တရုတ်နှင့် ရုရှား၏ခြိမ်းခြောက်မှုများကို ခိုင်မာစွာတုံ့ပြန်ရန် ဂျပန်နှင့် နေတိုး ကတိပြု

တရုတ်နှင့် ရုရှား၏ခြိမ်းခြောက်မှုများကို ခိုင်မာစွာတုံ့ပြန်ရန် ဂျပန်နှင့် နေတိုး ကတိပြု
ဇန်နဝါရီ ၃၁ ရက်က တိုကျိုမြို့တော်တွင် နေတိုးအကြီးအကဲစတိုတန်ဘာ့ချ် (ဝဲ) နှင့် ဂျပန်ဝန်ကြီးချုပ်ကီရှီဒါတို့ လက်ဆွဲနှုတ်ဆက်နေစဉ် (Photo – AFP)
ဇန်နဝါရီ ၃၁ ရက်က တိုကျိုမြို့တော်တွင် နေတိုးအကြီးအကဲစတိုတန်ဘာ့ချ် (ဝဲ) နှင့် ဂျပန်ဝန်ကြီးချုပ်ကီရှီဒါတို့ လက်ဆွဲနှုတ်ဆက်နေစဉ် (Photo – AFP)
Published 1 February 2023
Ref: AFP

တရုတ်၊ မြောက်ကိုရီးယားနှင့် ရုရှား၏ ယူကရိန်းစစ်ပွဲမှ ထွက်ပေါ်လာသည့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ဂျပန်နှင့် နေတိုးတို့အကြား စည်းလုံးမှုရှိရှိနှင့် ခိုင်မာစွာ တုံ့ပြန်ရမည်ဟု နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ယန်းစ် စတိုတန်ဘာ့ချ်က ဇန်နဝါရီ ၃၁ ရက်တွင် တိုကျို၌ ပြောကြားခဲ့သည်။

တရုတ်သည် ယူကရိန်းစစ်ပွဲ၏ အခြေအနေများကို အနီးကပ်စောင့်ကြည့်နေပြီး ၎င်း၏ အနာဂတ် ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးဖွယ်ရှိသည့် သင်ခန်းစာများကို လေ့လာနေသည်ဟု စတိုတန်ဘာ့ချ်က ပြောကြားခဲ့သည်။

စတိုတန်ဘာ့ချ်သည် ဒီမိုကရေစီမဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေးများ မြှင့်တင်ရန် ရည်ရွယ်သည့် အာရှခရီးစဉ်၏ တစ်စိတ် တစ်ပိုင်းအနေဖြင့် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနှင့် ဆွေးနွေးမှုများပြုလုပ်အပြီးတွင် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

“ဒီနေ့ ဥရောပမှာ ဖြစ်နေတာတွေက မနက်ဖန်မှာ အရှေ့အာရှမှာလည်း ဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ဟာ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအတွက် စည်းစည်းလုံးလုံးနဲ့ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်ရပါမယ်”ဟု စတိုတန်ဘာ့ချ်က ပြောကြားခဲ့သည်။

တရုတ်နှင့် ရုရှားအကြား ပူးပေါင်းဆောင်ရွက်မှုများ မြင့်တက်နေမှုကို မြင်တွေ့ရသဖြင့် စိုးရိမ်ကြောင်း စတိုတန်ဘာ့ချ်နှင့် ကီရှီဒါတို့က ပြောကြားခဲ့သည်။

“ဂျပန်ရဲ့ အနီးဝန်းကျင်မှာ တရုတ်နဲ့ ရုရှားရဲ့ ပူးတွဲစစ်ဆင်ရေးတွေ၊ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေအပါအဝင် တရုတ်နဲ့ရုရှားအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ မြင့်တက်နေတာကို စိုးရိမ်ကြောင်း ကျွန်တော်တို့ အလေးထား ပြောဆိုပါတယ်”ဟု ပူးတွဲ အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

ဇန်နဝါရီ ၃၀ ရက်က တောင်ကိုရီးယားသို့ ရောက်ရှိခဲ့ချိန်ကလည်း စတိုတန်ဘာ့ချ်က တောင်ကိုရီးယားအနေဖြင့် ပြီးခဲ့သည့် တစ်နှစ်နီးပါးက ရုရှား၏ ကျူးကျော်မှုကိုခံခဲ့ရသည့် ယူကရိန်းအား စစ်ရေးအထောက်အကူများကို တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သည်။

သို့သော်လည်း ဇန်နဝါရီ ၃၁ ရက်တွင် စတိုတန်ဘာ့ချ်က ယူကရိန်းအား ဂျပန်က ကမ်းလှမ်းခဲ့သည့် ကြီးမားသည့် အထောက်အပံ့နှင့် ခိုင်မာသည့် ရပ်တည်ချက်ကို ချီးကျူးခဲ့သည်။

ဂျပန်သည် ၎င်းင်း၏ စက်မှုထိပ်သီးခုနစ် နိုင်ငံ (ဂျီ ၇) မိတ်ဖက်များနှင့်အတူ ရုရှားအပေါ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး ယူကရိန်းအား ကာကွယ်ရေးလက်နက်များ ပေးပို့ရေးအတွက် မကြုံစဖူးခြေလှမ်းများ လုပ်ဆောင်ခဲ့ကာ စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များကိုလည်း ခိုလှုံခွင့်ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။

စတိုတန်ဘာ့ချ်က သူနှင့် ကီရှီဒါတို့သည် နျူကလီးယား လှုပ်ရှားမှုမှ တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှုများအထိ မြောက်ကိုရီးယား၏ ရန်လိုသည့် အပြုအမှုများအပေါ် စိုးရိမ်မှုကို မျှဝေခဲ့ကြသည်ဟု ဆိုသည်။

တရုတ်သည် မိမိတို့၏ ရန်ဘက်မဟုတ်သော်လည်း အာရှတွင် နျူကလီးယားလက်နက်များအပါအဝင် တရုတ်၏ စစ်အင်အား ကြီးမားလာမှုနှင့်ပတ်သက်ပြီး စတိုတန်ဘာ့ချ်က သတိပေးခဲ့ပြီး နေတိုးနှင့် ယူကရိန်းတို့နှင့် ပတ်သက်ပြီး သတင်းအမှားများကိုလည်း ဖြန့်နေသည်ဟုဆိုသည်။

ကီရှီဒါကလည်း ဆက်ဆံရေးများကို မြှင့်တင်သည့် အားထုတ်ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နေတိုးနှင့် ဆက်ဆံမှုများပြုလုပ်ရေးအတွက် လွတ်လပ်သည့် ကိုယ်စားလှယ်ရုံးကို ထူထောင်သွားမည်ဟု ပြောကြားခဲ့သည်။            

Most Read

Most Recent