ စုပေါင်းထားတဲ့ အနောက်ကို ထပ်တလဲလဲ တွန်းလှန်နေကြရပါတယ်”ဟု ဗောလ်ဂါမြို့ပေါ်တွင်တည်ရှိသည့် ယခင်ကစတာလင်ဂရက်ဟုခေါ်သော ဗောလ်ဂိုဂရက်မြို့တွင် ပူတင်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့က သူတို့ရဲ့နယ်စပ်တွေဆီကို တင့်ကားတွေ မပို့သေးဘူးဆိုပေမယ့် ကျွန်တော်တို့မှာတု့ံပြန်စရာ တစ်ခုခုတော့ရှိပါတယ်။ သံချပ်ကာယာဉ်တွေ သုံးတာမျိုး မဟုတ်ပါဘူး။ ဒါကို လူတိုင်း နားလည်ထားသင့်တယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

“ရုရှားနဲ့ဖြစ်တဲ့ ခေတ်သစ်စစ်ပွဲဟာ လုံးလုံးကွဲပြား ခြားနားနေပါလိမ့်မယ်”ဟု ပူတင်က ပြောကြားသည်။

အနောက်ကိုလိုလားသောယူကရိန်းထံ လွန်ခဲ့သော ဖေဖော်ဝါရီတွင် စစ်သားများ စေလွှတ်ခဲ့ပြီးနောက်ပိုင်း ပဋိပက္ခ အရှိန်မြင့်တက်လာမည်ဆိုပါကအနောက်အုပ်စုကို နျူကလီး ယားလက်နက်များအသုံးပြုနိုင်သည် ဟု ပူတင်က ထပ်တလဲလဲ ခြိမ်းခြောက်ထား သည်။

“မယုံနိုင်စရာဖြစ်နေတယ်ဆိုပေမယ့် ဒါဟာ မှန်ကန်နေပါတယ်။ ဂျာမနီ Leopard တင့်ကားတွေ ခြိမ်းခြောက်တာကို ကျွန်တော်တို့ခံနေရပါတယ်”ဟု ပူတင်ကပြောသည်။

“အမှန်တရား အတွက်၊အမိမြေအတွက် မဖြစ်နိုင်တာကိုလုပ်ဖို့ အဆုံးထိသွားဖို့ အဆင်သင့်ရှိမှုဟာ ကျွန်တော်တို့ နိုင်ငံစုံပြည်သူတွေရဲ့စရိုက်လက္ခဏာနဲ့သွေးထဲမှာ ရှိထားတယ်၊ ရှိနေပါတယ်”ဟု ပူတင်က ပြောကြားသည်။

ဗောလ်ဗိုဂရက်မြို့၌  ၈၅ မီတာ(၂၇၉ပေ)မြင့်သည့် “အမိမြေက ခေါ်နေသည်”ဟုခေါ်သော  ဓားကိုင်ထားသည့် အမျိုးသမီးရုပ်တုကြီးရှိရာ လီနင်ဂရက်တိုက်ပွဲအထိမ်းအမှတ် တောင်ကုန်းထိပ်၌ ပန်းများချခဲ့ပြီးနောက် ရုရှားသမ္မတ ဗလာဒီမာပူတင်က အထက်ပါ အတိုင်းပြောကြားခြင်းဖြစ်သည်။

Most Read

Most Recent